ရှမ်းယူနိုက်တက်အသင်းတွင် အကောင်းဆုံး လက်စွမ်းပြနိုင်ပြီး နိုင်ငံလက်ရွေးစင် အသင်းတွင် ရွေးချယ်ခွင့်ရရေး ကြိုးစားနေ

၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၀အသင်းနှင့်အတူ လက်စွမ်းပြခွင့်ရခဲ့ပြီးနောက် ပရိသတ်မြင်ကွင်းရှေ့မှ အချိန်အတော်ကြာ ပျောက်ကွယ်ခဲ့ပြီး  လက်ရှိတွင် ရှမ်းယူနိုက်တက်အသင်း၏ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဆုဖလားနှင့်အတူ ပရိသတ်ရှေ့မှောက် ပြန်လည်ရောက်ရှိလာသော ရှမ်းယူနိုက်တက် အသင်းဂိုးသမား မျိုးမင်းလတ်နှင့် တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြပေးလိုက်ပါသည်။

ရှမ်းယူနိုက်တက် အသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ်  ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့အပေါ်ပြောပြပါဦး။

ကျွန်တော်တို့   လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ပြီး ကာကွယ်နိုင်ခဲ့တယ်။ နောက်တစ်ခုက   ကိုယ်တိုင်ကလည်း အသင်းအတွက် ပေးဆပ်ခွင့်ရတဲ့ အပေါ်မှာ ဂုဏ်ယူမိပါတယ်။

ပွဲတွေနဲ့ဝေးနေပြီးမှ  ဂိုးပြန်ဖမ်းရတာ ဘယ်လိုအခက်အခဲတွေကြုံရလဲ။

ပွဲဝေးတာ တစ်နှစ်ခွဲကျော်လောက်ရှိ သွားတယ်ဆိုတော့  အခက်အခဲရှိတယ်။ ဒါပေမဲ့  ပွဲတိုင်းကို  သေချာပြန်အာရုံစိုက်ပြီး ကစားတယ်။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး အမြဲတမ်း ပြန်လည်သုံးသပ်ခဲ့တယ်။ ဒါကြောင့် အခုလို ပြိုင်ပွဲပြီးဆုံးတဲ့အထိ  ပြန်လည်ကစားနိုင်ခဲ့တာပါ။

အကောင်းဆုံးလက်စွမ်းပြနေရတဲ့အပေါ်ပြောပြပါဦး။

ဒါကလည်း  ဒီကနည်းပြတွေနဲ့  ညီအစ်ကိုတွေက  အကောင်းဆုံး အကြံဉာဏ်တွေပေးတယ်။ ကျွန်တော်ကလည်း ပွဲနဲ့ပတ်သက်ပြီး အကောင်းဆုံး ပြင်ဆင်ထားတဲ့အတွက် အခုလို  လက်စွမ်းပြနိုင်တာလို့ ထင်ပါတယ်။  စီနီယာအစ်ကိုတွေဖြစ်တဲ့ ကိုရဝေဇင်၊  ကိုသီဟစည်သူတို့ရဲ့ အကြံဉာဏ်ကောင်းတွေလည်း ပါပါတယ်။

ရှမ်းယူနိုက်တက်အသင်း   ဂိုးသမားနေရာမှာ မျိုးမင်းလတ်ကိုပဲ တွေ့ရတာကရော။

ဒါတော့  ကျွန်တော့်ကို  အသင်းက နေရာလည်းပေးတယ်။ ကိုသီဟစည်သူက  ဒူးဒဏ်ရာနည်းနည်းရှိတယ်။  သူကပဲ အကောင်းဆုံး ပြန်ကစားနိုင်အောင် နောက်ကနေ Supporting ပေးခဲ့တာပါ။

ပရိသတ်မြင်ကွင်းရှေ့ကနေ ပျောက်ကွယ်နေခဲ့တာက ဘာဖြစ်လို့လဲ။

အခွင့်အရေးမရသေးလို့သာ ပြန်မလာနိုင်တာပါ။    အခုအခွင့်အရေးရတယ်။ အရင်က မျိုးမင်းလတ်ကို ပြန်တွေ့နေရပြီ လို့ထင်ပါတယ်။ နောက်တစ်ခုက နိုင်ငံလက်ရွေးစင် အသင်းအတွက်လည်း ရွေးချယ်ခွင့်ရရေး ကြိုးစားနေမှာပါ။ လအလိုက် အကောင်းဆုံးဂိုးသမားဆု ရခဲ့တာနဲ့ ပတ်သက်ပြီး   ခံစားချက်လေး ပြောပေးပါဦး။

ဒီဆုကတော့ ကျွန်တော်တစ်ယောက်တည်း   ကောင်းလို့ရတာမဟုတ်ပါဘူး။ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုကြောင့် အားလုံးကောင်းလို့ ဒီဆုကိုရတာပါ။ ဒါပေမဲ့ ဒီဆုကို ကျွန်တော်လုံး၀ မမျှော်မှန်းထားပါဘူး။ ဒါကြောင့် အခုလိုရတဲ့အပေါ်မှာ အရမ်းပီတိဖြစ်ရပါတယ်။

ရှမ်းယူနိုက်တက်အသင်းပရိသတ်တွေကိုရော ဘာပြောချင်သေးလဲ။

ကျွန်တော်  ရှမ်းယူနိုက်တက်အသင်းအတွက်  တာဝန်ကျေတယ်လို့ ခံစားရပါတယ်။ ဒီအတွက်လည်း ပရိသတ်တွေ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ အားပေးခဲ့တဲ့ပရိသတ်တွေကိုလည်း   ကျေးဇူးတင်ပါတယ်။                      

 ကိုရဲ