ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလေ့လာခြင်း

ကိုလံဘီယာနိုင်ငံဆိုတာ တောင်အမေရိကတိုက်မှာရှိတဲ့နိုင်ငံတစ်နိုင်ငံပါ။ သူသည်လည်း စပိန်တို့ရဲ့နယ်ချဲ့ခြင်းကို ခံရပါတယ်။

ဒါပေမဲ့ ၁၈၁၀ ပြည့်နှစ် ဇူလိုင် ၂၀ ရက်မှာ လူထုဆူပူအုံကြွမှု ဖြစ်တာကို အကြောင်းပြပြီး အဲဒီရက်ကို လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်လိုက်ပါတယ်။ တကယ်တမ်း စပိန်နယ်ချဲ့လက်အောက်ကလွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့တာက ၁၈၁၉ ခုနှစ်ပါ။

၁၈၈၆ ခုနှစ်မှာ ကိုလံဘီယာသမ္မတနိုင်ငံအဖြစ်သို့ တရားဝင်ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိနယ်နိမိတ်ကတော့ ၁၉၀၆ ခုနှစ်မှာ ပနားမားနိုင်ငံက ခွဲထွက်ပြီးနောက် ဖြစ်ပေါ်လာတဲ့ နယ်နိမိတ်ပါ။

အဲဒီနောက် ၁၉၆၀ ပြည့်နှစ်ကနေစလို့ နိုင်ငံအတွင်းမှာ မပြင်းထန်တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုများမှသည် နိုင်ငံရေး မတည်ငြိမ်မှုများအထိ ဖြစ်ပွားလာကာ ၁၉၉၀ ပြည့်နှစ်အရောက်မှာတော့ ပိုလို့သာပြင်းထန် လာပါတော့တယ်။

အဲဒီကာလအတွင်းဖြစ်တဲ့ ၁၉၆၄ ခုနှစ်မှာ ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC) ဆိုတာ ပေါ်ပေါက်လာပြီး နိုင်ငံအတွင်း အကြီးဆုံးသော လက်ဝဲစွန်းရောက်ပြောက်ကျားတပ်ဖွဲ့ ဖြစ်လာပါတယ်။ ဒါကြောင့် ကိုလံဘီယာ ပြည်တွင်းစစ်ဟာ ၁၉၆၄ ခုနှစ်ကတည်းက စတင်ဖြစ်ပွားလာတယ်လို့ ဆိုရပါလိမ့်မယ်။

FARC သည် တစ်နည်းအားဖြင့်ဆိုရလျှင် သူပုန်တပ်ဖွဲ့ဖြစ်တဲ့အတွက် သူပုန်တို့ရဲ့ ငွေရပေါက်ရလမ်းဖြစ်တဲ့ ပြန်ပေးဆွဲပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း၊ တရားမဝင် သတ္တုတူးဖော်ခြင်း၊ စီးပွားရေး လုပ်ငန်းများအပေါ် အကြောင်းအမျိုးမျိုးပြ အခွန်ကောက်ခံခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးခြင်းတို့ကို အဓိက လုပ်ဆောင်ခြင်းအားဖြင့် ဝင်ငွေရရှိပါတယ်။

၁၉၇၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ကိုလံဘီယာနိုင်ငံအတွင်း ပြန်ပေးဆွဲမှုပေါင်း ၂၇၀၂၃ မှုရှိပါတယ်။ အဲဒီထဲကမှ ၉၀ ဒသမ ၆ ရာခိုင်နှုန်းကို FARC  သူပုန်အဖွဲ့က လုပ်ဆောင်တာ ဖြစ်တယ်လို့ ကိုလံဘီယာ မော်ကွန်းတိုက်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီလိုမျိုးနည်းနဲ့ အင်အားကြီးထွားလာတဲ့ FARC သူပုန်အဖွဲ့ကို ကိုလံဘီယာအစိုးရ တပ်ဖွဲ့က ချေမှုန်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း   အရပ်သားများကဲ့သို့ ဟန်ဆောင်ကာ   ပြောက်ကျားနည်းလမ်း အသုံးပြု တိုက်ခိုက်တဲ့ သူပုန်တွေကို အကြောင်းအမျိုးမျိုးကြောင့် အမြစ်မဖြတ်နိုင်ခဲ့ပါဘူး။

ဒီကြားထဲမှာ FARC သူပုန်တွေအပြင် တခြားအင်အားနည်းသူပုန်တွေကိုလည်း ကိုလံဘီယာအစိုးရတပ်ဖွဲ့က ချေမှုန်းမှုတွေ လုပ်ရပါသေးတယ်။

၁၉၉၀ ပြည့်နှစ်နဲ့ ၁၉၉၁ ခုနှစ်အတွင်းမှာတော့ သူပုန်တပ်ဖွဲ့ငယ်တွေနဲ့ ကိုလံဘီယာအစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှု တွေရှိခဲ့တာကို တွေ့ရပါတယ်။

