ရုရှားက ဇာကွန်ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပင်လယ်ပြင်မှ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်

ရုရှားက ဇာကွန်ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပင်လယ်ပြင်မှ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်

ရုရှားစစ်ဘက်အနေဖြင့် ဇာကွန်အမည်ရှိ အသံထက်အလွန်မြန် ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပင်လယ်ပြင်မှနေ၍ အောင်မြင်စွာ စမ်းသပ်ပစ်ခတ် လိုက်နိုင်ကြောင်း ရုရုားကာကွယ်ရေး ဝန်ကြီးဌာနက မေ ၂၈ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါဒုံးကျည်ကို ဘားရန့်ပင်လယ်မှ နေ၍ ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး ကီလိုမီတာ ၁၀၀၀ ကွာဝေးသော ပင်လယ်ဖြူအတွင်းရှိ ပစ်မှတ်ကို ထိမှန်သွားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဒုံးကျည်ပစ်လွှတ်မှု ဗီဒီယိုနှင့် အတူထုတ်ပြန်ထားသည်။

ဇာကွန်ဒုံးကျည်သည် ပြိုင်ဘက်ကင်း လက်နက်စနစ်များအနက် မျိုးဆက်သစ် လက်နက်တစ်မျိုးဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတ်မှတ်ထားသည်။

ထိုကဲ့သို့ ဟိုက်ပါဆောနစ် ဒုံးကျည်များသည် အသံထက် ကိုးဆမြန်သည့်နှုန်းဖြင့် ပျံသန်းနိုင်သည့်အပြင် ပျံသန်းနေစဉ်ကာလတစ်လျှောက် လမ်းကြောင်း ပြောင်းလဲနိုင်သောကြောင့် လက်ရှိလေကြောင်းရန် ကာကွယ်ရေးစနစ်များ အနေဖြင့် နောက်ယောင်ခံလိုက်ကာ ကြားဖြတ်ပစ်ချနိုင်ခြင်း မရှိသည့် လက်နက်များဖြစ်သည်။

ရုရှားနိုင်ငံအနေဖြင့် အဆိုပါဇာကွန်ဒုံးကျည်များကို ပြီးခဲ့သည့်နှစ်တွင် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများမှနေ၍ စမ်းသပ်ပစ်ခတ်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။