ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရွှေမြန်မာအငြိမ့်-၃ ဝတ်စုံပြည့်လေ့ကျင့်ဇာတ်တိုက်နေမှုများကို ကြည့်ရှုအားပေး

နေပြည်တော်  မေ  ၂၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးအေးထွန်း၊    အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊    မြဝတီရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊  ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌   ဝတ်စုံပြည့်လေ့ကျင့်ဇာတ်တိုက်လျက်ရှိသော ရွှေမြန်မာ အငြိမ့်-၃ ၏ တင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေ စေရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များဖြစ်သော ဇာတ်တော်ကြီးဖျော်ဖြေတင်ဆက်ခြင်း၊ အငြိမ့်ဖျော်ဖြေ တင်ဆက်ခြင်း၊ ယိမ်းနှင့်ပဒေသာအက ဖျော်ဖြေတင်ဆက်ခြင်းများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာနနှင့် ပူးပေါင်း၍ ရိုက်ကူး တင်ဆက်လျက်ရှိသည်။  ရွှေမြန်မာအငြိမ့်-၃ အစီအစဉ်သည်  ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော်၌ ခမ်းနားစွာ ကျင်းပမည့် “(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး” အတွက် ကြိုဆိုဂုဏ်ပြု လှုံ့ဆော်ရေးအဖြစ် ရုပ်မြင်သံကြား အစီအစဉ်များမှ ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရန် လေ့ကျင့်ဇာတ်တိုက်နေခြင်းဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရွှေမြန်မာအငြိမ့်အဖွဲ့သားများအား ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းကို ပေးအပ်ချီးမြှင့်သည်။ ရွှေမြန်မာ အငြိမ့်-၃တွင် ခေါင်းဆောင်မင်းသမီး ဇာနည်အောင်၊ ရှေ့ထွက်မင်းသမီးဝေဖူးငယ်နှင့် လူရွှင်တော်များဖြစ်ကြသော ဝမ်းတူး၊ လမုန့်၊ ကုလားမ၊ ပြည်ချစ်တို့ပါဝင်ကြပြီး တေးသီချင်းများကို ဂီတဝိဇ္ဇာ အောင်ဝမ်းတူးကရေးစပ်၍ ရွာစားနိုင်လင်းဗိုလ်နှင့်အဖွဲ့က တီးခတ်ထားကြောင်း သတင်းရရှိသည်။                 

(၅၀၀)