ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးမှ ကင်းဝေးရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၆ ရက်)

တပ်မတော်သည်  ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို  ကာကွယ်စောင့်ရှောက်နေသည်။

ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားလျက်ရှိသည်။ ပြည်သူလူထု၏ဘာသာအယူဝါဒ၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကိုလည်း လေးစားလျက်ရှိသည်။ ဤအချက်အလက်များမှာ စစ်သည်တော်တိုင်းလိုက်နာ ကျင့်ကြံ ကြရသည့် ပြည်သူလူထုအပေါ်ပြုကျင့်ရမည့်ကျင့်ဝတ်များမှ အချက်တချို့ဖြစ်သည်။ စာထဲတွင် သတ်မှတ်ထား သကဲ့သို့ ပြင်ပတွင်လည်း လက်တွေ့ လုပ်ဆောင်လျက်ရှိလေသည်။

တပ်မတော်၏နေ့စဉ်နေ့တိုင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဖော်ပြရလျှင် ကုန်ဆုံးနိုင်ဖွယ်မရှိပါ။ ယနေ့ အချိန်အခါ ကာလသည် နိုင်ငံတစ်ဝန်းလုံး COVID-19 ရောဂါအခြေအနေကြောင့် အနေဆင်းရဲ၊ အစားဆင်းရဲ၊ အသွား အလာ ဆင်းရဲခြင်းများနှင့် ကြုံတွေ့နေကြရသည်။  ထိုအထဲတွင်  သာသနာ့ ဝန်ဆောင်ဆရာတော်၊ သံဃာ တော်များနှင့် သာသနာနွယ်ဝင် သီလရှင်များသည်လည်း အခက်အခဲနှင့် ကြုံကြရသည်။ လူစုလူဝေး ကန့်သတ် ချက်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ ကန့်သတ်ချက်များကြောင့်လည်း သီတင်းသီလ ဥပုသ်စောင့် ခြင်းများကို မပြုဘဲ နေကြရသည်။

တပ်မတော်သည် ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းခြင်းနှင့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခြင်းများကို နေ့စဉ် ပြုလုပ်လျက်ရှိသည်။ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း များ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက်  ၂ဝ၂ဝ ပြည့်နှစ်  ဧပြီလဆန်းမှစတင်၍ တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများကလှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် စားသောက် ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ် လှူဒါန်းလျက်ရှိသည်။

အောက်တိုဘာ ၃ ရက်တွင် မြို့နယ်စုစုပေါင်း ၂၄ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ နွယ်ဝင်သီလရှင်ကျောင်း ၂၆ ကျောင်းသို့ ဆက်ကပ်လှူဒါန်းမှု ပြုနိုင်ခဲ့သည်။ ထိုသို့လှူဒါန်းမှုများနှင့် ပတ်သက်၍ နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် စာချနာယက ဆရာတော် ဘဒ္ဒန္တ ကိတ္တိသာရနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သိုက်ကြီးကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကောဝိဒတို့၏ မုဒိတာစကားများသည် တပ်မတော်နှင့်ပြည်သူတို့အတွက် ခွန်အားဖြစ်စေသည်။

ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် စာချနာယကဆရာတော် ဘဒ္ဒန္တကိတ္တိသာရက '' COVID-19 ရောဂါကြုံကြိုက်နေတဲ့ အချိန်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သာသနာ့ တာဝန်များကို ထမ်းဆောင် တော်မူကြတဲ့ ဆရာတော်၊ သံဃာတော်များနဲ့ သီလရှင် ဆရာကြီး၊ ဆရာလေးများ အားလုံး မြတ်စွာ ဘုရားရဲ့ သာသနာ့ တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ မြန်မာနိုင်ငံ နေရာဒေသ အသီးသီးမှာရှိတဲ့ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် စာသင်တိုက်များ၊ သာသနာပြုတာဝန်များ ဆောင်ရွက်နေကြတဲ့ နေရာဒေသ အသီးသီးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ အားလုံးက ဆွမ်းကိစ္စ မပင်ပန်း ရလေအောင် ဆွမ်းဆန်တော်၊ ဆေးများ၊ ဆွမ်း၊ ကွမ်းအတွက် လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်း လှူဒါန်း နေသည်များကို တွေ့ရတဲ့အခါမှာ အလွန်အင်မတန် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ဆွမ်းဆန်တော် များကို လှူဒါန်းသည့် ကုသိုလ်တော်တွေ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ ကုသိုလ်တော် တွေကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ အားလုံး ဘေးဆိုး၊ ရန်ဆိုး၊ အန္တရာယ်ဆိုး များကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ သာသနာ့တာဝန်များ၊ နိုင်ငံ့တာဝန်များကို စွမ်းစွမ်း တမံ  ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်''ဟူ၍ မိန့်ကြားခဲ့သည်။

ပုသိမ်မြို့ သိုက်ကြီးကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒကလည်း ''တပ်မတော်က အခုလိုလှူဒါန်း ခြင်းသည် သာသနာတော်အတွက်လည်း အကျိုးကျေးဇူးရသလို လူပုဂ္ဂိုလ်အတွက်လည်း ကျေးဇူးများကြောင်း'' မိန့်ကြားခဲ့သည်။ တပ်မတော်အနေဖြင့် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုးစီးပွားများပြားစေရန် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ ထမင်း၊ ဟင်းများနှင့် စားသောက်ကုန် ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့် ရမည့်သူများအား စဉ်ဆက်မပြတ် လက်ခံနေခြင်း၊ ရောဂါပိုးတွေ့လူနာများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသ ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ဤကောင်းမှု အစုစုကြောင့် တပ်မတော်သားများ၊ မိသားစု ဝင်များအားလုံး ဘေးဆိုး၊ ရန်ဆိုး၊ အန္တရာယ်ဆိုးမှ ကင်းဝေးပါစေဟူသော ဆရာတော်များ၏ ဆုပေး စကားအတိုင်း ပြည့်ပြည့်ဝဝ ရကြပါစေသတည်း။     ။