တိုင်းရင်းသားအားလုံး စုပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုဖြစ်သည့်အတွက် မိမိတိုင်းရင်းသား၊ မိမိပြည်နယ်မှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်

တိုင်းရင်းသားအားလုံး စုပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုဖြစ်သည့်အတွက် မိမိတိုင်းရင်းသား၊ မိမိပြည်နယ်မှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်

နေပြည်တော်၊ မေ - ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကရင်အမျိုးသားအစည်းအရုံး၊ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)မှ ဥက္ကဌ စောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူး နှင့် ဗဟိုကော်မတီဝင် စောမောင်မောင် တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်း၌ တိုင်းရင်း သား လူမျိုးတစ်ခုတည်းသာ သီးသန့်နေထိုင်သည်မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံ အတူတကွပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စု အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြမည့်အခြေအနေများ၊ ငြိမ်းချမ်းရေးရရှိမှသာ လျင် နိုင်ငံတည်ဆောက်ရေး(State Building)၊ တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိတိုင်းရင်းသား၊ မိမိပြည်နယ်နှင့် မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားဆောင်ရွက်ရန် လိုသည့်အခြေအနေများ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ် ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များပေါ်ထွက်လာရန် အဓိကလိုအပ်သည့် အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများပါမကျန် ပညာရည် မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက် ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည် ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်း ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍  နှစ်ဖက်အမြင် များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား  အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင် သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။