ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်တက်မှု

ကမ္ဘာကြီးမှာ ရာသီဥတု ပြောင်းလဲမှုက တစ်နေ့တခြား ဆိုးရွားလာတာနဲ့အမျှ တောမီးလောင်မှုတွေကလည်း များပြားလာပါတယ်။

ဒီလို  တောမီးလောင်မှုတွေကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ လူသားတွေမှာ မြင့်တက်လာတဲ့ ဖြစ်နိုင်ခြေကတော့ ကင်ဆာရောဂါဖြစ်ပွားမှုပါပဲ။ ဒီတော့ တောမီးလောင်မှုနဲ့ ထိတွေ့မှုများလေ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာလေ ဖြစ်ပါတယ်။

သုတေသနပြုလေ့လာမှုတွေအရဆိုရင် တောမီးလောင်တဲ့ ဧရိယာကနေ ကီလိုမီတာ ၂၀ မှ ၅၀ အတွင်း နေထိုင်ကြသူများဟာ အဆုတ်ကင်ဆာနဲ့ ဦးနှောက်ကင်ဆာ ပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။

တကယ်တော့   တောမီးလောင်ပြီဆိုတာနဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကို အဆိပ်သင့်အမှုန်တွေ ထုတ်လွှတ်ပါတယ်။ အဲဒီအမှုန်တွေက ပြင်ပလေထုကို ညစ်ညမ်းစေရုံသာမက ရေ၊မြေဆီလွှာနဲ့ ကုန်းမြေပတ်ဝန်းကျင်တို့ကိုပါ ညစ်ညမ်းစေပါတယ်။    တစ်ခါတလေများဆိုရင် နေအိမ်ထဲအထိ ဝင်လာပြီး ညစ်ညမ်းမှုတွေကို ဖြစ်စေတတ်ပါတယ်။

ဒါ့အပြင် ဒီလိုမျိုးတောမီးလောင်မှုကနေ ထွက်ပေါ်လာတဲ့    ညစ်ညမ်းအမှုန်များမှာ လူသားတွေကို  ကင်ဆာရောဂါ ဖြစ်စေတဲ့ အရာတွေများစွာ ပါဝင်ပါတယ်။

အဲဒီအရာတွေထဲမှာ  ပိုလီဆိုင်ကလစ် အာရိုမက်တစ်ဟိုက်ဒရိုကာဗွန်များ၊ ဘန်ဇင်း၊ ဖော်မယ်ဒီဟိုက်၊ ဖီနောနဲ့ တခြားသိပ်သည်းဆများတဲ့  ဓာတ်သတ္တုတွေလည်း အပါအဝင် ဖြစ်ပါတယ်။   ဒီကမ္ဘာကြီးဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်တဲ့ သဘာဝဘေးဆိုးတွေရဲ့ အကျိုးဆက်ကို ပိုမိုရင်ဆိုင် ခံစားလာ နေရတာနဲ့အမျှ တောမီးလောင်မှုကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေကို အနီးကပ် လေ့လာကြည့်ရအောင်။

 

တောမီးလောင်မှုများနဲ့ ကင်ဆာဖြစ်နိုင်ခြေ

တောမီးလောင်မှုနဲ့ဆက်စပ်ပြီးဖြစ်ပေါ်နိုင်တဲ့   ကျန်းမာရေးအကျိုးဆက်တွေနဲ့ ပတ်သက်လို့ ဒီကနေ့အချိန်အထိ လုပ်ဆောင်ထားကြတဲ့ သုတေသနအများစုဟာ အဆုတ်နဲ့နှလုံးတို့အပေါ် ရေတိုထိခိုက်မှုတွေကိုသာ အဓိကဦးစားပေး ထားကြတာကို တွေ့ရပါတယ်။

ဒါပေမဲ့ တောမီးလောင်မှုကြောင့် မိမိတို့ရဲ့ကျန်းမာရေးအပေါ်  ရေရှည်အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး  သိရှိထားသူ အရေအတွက်က    လွန်စွာနည်းပါးပါသေးတယ်။

