နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ နိုင်ငံတော်ဩဝါဒါစရိယ ရွှေသုဝဏ် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အားသွားရောက်ဖူးမြော်ကြည်ညို            

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ နိုင်ငံတော်ဩဝါဒါစရိယ ရွှေသုဝဏ် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အားသွားရောက်ဖူးမြော်ကြည်ညို                                                   

နေပြည်တော်၊ မေ - ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာ ရာမရွှေသုဝဏ်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ် မြတ်ကြီးသည် ၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက်(စနေနေ့)နံနက် ၁ နာရီ ၄၀ မိနစ်တွင် ဘဝနတ် ထံပျံလွန်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ပုညနိမ္မိတာရာမ ရွှေသုဝဏ် ကျောင်းတိုက်၌ပူဇော်ထားလျက်ရှိရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကချင်ပြည်နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေတုမာလာ အမှူးပြု သည့် အန္တိမအဂ္ဂိဈာပနကျင်းပရေးဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားပြု လုပ်မည့် အခြေအနေများကို လျှောက်ထားဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ် နိုင်ရေး အလှူငွေများပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး နှင့် အဖွဲ့ဝင်များသည် ရွှေသုဝဏ်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြသည်။

အဆိုပါ ရွှေသုဝဏ်ဆရာတော်ဘုရားကြီး အလောင်းလျာကို မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အောင်ချမ်းသာ(ခံဘဲ့ကျေးရွာ)၌ ခမည်းတော် ဦးထွေး၊ မယ်တော် ဒေါ်နှင်းအေး တို့မှ မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၁ ရက်တွင် ဖွားမြင်ခဲ့ပြီး မွေးချင်း ၆ ဦးအနက် အကြီးဆုံး ဖြစ်ကြောင်း၊ အောင်ချမ်းသာ(ခံဘဲ့ကျေးရွာ) မှန်ကျောင်းဆရာတော် ဘဒ္ဒန္တ ကုဏ္ဍလ ထံတွင် ပညာသင်ယူ၍ ၁၃၁၁ ခုနှစ်တွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၁၃၁၉ ခုနှစ်တွင် မြစ်သားမြို့၊ မင်းကျောင်း တိုက် ခဏ္ဍသိမ်၌ ရေလည်ကျောင်းဆရာတော်ကို ဥပဇ္ဈယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိ ခဲ့ကြောင်း၊ ဆရာတော်သည် အစိုးရပထမပြန်စာမေးပွဲများကို နှစ်စဉ် အောင်မြင်ခဲ့ပြီး ၁၃၁၉ ခုနှစ် ဓမ္မာစရိယ စာချတန်းတွင် ကျမ်းရင်း ၃ ကျမ်းနှင့် ဂုဏ်ထူး ၃ ကျမ်းတို့ကို ရှင်သာမဏေဘဝဖြင့် အောင်မြင်၍ “သာသနာ့ဓဇ သီရိပဝရ ဓမ္မာစရိယ” ဘွဲ့ကို နိုင်ငံ တော် သမ္မတ ဦးဝင်းမောင် က ဆက်ကပ်ခဲ့ကြောင်း၊ ထို့နောက် သာသနာတော်ဆိုင်ရာ စာမေးပွဲများကို အဆင့်ဆင့် အောင်မြင်ခဲ့ပြီး ဗုဒ္ဓပွင့်တော်မူရာ အိန္ဒိယနိုင်ငံ၊ ဗီဟာ ပြည်နယ်၊ ဒရဘံဂါ တက္ကသိုလ်အောက်ရှိ နာလန္ဒာ ဘွဲ့လွန်ပညာသင်တန်းကျောင်းသို့ ၁၉၈၁ ခုနှစ်တွင် ကြွရောက် ပညာသင်ယူရာ ၁၉၈၂ ခုနှစ်တွင် “အာစရိယ” ဘွဲ့၊ ၁၉၈၆ ခုနှစ်တွင် မာဂဓတက္ကသိုလ်မှ မဟာဝိဇ္ဇာ(M.A. Buddhist Study) ဘွဲ့ကိုရရှိခဲ့ကြောင်း၊ ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျ ရှိစေရေးဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စေတီပုထိုးများ တည်ထားပူဇော်ရာတွင် စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးခြင်း၊ ကျမ်းစာများပြုတော် မူခြင်း၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခြင်း၊ ဗုဒ္ဓစာပေအဖွဲ့ ဖွဲ့စည်းတည်ထောင်၍ စာအုပ်အမျိုးမျိုးကိုဖြန့်ဝေထိန်းသိမ်းခြင်း၊ ပိဋကတ်ကို ကွန်ပျူတာ စာလုံးဖြင့်ရိုက်နှိပ်ခြင်း၊ တိုက်နယ်ဆေးရုံ ဆောက်လုပ်လှူဒါန်းခြင်းစသည့် အမျိုးဘာသာ သာသနာတော်အကျိုးများကို များစွာသယ်ပိုးတော်မူခဲ့ကြောင်း၊ သာသနာတော်ကြီး အဓွန့် ရှည်ကြာတည်တံ့ရေးအတွက် နည်းမျိုးစုံဖြင့်စဉ်ဆက်မပြတ် ဆောင်ရွက်တော်မူ၍ အမျိုး ဘာသာ သာသနာတော်အကျိုးကို သယ်ပိုးတော်မူခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ဘုရားကြီးအား ၁၉၉၇ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့၊ ၂၀၀၇ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ ၂၀၁၇ ခုနှစ်တွင် Doctor of Letters ဘွဲ့၊ ၂၀၁၉ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တို့ကို ဆက်ကပ်လှူဒါန်းခြင်းခဲ့ကြောင်း သတင်းရရှိသည်။