ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာခြင်း (၂)

ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာခြင်း (၂)

ယမန်နေ့မှအဆက်

ပထမဆုံး ဆွေးနွေးပွဲကိုတော့ ကိုလံဘီယာ-ဗင်နီဇွဲလားနယ်စပ်မှာ လုပ်ဆောင်ခဲ့တာပါ။ နောက်ထပ်ဆွေးနွေးပွဲနှစ်ကြိမ်ကိုလည်း အဲဒီမှာပဲ လုပ်ဆောင်ခဲ့ပြီး ရှေ့လာမယ့် ဆွေးနွေးပွဲတွေကိုတော့ ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှာ လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ကိုလံဘီယာ တပ်မတော်က လုပ်တဲ့စစ်ဆင်ရေးတစ်ခုမှာ FARC  သူပုန်အဖွဲ့ခေါင်းဆောင် အယ်ဖွန်ဆိုကာနို သေဆုံးသွားပါတယ်။ ဒါပေမဲ့လည်း  နှစ်ဖက်အဖွဲ့ကြား လျှို့ဝှက်ပဏာမ ဆွေးနွေးပွဲများကိုတော့   ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

အကြောင်းရင်းက ဆွေးနွေးဖက် နှစ်ဖွဲ့စလုံးအနေနဲ့ ဆွေးနွေးပွဲအပြင်ဘက်မှာ ဘယ်လိုအရာတွေပဲဖြစ်ဖြစ် ဆွေးနွေးပွဲအပေါ် လွှမ်းမိုးမှုမရှိစေရ ဆိုတဲ့မူကို သဘောတူ ထားတာကြောင့်ဖြစ်တယ်လို့  Semana မဂ္ဂဇင်းက ဖော်ပြထားတာကို တွေ့ရပါတယ်။

အလားတူပဲ ဒီလိုတွေ့ဆုံဆွေးနွေးမှုဟာ အယ်ဖွန်ဆိုကာနိုရဲ့ ဆန္ဒဖြစ်တဲ့အတွက် ပဏာမဆွေးနွေးပွဲတွေကို ဆက်လုပ်ဖို့ ဗဟိုဌာနချုပ်က ဆုံးဖြတ်ထားပါတယ်လို့ FARCအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီလိုနဲ့ဆွေးနွေးလာကြရင်း နှစ်ဖက်အဖွဲ့က ပြည်ပမှ အာမခံပေးမယ့် နိုင်ငံများကို  ရွေးချယ်သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလိုရွေးချယ်ရာမှာ ကျူးဘားနိုင်ငံက မဖြစ်မနေ တစ်နိုင်ငံအဖြစ် ပါဝင်ပြီး နော်ဝေနိုင်ငံကိုတော့ နိုင်ငံတကာ ပဋိပက္ခတွေမှာ ကြားဝင်ဖြန်ဖြေပေးသူ အဖြစ် တက်ကြွစွာ ပါဝင်လှုပ်ရှားတဲ့အတွက် အာမခံပေးမယ့် နိုင်ငံအဖြစ် ရွေးချယ်ကြပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူလိုက်ပါ ဆောင်ရွက်ပေးမယ့် နိုင်ငံတွေကိုလည်း ရွေးချယ်ကြပါတယ်။ ဒီနေရာမှာ  ကိုလံဘီယာ အစိုးရက ချီလီနိုင်ငံကို ရွေးချယ်ပြီး FARC ဘက်ကတော့ ဗင်နီဇွဲလား နိုင်ငံကိုရွေးချယ်ပါတယ်။

၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလမှာ FARC သူပုန်အဖွဲ့က သူတို့အနေနဲ့ ပြန်ပေးဆွဲမှုတွေကို   တားမြစ်ပိတ်ပင်သွားတော့မယ်လို့   တရားဝင်ကြေညာချက် ထုတ်ပြန်ပြီး ငြိမ်းချမ်းရေးအတွက် အမှတ်သင်္ကေတကို ဖော်ပြလိုက်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လအရောက်မှာတော့  ပဏာမဆွေးနွေးပွဲ ၁၀ ကြိမ်လောက် လုပ်ဆောင်ပြီးပါပြီ။ ဆွေးနွေးပွဲ တစ်ကြိမ်ကို လေးရက်ကနေ ရှစ်ရက်အထိ ကြာတယ်ဆိုတော့ နှစ်ဖက်အဖွဲ့တွေကြား  တွေ့ဆုံမှုပေါင်းက ပျမ်းမျှအားဖြင့် ၆၅ ခေါက်လောက်ရှိပါတယ်။ ဒါတွေအားလုံးဟာ တရားမဝင် တွေ့ဆုံမှုတွေဖြစ်ပြီး ပြည်သူလူထုကို ချပြရှင်းလင်းတာမျိုး မရှိခဲ့ပါဘူး။

