မိုးဦးကာလ ရေယာဉ်များ သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်

မိုးဦးကာလ ရေယာဉ်များ သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်

နေပြည်တော်  မေ  ၂၅

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုန်ရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည်ဖြစ်ပြီး မြစ်ရေ တက်လာမှုအပေါ်မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည်ဖြစ်ကာ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြု ခုတ်မောင်းကြရန် လိုအပ်သည်။

ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ် နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလတွင် ရှိခဲ့သော သောင်နှင့် ကျွန်းများရေမြုပ်၍ ရေမြွှာပေါက်ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် ရေအနက် မလုံလောက်သော ရေမြွှာပေါက် ဖြတ်လမ်းများကို ဖြတ်သန်း ခုတ်မောင်းခြင်း မပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့် ရေစီးနှုန်းကို ချင့်ချိန်၍   သတ်မှတ်ရေလမ်း အတိုင်းသာ   သတိပြု ခုတ်မောင်းကြရန် လိုအပ်သည်။  မြစ်ကူးတံတားရေလမ်းများတွင်    ရေယာဉ်များ ဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံ အမှတ်အသား   ပြသထားပြီး  ညအခါ မီးစိမ်းထွန်းပြသထားသည်။ မဝင်ရမည့် ရေလမ်းတွင်   နေ့အခါ   အနီရောင် ကြက်ခြေခတ် အမှတ်အသားပြသထားပြီး ညအခါ မီးနီထွန်းပြသထားသည်။

ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အုတ်ခုံများသည် ရေမြုပ် နေပြီး  ရေလယ်တိုင်(၂)ခု  အကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတား ရေလမ်းကိုဖြတ်သန်းရာတွင် စက်နှင့် တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန် လိုအပ်သည်။ အထူးသဖြင့် မိမိ၏ သယ်ဆောင်ဝန်နှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရမည် ဖြစ်သည်။  မနိုင်ဝန်ကို သယ်ဆောင်ခြင်း မပြုကြရန်နှင့်  မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲ ဖြတ်သန်းကြရမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှုဖြစ်ပေါ်သည့်အခါ ရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် သတိပြုခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များ လိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။