သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

သာယာဝတီ၊ ဒေသဖွံ့ဖြိုးရေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနအပါအဝင် သက်ဆိုင်ရာ ဌာနများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍မေ ၂၄ ရက်နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာ လှပစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက် များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက် ခြင်း၊ မကြာမီ မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် ကျောင်းဝင်းအတွင်း ခြင်နှင့်ယင်များ ပေါက်ပွားမှုမရှိစေရေးအတွက်  ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေအိုးများအတွင်း အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းများကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များကို မှာကြားသည်။

သန့်ဇော်(သာယာဝတီ)