စက်တင်ဘာ ၄ ရက်မှာတော့ သမ္မတဟွမ်မန်နျူယယ်ဆန်တို့က ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောရာမှာ   ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် စည်းမျဉ်းစည်းကမ်းတွေနဲ့ အစီအစဉ်ကို သတ်မှတ်ဖို့ အထွေထွေ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်တယ်လို့   တရားဝင် ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ဒါ့အပြင်  နိုင်ငံရဲ့ ဘယ်လိုနယ်မြေဒေသမှာ မဆို စစ်ပုံဖော်နေမယ်ဆိုရင်၊  စစ်ရေးလှုပ်ရှားမှုများကို မရပ်တန့်ဘူးဆိုရင်၊ နိုင်ငံတကာရဲ့ ထောက်ပံ့မှုနဲ့အတူ ကိုလံဘီယာ နိုင်ငံပြင်ပမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို လုပ်ဆောင်မယ်ဆိုရင် အတိတ်ကအမှားတွေဟာ တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့လည်း ဟွမ်မန်နျူယယ်ဆန်တို့က အလေးထား ပြောပါတယ်။

ဟွမ်မန်နျူယယ်ဆန်တို့ အနေနဲ့  အခုလိုပြောခြင်းဟာ သမ္မတ အန်းဒရက်ပက်စထရာနာ လက်ထက်တုန်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဆင်ပြေစေဖို့  သူပုန်တွေအတွက် စစ်မဲ့ဇုန်ကို ဖန်တီးပေးလိုက်ပေမယ့်လည်း ထင်ထားသလိုမဖြစ်လာဘဲ  စစ်မဲ့ဇုန်ဟာ အသုံးချခံ သက်သက်ဖြစ်သွားရတဲ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုပျက်ပြားသွားရတာကို ရည်ရွယ်လိုခြင်း ဖြစ်ပါတယ်။

ဒါကြောင့်  ကိုလံဘီယာအစိုးရ အနေနဲ့ တစ်ဖက်မှာ ပြည်တွင်းသောင်းကျန်းသူ ချေမှုန်းရေး လုပ်နေချိန် တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲကို အထမြောက်အောင် အကောင်အထည်ဖော်သွားမယ်လို့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။

“ပဋိပက္ခအမြစ်ဖြတ်ရေးနှင့် တည်ငြိမ်မှုရှိတဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် အထွေထွေ သဘောတူညီချက်”ကို ကိုလံဘီယာအစိုးရ ကိုယ်စားလှယ်များနဲ့ FARC သူပုန်အဖွဲ့တို့က ၂၀၁၂ ခုနှစ် သြဂုတ် ၂၆ ရက်မှာ လက်မှတ် ရေးထိုးလိုက်နိုင်ပါတယ်။ လက်မှတ်ရေးထိုးရာနေရာကတော့ ကျူးဘားနိုင်ငံ  ဟာဗားနားမြို့မှာပါ။

ဒီသဘောတူညီချက်ဟာ တရားဝင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ရေး အတွက်  လမ်းပြမြေပုံတစ်ချပ်ဆိုရင်လည်း မမှားပါဘူး။

အဲဒီသဘောတူညီချက်ထဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ လုပ်သွားမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို  ဖော်ပြထားပါတယ်။   ဒါ့အပြင် ဆွေးနွေးသွားမယ့် ခေါင်းစဉ်ငါးရပ်ကိုလည်း သတ်မှတ် ထားပါသေးတယ်။

