မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၁ ခုနှစ် မတ်လမှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရဖွယ်ရှိ

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ် မတ်လမှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  (MFF ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် လာမည့်နှစ်   နိုင်ငံတကာရက်သတ္တပတ်အဖြစ် ၂၀၂၁ ခုနှစ် မတ် ၂၂ ရက်မှ ၃၀ ရက်

အထိ၊ မေ ၃၁ ရက်မှ ဇွန် ၁၅ ရက်အထိ၊ သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၇ ရက်အထိ၊ အောက်တိုဘာ ၄ ရက်မှ ၁၂ ရက်အထိ၊ နိုဝင်ဘာ ၈ ရက်မှ ၁၆ ရက်အထိ   ငါးကြိမ်သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယခုနှစ်အတွင်း ရွှေ့ဆိုင်းခဲ့သည့်   ပြိုင်ပွဲများအနက်  ၂၀၂၂  ကမ္ဘာ့ဖလားနှင့်  ၂၀၂၃  အာရှဖလား  ဒုတိယအဆင့်ခြေစစ်ပွဲ    အုပ်စုလက်ကျန်ပွဲစဉ်များကို FIFA ၏ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ရက်သတ္တပတ်များဖြစ်သည့်  မတ်လနှင့် ဇွန်လအတွင်း ပြန်လည်ကျင်းပဖွယ်ရှိကြောင်း နိုင်ငံတကာမီဒီယာတချို့က ဖော်ပြထားသည်။

ထို့ပြင် အာဆီယံဘောလုံးအဖွဲ့ချုပ်သည် COVID-19 ရောဂါ  အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဒီနှစ်မှာ ရွှေ့ဆိုင်းထားတဲ့ပွဲတွေထဲက ကမ္ဘာ့ဖလားခြေစစ်ပွဲကို FIFA ရဲ့ နိုင်ငံတကာရက်သတ္တပတ်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လနဲ့ ဇွန်လမှာ ပြန်ကျင်းပဖြစ်ဖို့များတယ်။ ကြားထဲမှာ ဧပြီနဲ့ မေလမှာ ဆူဇူကီး ဖလားပြိုင်ပွဲရှိမယ်။ ဒါကြောင့် မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ မတ်လကနေ ဇွန်လအထိ လေးလဆက်တိုက် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရဖို့ရှိပါမယ် ဟု ၎င်းကပြောသည်။

ထို့ကြောင့် အဆိုပါ နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်းအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် လေ့ကျင့်မှုများ ပြန်လည်စတင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ 

 ကိုရဲ