ပထမဆုံးတပ်ဖွဲ့ဖျက်သိမ်းလက်နက်ချပြီး နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းသွားတဲ့ သူပုန်တပ်ဖွဲ့ကတော့ M-19 အဖွဲ့ပါ။ အဲဒီအဖွဲ့ဟာ သူတို့အဖွဲ့ကို ဖျက်သိမ်းပြီး လက်နက်ချတဲ့အတွက် သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးကို လွတ်ငြိမ်းချမ်းသာ ခွင့်ရလိုက်ပါတယ်။ အလားတူ တပ်ဖွဲ့ဖျက်သိမ်းလက်နက်ချတဲ့ အဖွဲ့တွေက EPL နဲ့ MAQL တပ်ဖွဲ့တို့ဖြစ်ပါတယ်။

ဒါပေမဲ့ အင်အားကြီးသူပုန်တပ်ဖွဲ့ဖြစ်တဲ့ FARC နဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်မချုပ် ဆိုနိုင်သေးတဲ့အတွက် ကိုလံဘီယာပြည်တွင်းစစ်ဟာ အဓွန့်ရှည် ကြာခဲ့ရပါတယ်။

ကိုလံဘီယာအစိုးရအနေနဲ့ကလည်း သူ့ရဲ့နိုင်ငံအတွင်းစစ်မှန်ပြီး ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ အတွက်ရည်ရွယ်ကာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါသေးတယ်။ အဲဒီအချိန်အခါတုန်းက သမ္မတ အန်းဒရက်ပက်စထရာနာလက်ထက်ပါ။

သမ္မတအနေနဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ကိုသာရည်သန်ပြီး FARC အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အဆင်ပြေ ချောမွေ့စေဖို့ အဲဒီသူပုန်အဖွဲ့အတွက်စစ်မဲ့ဇုန်ကိုတောင်မှ ဖန်တီးပေးလိုက်ပါသေးတယ်။

ဒီလိုနဲ့ ကိုလံဘီယာအစိုးရနဲ့ FARC သူပုန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးတာ ၃ နှစ်ကြာသွားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ထိတိုင် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့သဘောတူညီချက်တစ်ခု တလေကို မျှမရရှိခဲ့ပါဘူး။

ဒီအတွက်သမ္မတက FARC အတွက်သတ်မှတ်ပေးထားတဲ့ စစ်မဲ့ဇုန်ကိုပြန်တိုက်ယူဖို့  ၂၀၀၂  ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ ကိုလံဘီယာတပ်မတော်ကို အမိန့်ပေးခဲ့ပါတယ်။

တကယ်တမ်းကျတော့  FARC သူပုန်အဖွဲ့က ငြိမ်းချမ်းရေးမှာ ရိုးသားမှုမရှိဘဲ သူတို့အတွက် သတ်မှတ်ပေးထားတဲ့ စစ်မဲ့ဇုန်ကို  ဓားစာခံဖမ်းဆီးရာနေရာ၊ သူ့တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးရာနေရာ၊ စစ်ရေးအစီအစဉ်တွေ ရေးဆွဲရာနေရာအဖြစ် အသုံးပြုနေခဲ့တာပါ။

နောက်တစ်ဆက် သမ္မတဖြစ်တဲ့ အယ်ဗာရိုရီဘေး လက်ထက်မှာတော့ FARC သူပုန်အဖွဲ့ကို ပြတ်ပြတ်သားသား နှိပ်ကွပ်မှုတွေ မြင်တွေ့ခဲ့ရပါတယ်။

သမ္မတဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ကြား သောင်းကျန်းသူအဖွဲ့တွေ အနေနဲ့ တပ်ဖွဲ့ဖျက်သိမ်းရေးအတွက် ဥပဒေကြောင်းအရ မူဘောင်တွေ ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း FARC အဖွဲ့က သမ္မတရဲ့မူဝါဒတွေကို လိုက်နာခြင်း မရှိတာကြောင့် စစ်ဆင်ရေးကြီးတွေ သတ်မှတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

၂၀၀၆ ခုနှစ်ရွေးကောက်ပွဲမှာလည်း အယ်ဗာရိုရီဘေးပဲ အနိုင်ရပြန်တာကြောင့် ဒီတစ်ကြိမ်မှာတော့ ကိုလံဘီယာ တပ်မတော်က FARC သူပုန်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုသာ ပစ်မှတ်ထားပြီး စစ်ဆင်ရေးပုံစံ တစ်မျိုးပြောင်းလဲ ဆင်နွှဲလာပါတယ်။

စစ်ဆင်ရေးဖြစ်တဲ့အတွက်   တစ်ဖက်နဲ့တစ်ဖက်သေကျေမှုတွေ၊ ဆုံးရှုံးမှုတွေ၊ ဖမ်းဆီးခံရမှုတွေ အများအပြား ရှိခဲ့ပါတယ်။ တစ်နည်းပြောရရင် အယ်ဗာရိုရီဘေးဆိုတာ သူပုန်တပ်ဖွဲ့တွေနဲ့ ပတ်သက်လာရင် သဘောထား တင်းမာလွန်းသူဖြစ်နေတယ်လို့ ဆိုရမှာပါ။