အဲဒီခေါင်းစဉ်တွေကို   တစ်ခုချင်းပြောရရင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ရေး၊ နှစ်ဖက်စလုံးက တိကျသေချာတဲ့ အပစ်အခတ်ရပ်စဲမှု၊    ရန်ပြုခြင်းများ ရပ်တန့်မှုနဲ့လက်နက်ချမှုတို့ပါဝင်တဲ့   ပဋိပက္ခ အဆုံးသတ်ရေး၊ မူးယစ်ဆေးဝါးများနဲ့ဒုက္ခသည်ပြဿနာများကို ဖြေရှင်းရေး၊ သဘောတူညီချက်ကို အတည်ပြု လက်မှတ်ထိုး၊ အကောင်အထည်ဖော်၊ စိစစ်အတည်ပြုရေးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီသတ်မှတ်ချက်တွေထဲမှာ စကားဝိုင်းမှာ ဆွေးနွေးသမျှအားလုံးကို   အတွင်းရေးအဖြစ် သတ်မှတ်ချက် ပါဝင်ပါတယ်။

သို့သော်လည်း  ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီကနေ အဆိုပြုချက်တွေ၊ အကြံဉာဏ်တွေရရှိစေဖို့အတွက် ထုတ်ပြန်ချက်တွေကို အခါအားလျော်စွာ ထုတ်ပြန်သွားဖို့ သတ်မှတ်ထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အဓိကကျတဲ့မူတွေထဲကမှ မှတ်သားရလောက်တဲ့ မူတစ်ခုက ဆွေးနွေးမှုမှာ အချက်အားလုံးကို သဘောမတူမချင်း ဘယ်အချက်ကိုမှ သဘောမတူဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒါကြောင့်   သမ္မတ ဟွမ်မန်နျူယယ်ဆန်တို့ လက်ထက် လုပ်ဆောင်တဲ့  ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ တိကျသေချာတဲ့ အစီအစဉ်နဲ့အတူ ဆွေးနွေးမယ့် အကြောင်းအရာကိုလည်း အတိအကျ သတ်မှတ်ထားတာကြောင့်  ယခင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနဲ့ယှဉ်ရင် များစွာကွာခြားတာကို တွေ့ရပါတယ်။

ဒါ့အပြင်  FARC သူပုန်အဖွဲ့နဲ့  ဒီလိုမျိုးဆွေးနွေးမှုကနေ ရရှိလာတဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်ဟာ ပဋိပက္ခ အဆုံးသတ်ပြီး  သူပုန်တွေအနေနဲ့ အကြွင်းမဲ့လက်နက်ချကာ နောက်ဆုံး ရည်မှန်းချက်ကို ရရှိစေခဲ့တဲ့ ပထမဆုံးငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်တာကိုလည်းတွေ့ရပါတယ်။

ဒါတင်မကသေးပါဘူး။ ကိုလံဘီယာငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ  လက်တင်အမေရိကဒေသမှာ ရှိတဲ့လက်ဝဲစွန်းရောက် အစိုးရ အသီးသီးဖြစ်တဲ့ ဗင်နီဇွဲလားသမ္မတ၊ အီကွေဒေါသမ္မတနဲ့  ဘိုလစ်ဗီးယား သမ္မတတို့ရဲ့ အားပေးထောက်ခံမှုကိုလည်း ရခဲ့ပါသေးတယ်။

ကိုလံဘီယာအစိုးရအဖွဲ့နဲ့ FARC သူပုန်အဖွဲ့တို့ကြား တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးမှုကိုတော့ ၂၀၁၂ ခုနှစ်  အောက်တိုဘာ ၁၈ ရက်မှာ  နော်ဝေနိုင်ငံ အော်စလိုမြို့၌ ကျင်းပခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလကစလို့ နောက်ပိုင်း ဆွေးနွေးပွဲတွေကို ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှာသာ  လုပ်ဆောင်ခဲ့ပါတော့တယ်။

ဒီလိုဆွေးနွေးစဉ် ကာလအတွင်း  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အထမြောက်စေဖို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာ   ၂၀ ရက်ကနေ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ တစ်ဖက်သတ် ယာယီအပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲသူကတော့ FARC သူပုန်အဖွဲ့ပါ။

ဆက်လက်ဖော်ပြပါမည်။