လုပ်ငန်းခွင် ဆရာ၊ ဆရာမများအနေဖြင့် ယခင်က B.Ed ပညာရေးဘွဲ့ သင်တန်းများကို တစ်နှစ်လျှင် ၃၀၀၀ ဝန်းကျင်ခန့်သာ တက်ရောက်ခွင့်ရသော်လည်း ယခုအခါ ၂၀၀၀၀ ကျော်အထိ တက်ရောက်သင်ကြားခွင့်ရအောင်ဆောင်ရွက်ပေးနေ

နေပြည်တော် မေ ၂၉

လုပ်ငန်းခွင် ဆရာ၊ ဆရာမများအနေဖြင့် ယခင်က B.Ed ပညာရေးဘွဲ့ သင်တန်းများကို တစ်နှစ်လျှင် ၃၀၀၀ ဝန်းကျင်ခန့်သာ တက်ရောက်ခွင့်ရသော်လည်း ယခုအခါ ၂၀၀၀၀ ကျော်အထိ တက်ရောက်သင်ကြားခွင့်ရအောင်ဆောင်ရွက်ပေးနေ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွှေညောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကလောမြို့နယ် ဟဲဟိုး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ထားမှုအခြေအနေ၊ တည်ဆောက်ပြီးစီးသည့်ကျောင်းဆောင်၊ ခန်းမဆောင်အခြေအနေ၊ ကျောင်းတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေး ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက ဇွန် ၂ ရက်တွင် ကျောင်းများဖွင့်လှစ်သည့်အခါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ၏ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအားပေး၍ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိပြည်နယ်၊ မိမိဒေသတွင်ရှိသည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို ပညာတတ် လူတော် လူကောင်းများဖြစ်အောင် မိမိတို့ကိုယ်တိုင်စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် အားစိုက်ပြီး ပြုစုပျိုးထောင်သင်ကြား ပေးကြစေလို ကြောင်း၊ ပညာတတ်များပေါများမှသာ နိုင်ငံအဆင့်တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ အရည်အသွေးတိုးတက် ရေးအတွက် အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း။

လုပ်ငန်းခွင် ဆရာ၊ ဆရာမများအနေဖြင့် ယခင်က B.Ed ပညာရေးဘွဲ့သင်တန်းများကို တစ်နှစ်လျှင် ၃၀၀၀ ဝန်းကျင်ခန့်သာ တက်ရောက်ခွင့်ရကြောင်း၊ ယခုအခါ တစ်နှစ်လျှင် လုပ်ငန်းခွင်မှ ဆရာ၊ ဆရာမဦးရေ ၂၀၀၀၀ ကျော်အထိ B.Ed ပညာရေးဘွဲ့ သင်တန်းများ တက်ရောက်သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ မကြာမီ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထွက်တော့မည်ဖြစ်၍ အောင်မြင်သူရှိသလို စာမေးပွဲကျသူများလည်း ရှိမည်ဖြစ်ကြောင်း၊ စာမေးပွဲကျသူများနှင့် အကြောင်း အမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဖြစ်သူများ ယခုနှစ်တွင် ပြန်လည် ဖြေဆိုနိုင်ကြောင်း၊ စနစ်သစ်ပညာရေးကို ကူးပြောင်းနေချိန်ဖြစ်၍ ယခုပညာသင်နှစ်သည် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပသည့် နောက်ဆုံး နှစ်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကျောင်း၏ ကျောင်းဥပဓိရုပ်များ ပြည့်စုံကောင်းမွန်မှုနှင့်အတူ အရည်အသွေး ပြည့်ဝသော လူတော်လူကောင်း ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

လင်းကြည်လင်း