ဒက္ခိဏသီရိမြို့နယ်၌ တောင်သူများလက်ဝယ်အရောက် မျိုးစပါးများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ စိုက်ပျိုးရေး

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများထံ မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲကို မေ ၂၉ ရက် နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေ ကြသည့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ တောင်သူ များ အနေဖြင့် မိမိတို့၏လယ်ယာမြေများကို အထွက်နှုန်းပိုမိုကောင်းမွန်ပြီး လူမှုစီးပွားဘဝများ တိုးတက်လာစေရေး အတွက် ကြိုးစား လုပ်ကိုင်ကြရန်လိုကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာများက မိမိတို့၏သက်ဆိုင်ရာ  ကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုရှစ်အုပ်စုမှ တောင်သူ ၁၄၁ ဦးတို့အတွက် နံနံမျိုးစေ့ ၅၀၀ ဂရမ်ထုပ် ၁၄၁ ထုပ်နှင့် မျိုးစပါး ၁၄၁ တင်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန် နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကျေးရွာအုပ်စုများအလိုက် တောင်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက စိုက်ပျိုးရေးကဏ္ဍနှင့်သက်ဆိုင်သည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက်   ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး   တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)