ဒါကြောင့် သုတေသနပညာရှင်များဟာ လူဦးရေအပေါ် အခြေပြုတဲ့   သုတေသနတစ်ခုကို လုပ်ဆောင်ပြီး ဒီလိုသဘာဝဘေးကြောင့်ဖြစ်တဲ့ ကျန်းမာရေးအကျိုးဆက်ကို လေ့လာခဲ့ကြပါတယ်။

ဒီလေ့လာမှုမှာ ပညာရှင်များဟာ လူပေါင်း နှစ်သန်းကျော်ကို ပျမ်းမျှအားဖြင့် နှစ်ပေါင်း ၂၀ ခန့်ကြာ သုတေသနပြု လေ့လာခဲ့တာပါ။ ဒီလိုလေ့လာနိုင်ဖို့အတွက် သူတို့က ၁၉၉၆ ခုနှစ် ကနေဒါကျန်းမာရေး သန်းခေါင်စာရင်းပါ အချက်အလက်များကို အသုံးပြုခဲ့ကြပါတယ်။

သုတေသနမှာ ပါဝင်တဲ့ သူတွေအနေနဲ့ တောမီးလောင်မှုကို ထိတွေ့ပြီးနောက် အဆုတ်နဲ့ ဦးနှောက်ကင်ဆာ ရောဂါအပြင် သွေးကင်ဆာသုံးမျိုးဖြစ်ပွားမှု ရှိ၊ မရှိကို သုတေသနပညာရှင်တွေက  အထူးပြုလေ့လာခဲ့တာပါ။

တောမီးနဲ့ထိတွေ့မှုရှိ၊ မရှိကိုတိုင်းတာဖို့အတွက်ကျတော့   သုတေသနမှာ ပါဝင်သူတွေဟာ  ပြီးခဲ့တဲ့သုံးနှစ်၊ ငါးနှစ်၊ ၁၀ နှစ်အတွင်းမှာ    တောမီးလောင်မှုဖြစ်ပွားရာ နေရာကနေ ကီလိုမီတာ ၂၀ မှ ၅၀ အတွင်း နေထိုင်ခဲ့သူများဟုတ်၊ မဟုတ်ကို သုတေသီတွေက ကြည့်ပါတယ်။

ဒီလိုလေ့လာလိုက်ရာမှာ သုတေသနမှာ ပါဝင်သူအများစုဟာ အနည်းဆုံးတစ်ကြိမ်တော့  တောမီးလောင်မှုနဲ့ ထိတွေ့ဖူးကြသူချည်းပါပဲ။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တောမီးလောင်ရာနေရာကနေ ကီလိုမီတာ ၅၀ အတွင်းနေထိုင်နေသူများဟာ တောမီးလောင်မှုနဲ့ ရေရှည်မထိတွေ့ ရသူများထက် ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ  ၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်မားတာကိုလည်း တွေ့ရပါတယ်။

ဒီတော့ပျမ်းမျှအားဖြင့် တွက်ကြည့်မယ်ဆိုရင် တောမီးလောင်မှုနဲ့ လုံးဝမထိတွေ့ရသူများနဲ့ နှိုင်းယှဉ်ပါက တောမီးလောင်မှုဖြစ်ပွားလေ့ရှိတဲ့ နေရာဝန်းကျင်မှာ  နေထိုင်သူများအနေနဲ့    အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ၊ ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေ ၆ ဒသမ ၄ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ တောမီးလောင်မှုနဲ့ သွေးကင်ဆာဆက်စပ်မှုကိုတော့ သုတေသနပညာရှင်များက မတွေ့ရှိခဲ့ပါဘူး။

 

