ညောင်ဦးမြို့နယ်၌စိုက်ပျိုးထားသည့် သုံးလမြေပဲများ ဧရာဝတီမြစ်ရေ တက်လာခြင်းကြောင့် အချိန်မတိုင်မီနုတ်သိမ်းနေရ

ညောင်ဦး၊ စိုက်ပျိုးရေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ဧရာဝတီမြစ်ရေ ကျချိန် မြေနုကျွန်းများတွင်စိုက်ပျိုးထားသည့် သုံးလမြေပဲခေါ် ပင်ထောင်မြေပဲများ ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းနှင့်အတူ စိုက်ခင်းများအတွင်း မြစ်ရေဝင်ရောက်လာမှု ကြောင့် မြေပဲများ နုတ်ချိန်မရောက်သေးဘဲ နုတ်သိမ်းနေရကြောင်း ဒေသခံတောင်သူ များထံကသိရသည်။

ညောင်ဦးမြို့နယ် ဧရာဝတီမြစ်လယ် ကျွန်းကျေးရွာများ၊ မြစ်ကမ်းဘေးရှိကျေးရွာ များသည် ဧရာဝတီမြစ်ရေကျချိန်ဖြစ်သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတို့တွင် ကောက်ပဲသီးနှံများ စိုက်ပျိုးကြကြောင်း၊ သုံးလမြေပဲခေါ် ပင်ထောင်မြေပဲလည်း စိုက်ပျိုးကြကာ သုံးလမြေပဲခေါ် ပင်ထောင်မြေပဲများအား ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် စိုက်ပျိုးခဲ့ကြကာ ဇွန်လပထမပတ်ထဲတွင် နုတ်သိမ်းဖို့ ရည်ရွယ်ထားခဲ့ကြသော်လည်း မေလဒုတိယပတ်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်လာကာ စိုက်ခင်းများအတွင်း ဧရာဝတီ မြစ်ရေဝင်ရောက်ခြင်းနှင့်အတူ သုံးလမြေပဲခေါ် ပင်ထောင်မြေပဲများ နုတ်သိမ်းချိန်မတန်သေးဘဲ အရေးပေါ် နုတ်သိမ်းခဲ့ ရကြောင်း တောင်ရွာနောင်(တောင်)ကျေးရွာနေ ဦးသန့်ဇင်ဦးက ပြောသည်။ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် သုံးလမြေပဲများ အချိန်မတိုင်မီနုတ်သိမ်းခဲ့ရ သော်လည်း မြေပဲများ ဥဥနှုန်းအထူးကောင်းမွန်ကာ မြေပဲများရကြကြောင်း၊ မြစ်ရေဝင်ရောက်မှုမရှိဘဲ  နုတ်သိမ်းရပါက  ပို၍မြေပဲရနိုင်ကြောင်း သိရသည်။

ကြေးမုံ