သူ့ရဲ့လက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တရားဝင်လုပ်ဆောင်မှု   စိုးစဉ်းမျှမရှိသော်လည်း တိတ်တဆိတ် တွေ့ဆုံဆွေးနွေးမှု တချို့ရှိခဲ့တယ်လို့ သိရပါတယ်။

သမ္မတအယ်ဘာရိုရီဘေးလက်ထက်မှာ သူပုန်တပ်ဖွဲ့တွေအပေါ် စစ်ရေးအရ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ခြင်း မရှိပေမယ့် ၂၀၀၂ ခုနှစ်မှာ လက်နက်ကိုင်အင်အား ၂၀၇၀၀ ခန့်ရှိတဲ့ FARC သူပုန်တပ်ဖွဲ့ အင်အားက ၂၀၁၀ ပြည့်နှစ်မှာ အင်အား ၈၀၀၀ ခန့်သာ ရှိတော့တာကို တွေ့ရပါတယ်။

၂၀၁၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဟွမ်မန်နျူယယ်ဆန် တို့ဟာ အယ်ဗာရိုရီဘေးရဲ့ ပံ့ပိုးမှုနဲ့အတူ ရွေးကောက်ပွဲမှာအနိုင်ရပြီး သမ္မတ ဖြစ်လာပါတယ်။

ဒီအတွက် ဟွမ်မန်နျူယယ်ဆန်တို့ဟာ အယ်ဗာရိုရီဘေးချမှတ်ထားတဲ့ ဒီမိုကရေစီ နည်းကျလုံခြုံရေး မူဝါဒများကို ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့ ကတိပြုခဲ့ရပါတယ်။

၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှာတော့ စစ်ဆင်ရေးတစ်ခုအတွင်း FARC သူပုန်အဖွဲ့မှ စစ်ရေးခေါင်းဆောင် မိုနိုဂျိုဂျွိုင်း သေဆုံးမှုအတွက် အောင်ပွဲခံကာ အဲဒီသေဆုံးမှုဟာ သူပုန်အဖွဲ့အတွက် အရှိုက်အထိ ဆုံးထိုးနှက်ချက် ဖြစ်တယ်လို့တောင် ဟစ်ကြွေးခဲ့ပါသေးတယ်။

ဒါပေမဲ့ ဟွမ်မန်နျူယယ်ဆန်တို့ဟာ အယ်ဗာရိုရီဘေးနဲ့ခွာပြဲတဲ့အနေအထားကို တဖြည်းဖြည်းနဲ့ရောက်လာခဲ့ပြီး သူ့ရဲ့သမ္မတအဖြစ် ကျမ်းကျိန်မိန့်ခွန်းမှာတော့ သူ့ရဲ့အစိုးရအဖွဲ့ အနေနဲ့ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် စေ့စပ်ညှိနှိုင်းရေး တံခါးကို ဖွင့်ထားတယ်လို့ အတိအလင်း ကြေညာခဲ့ပါတော့တယ်။ သို့သော်လည်း အခြေအနေသတ်မှတ်ချက်တချို့တော့ သတ်မှတ်ထားရှိပါတယ်။

တစ်ဖက်မှာလည်း သမ္မတဟွမ်မန်နျူယယ်ဆန်တို့ဟာ ဗင်နီဇွဲလား၊ အီကွေဒေါနိုင်ငံတို့နဲ့ သံတမန်ဆက်ဆံရေး တိုးတက်အောင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနိုင်ငံတွေနဲ့သံတမန်ဆက်ဆံရေးဟာ အယ်ဗာရိုရီဘေးရဲ့ ဒုတိယသက်တမ်းမှာ မှေးမှိန်ခဲ့တာပါ။

ဒီလိုမျိုး အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေး ကောင်းလာတဲ့အတွက် ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်ဟာလည်း ၤဗျွဃ သူပုန်တွေအပေါ် သဘောထားပြောင်းလဲလာပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် လမ်းကြောင်းပေးပါ တော့တယ်။

ဟွမ်မန်နျူယယ်ဆန်တို့ရဲ့ ဆောင်ရွက်မှုတွေကြောင့် FARC သူပုန်တွေအပေါ် ပြည်ပမှအထောက်အပံ့ပေးမှုဟာ အဲဒီကာလအတွင်းအနိမ့်ဆုံးအဆင့်ကို ရောက်ရှိလာပြီး နိုင်ငံတကာမျက်နှာစာမှာ သံတမန်ရေးအရ အထီးကျန်မှုလည်း  အမြင့်ဆုံးဖြစ်လာတာကို တွေ့ရပါတယ်။

သမ္မတဟွမ်မန်နျူယယ်ဆန်တို့လက်ထက် ၂၀၁၁ ခုနှစ် နွေဦးရာသီမှာ ကိုလံဘီယာအစိုးရအဖွဲ့နဲ့ FARC တို့ကြား ပဏာမဆွေးနွေးပွဲတွေကို စတင်ခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ထက်မြက်

Ref:Wild