နယူးဇီလန်၌ တောမီးလောင်မှု လူနေအိမ်အလုံး ၅၀ ပျက်စီး

နယူးဇီလန်နိုင်ငံ၌   တောမီးလောင်မှုကြောင့် လူနေအိမ်အလုံး ၅၀ ပျက်စီးကြောင်းနှင့်   မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

မီးလောင်မှုမှာ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင်   နိုင်ငံတောင်ပိုင်းရှိဝေးလံ ခေါင်ဖျားသော ကျေးရွာဖြစ်သည့် လိတ်အိုဟောကျေးရွာ၏   တောင်ကုန်းပေါ်ရှိ တောအုပ်မှစတင်ခြင်းဖြစ်ပြီး   လေတိုက်နှုန်းပြင်းထန်မှုကြောင့်   မီးမှာကျေးရွာထဲ အထိပျံ့နှံ့ရာ  ဒေသခံများထွက်ပြေးခဲ့ရသည်။

ထို့ပြင်   လေပြင်းတိုက်ခတ်မှုကြောင့် မီးငြှိမ်းသတ်ရာတွင် အခက်အခဲဖြစ်ကြောင်း၊ တောမီးလောင်မှုမှာ အောက်တိုဘာ ၅ ရက်နေ့လယ်အထိကြာမြင့်သဖြင့်   ကုန်းမြေဟက်တာ ၄၆၀၀ ခန့်   မီးသင့်ခဲ့ကြောင်း နယူးဇီလန်မီးသတ်နှင့် အရေးပေါ်ဌာနက ပြောသည်။

အိမ်ခြေ  ၆၀ မှ  ၇၀ မျှသာရှိသည့် ထိုကျေးရွာရှိ   လူနေအိမ်အများအပြား ပျက်စီးသွားကြောင်း၊ သို့သော် ထူးဆန်းရသည့်အချက်မှာ   လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရခြင်း ဖြစ်ကြောင်း ဝေတာကီခရိုင်အုပ်ချုပ်ရေးမှူး  ဂယ်ရီကီယာချာက ပြောသည်။

နယူးဇီလန်နိုင်ငံ၌ တောမီးလောင်မှုသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိသော်လည်း  လိတ်အိုဟောကျေးရွာတွင်မူ  ဖြစ်လေ့ဖြစ်ထ မရှိကြောင်း သိရသည်။

Ref: The Straits Times