မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပရဟိတဂေဟာ၊ ရိပ်သာများနှင့် အသက်  ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေး ပင်စင်ထောက်ပံ့

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပရဟိတဂေဟာ၊ ရိပ်သာများနှင့် အသက်  ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေး ပင်စင်ထောက်ပံ့

မန္တလေး မေ ၂၃

၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပရဟိတဂေဟာ၊  ရိပ်သာများနှင့် အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအတွက်  လူမှုရေးပင်စင် ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 အခမ်းအနားတွင်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ   အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ လုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေး တို့အတွက်  အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများကို တစ်ဦးလျှင် တစ်လငွေကျပ် တစ်သောင်းနှုန်းဖြင့်  သုံးလ တစ်ကြိမ် ထောက်ပံ့ပေးလျက် ရှိကြောင်း ပြောကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၃၁၂၉၉ ဦးအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေကျပ်  ၉၃၈၉၇၀၀၀၀၊  မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ပရဟိတဂေဟာနှစ်ခုနှင့် ဘိုးဘွားရိပ်သာ ၁၂ ခုအတွက်  ထောက်ပံ့ငွေကျပ် ၅၀၉၂၈၀၀၀ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၈၉၈၉၈၀၀၀ ကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဘိုးဘွားများထံ ထောက်ပံ့ငွေများ ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။