ဘယ်လိုကာကွယ်မလဲ

တောမီးလောင်မှုကြောင့် လူသားတွေမှာ ကင်ဆာရောဂါမဖြစ်ချင်ဘူးဆိုရင် အကောင်းဆုံးကာကွယ်နိုင်တဲ့   နည်းလမ်းကတော့ တောမီးမလောင်အောင် ဂရုစိုက်ရမှာပါ။ ဒါပေမဲ့ တောမီးလောင်ခြင်းဆိုတာ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတဲ့အတွက် ရာသီဥတုပြောင်းလဲမှုကို   ထိန်းချုပ်နိုင်ဖို့ အဓိကထားပြီး လုပ်ရမှာ ဖြစ်ပါတယ်။

သို့သော်လည်း ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ဖို့ဆိုတာ   တစ်ဦးတစ်ယောက်တည်းအားနဲ့ မဖြစ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့က အရေးကြီးလာပါတယ်။

ဒါကြောင့်    တောမီးလောင်မှုကနေဆက်စပ်ပြီး ကိုယ့်ဆီမှာ ကင်ဆာရောဂါဖြစ်လာနိုင်ခြေကို လျှော့ချနိုင်မယ့် နည်းလမ်း တချို့ကို ဝေမျှပေးချင်ပါတယ်။

အဆုတ်ကင်ဆာနဲ့ ဦးနှောက်ကင်ဆာဆိုတာ တောမီးလောင်ရာမှ ထွက်ပေါ်လာတဲ့ အဆိပ်သင့်အမှုန်တွေကြောင့် ဖြစ်တဲ့အတွက် အဲဒီအမှုန်တွေကို မရှူရှိုက်မိစေဖို့ နှာခေါင်းစည်းတပ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ တောမီးလောင်မှုနဲ့   တခြားသော အကြောင်းများကြောင့်  ထွက်ပေါ်လာတဲ့ မီးခိုးများမှာ အရွယ်အစားအားဖြင့် ၂ ဒသမ ၅ မိုက်ခရိုမီတာသာရှိတဲ့ အဆိပ်သင့်အမှုန်တွေများစွာ ပါဝင်ပါတယ်။

ဒီအမှုန်တွေ   ခန္ဓာကိုယ်အတွင်းမဝင်ရောက်စေဖို့ဆိုရင် စံပြု N95 နှာခေါင်းစည်းက အကောင်းဆုံးဖြစ်တယ်လို့ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်ဆေးကျောင်းမှ ဇီဝကမ္မဗေဒနဲ့ ကလာပ်စည်း ဇီဝဗေဒဆိုင်ရာ ပါမောက္ခလိုရန်ဝေါ့က ပြောပါတယ်။

ဒါ့အပြင် နေအိမ်အတွင်းလေထုသန့်စင်စေဖို့ဆိုရင်   စွမ်းဆောင်ရည်မြင့်လေ စစ်များကို အသုံးပြုခြင်းကလည်း ထိရောက်မှု ရှိစေပါတယ်လို့ သူက ဆက်ပြောပါတယ်။

ရှေ့လာမယ့် ကာလတစ်လျှောက်မှာ ရာသီဥတုပြောင်းလဲမှုက ဒီထက်ပိုဆိုးလာနိုင်ခြေသာ ရှိနေတဲ့အတွက် တောမီးလောင်မှုများသည်လည်း   ကမ္ဘာတစ်ဝန်းမှာအဖြစ် များလာဦးမှာပါ။

ဒီလိုအဖြစ်များလာတဲ့ တောမီးလောင်မှုကြောင့် လူသားတွေဟာလည်း ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုခံစားလာရပါလိမ့်မယ်။

ဒီအချိန်မှာတော့   ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးသော ကုသနည်းဖြစ်တဲ့အတွက် တောမီးလောင်မှုနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အခြေအနေကို သိထားမှသာ အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်တာကြောင့် ဒီနေရာကနေ အသိပညာ ဝေမျှပေးလိုက်ရပါတယ်။ 

Ref:Health

ထက်မြက်