အီရန်က မြေအောက်ဒရုန်းစခန်းကို ထုတ်ဖော်ပြသ

အီရန်နိုင်ငံပိုင်သတင်းဌာနက မြင်ရခဲသည့် အီရန်၏ မြေအောက်ဒရုန်းစခန်းကို ထုတ်ဖော်ပြသလိုက်ပြီး ထိုစခန်းတွင် ဒရုန်းများမှာ အစီအရီရှိနေသည်ကို တွေ့ရသည်။

အဆိုပါ မြေအောက်ဒရုန်းစခန်းသည် ဇဂရို့တောင်တန်း၌  တည်ရှိကြောင်းနှင့် ထိုတောင်တန်းသည် အီရန်ပင်လယ်ကွေ့ ကမ်းရိုးတန်းမှသည်     အီရတ်နိုင်ငံနှင့် နယ်စပ်အထိပေါက်ကြောင်း   ထိုသတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစခန်းနှင့် ပတ်သက်၍ အခြားအသေးစိတ် အချက်အလက်များကို ဖော်ပြထားခြင်း မရှိသော်လည်း   သတင်းတင်ဆက်သူက ၎င်းအနေဖြင့် နိုင်ငံအနောက်ပိုင်း ကာမန်ရှားမြို့မှနေ၍ ရဟတ်ယာဉ်ဖြင့် ၄၅ မိနစ်ကြာ သွားရသည်ဟု ပြောသွားကြောင်း တွေ့ရသည်။

ထိုသို့ရဟတ်ယာဉ်ဖြင့်သွားစဉ်တွင်လည်း လမ်းတစ်လျှောက်   မျက်စိကိုအဝတ်ဖြင့် စည်းသွားရကာ ဒရုန်းစခန်းသို့ ရောက်ရှိမှသာ ပတ်ဝန်းကျင်ကို ကြည့်ခွင့်ရှိသည်ဟု ဆိုသည်။ သတင်းဌာနက ဖော်ပြသော ဗီဒီယိုအရ မီတာ  ရာပေါင်းများစွာရှည်သော လိုဏ်ခေါင်းတစ်ခုအတွင်း ဒုံးကျည်များ တင်ဆောင်ထားသည့် တိုက်ခိုက်ရေးဒရုန်းများကို မြင်တွေ့ရသည်။

အချို့သော ဒရုန်းများကိုမူ Qaem-9 ဒုံးကျည်များ တပ်ဆင်ထားဖွယ်ရှိသည်။

အဆိုပါ ဒုံးကျည်အမျိုးအစားသည် အမေရိကန်နိုင်ငံထုတ်    ဝေဟင်မှမြေပြင်ပစ်  Hellfire ဒုံးကျည် အမျိုးအစားနှင့် ပုံစံတူဖြစ်သည်။

တွေ့ရှိရသည့်ဒရုန်းများတွင် Kaman-22 အမျိုးအစား ဒရုန်းလည်း အပါအဝင်ဖြစ်ပြီး ထိုဒရုန်းအနေဖြင့်   အနည်းဆုံး ကီလိုမီတာ ၂၀၀၀ (၁၂၄၅ မိုင်) အထိ ခရီးဆန့်နိုင်သည်။

အီရန်တပ်မတော်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီးမိုဟာမတ်ဘက်ဂါရီနှင့် ကြည်းတပ်ဦးစီးချုပ်တို့က ဒရုန်းများကို စစ်ဆေးနေသည့် အခြေအနေကို    သတင်းဌာနက ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: RT