အစ္စရေးက Spike တင့်ဖျက်ဒုံးကျည်များကို ယူကရိန်းသို့ ရောင်းချခွင့်မပြု

အစ္စရေးက Spike တင့်ဖျက်ဒုံးကျည်များကို ယူကရိန်းသို့ ရောင်းချခွင့်မပြု

အစ္စရေးက  ၎င်းတို့၏မူပိုင်ဖြစ်သည့် Spike တင့်ဖျက်ဒုံးကျည်များကို ယူကရိန်းသို့ ရောင်းချခွင့်မပြုကြောင်း သိရသည်။ ဂျာမနီက ထိုဒုံးကျည်များကို ယူကရိန်းသို့ ရောင်းချနိုင်ရေးအတွက် ကမ်းလှမ်းလာမှုအပေါ် အစ္စရေးက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

Spike  တင့်ဖျက်ဒုံးကျည်များကို ဂျာမနီက အစ္စရေး၏ ခွင့်ပြုချက်ဖြင့် နိုင်ငံအတွင်း ထုတ်လုပ်နေခြင်းဖြစ်သော်လည်း ပြည်ပတင်ပို့မှုအတွက်မူ အစ္စရေးနိုင်ငံမှ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်သည်။

အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၏ အမေရိကန်နိုင်ငံ ခရီးစဉ်တွင်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ ခွင့်ပြုရန်    ပင်တဂွန်၏ တောင်းဆိုမှုက ငြင်းပယ်ခံလိုက်ရသည်။

အဓိကအားဖြင့် အစ္စရေးနိုင်ငံလုပ် လက်နက်များကြောင့်  ရုရှားစစ်သည်များ အသက်ဆုံးရှုံးမည်ကို အစ္စရေးဘက်က စိုးရိမ်ပူပန်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာပါက ဆီးရီးယားရှိ အစ္စရေး၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေနိုင်ကြောင်း အမည်မဖော်လိုသူ အစ္စရေးအရာရှိကြီး တစ်ဦးကပြောသည်။

Spike တင့်ဖျက်ဒုံးကျည်ကို အစ္စရေးနိုင်ငံရှိ ရာဖေးအဆင့်မြင့် ကာကွယ်ရေးစက်မှု လုပ်ငန်းက ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် အလွန်ကာလများတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထိုဒုံးကျည်ကို တင့်ဖျက်ထိပ်ဖူးဖြစ်စေ၊ ပေါက်ကွဲအားပြင်း ထိပ်ဖူးဖြစ်စေ တပ်ဆင်ပစ်ခတ်နိုင်မည်ဖြစ်သည်။ ယင်းဒုံးကျည်ကို အမေရိကန်နှင့် NATO  တပ်ဖွဲ့ဝင်နိုင်ငံအချို့က တိုက်ခိုက်ရေး ရဟတ်ယာဉ်များတွင် တပ်ဆင်အသုံးပြုလျက် ရှိကြောင်း သိရသည်။