မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် အထွေထွေညီလာခံကျင်းပ

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် အထွေထွေညီလာခံကျင်းပ

နေပြည်တော်  မေ  ၃၀

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ  (Myanmar National Committee on Large Dams - MNCOLD) ၏ စတုတ္ထ အကြိမ် အထွေထွေညီလာခံကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကန်ဘဲ့ရှိ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ အသင်းသားများ စုံညီစွာ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများထက် ရေချိုသယံဇာတများစွာပေါများပြီး ပြည်တွင်း၌ စီးဆင်းနေသော မြစ်များအနေဖြင့် ဧရာဝတီမြစ်တွင် ဧကပေသန်း ၂၅၀ ကျော်၊ ချင်းတွင်းမြစ်တွင် ဧကပေ ၁၁၄ သန်းကျော်၊ စစ်တောင်းမြစ်တွင် ဧကပေ ၆၆ သန်းခန့်၊ သံလွင်မြစ်တွင် ဧကပေသန်း ၂၀၀ ကျော် နှစ်စဉ်ပျမ်းမျှစီးဝင်လျက်ရှိပြီး တစ်နိုင်ငံလုံး အနေဖြင့် ဧကပေသန်းပေါင်း ၈၇၀ ကျော် နှစ်စဉ် စီးဆင်းလျက်ရှိကြောင်း။

အသားတင်စိုက်ဧရိယာပေါ်တွင် ရေသွင်းစိုက်ပျိုးဧရိယာအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံက ၃၄ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၄၉ ရာခိုင်နှုန်း၊ လာအိုက ၂၇ ရာခိုင်နှုန်းနှင့် အိန္ဒိယက ၃၉ ရာခိုင်နှုန်းရှိနေသည်ကိုတွေ့ရှိရပြီး မြန်မာနိုင်ငံအနေဖြင့် ရေသွင်းစိုက်ပျိုးသော ဧရိယာမှာ အသားတင်စိုက်ဧရိယာ၏ ၂၀ ရာခိုင်နှုန်းကျော်သာရှိ၍ ရေချိုအရင်းအမြစ်များစွာရှိနေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရေသွင်းစိုက်ပျိုးနိုင်သော ဧရိယာနည်းပါးလျက်ရှိနေပြီး ရှိရင်းစွဲရေအရင်းအမြစ်များကို စိုက်ပျိုးရေအဖြစ် ဖော်ထုတ်အသုံးချရန် များစွာလိုအပ်နေသေးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

အလားတူ အဖိုးတန်ရေချိုသယံဇာတများကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေစွာအသုံးချနိုင်ရန် တည်ဆောက်ထား ရှိပြီးဖြစ်သည့် ဆည်တာတမံကြီးများ ဘေးကင်းလုံခြုံပြီး ရေရှည်အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ရေအားလျှပ်စစ်ထုတ်ယူ အသုံးပြုနိုင် ရေးနှင့် စိုက်ပျိုးရေအတွက် အကျိုးပြုနေမှု၊ ဒေသတွင်းနိုင်ငံများ၏ ဆည်တာတမံ တည်ဆောက်အသုံးပြုနေမှုတို့ကို လေ့လာချိန်ဆ ပြီး နောင်လာ နောက်သားများအတွက် ပိုမိုအကျိုးရှိနိုင်မည့် အစီအမံများအား မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီ(MNCOLD)က ဖော်ထုတ်ပေးရန်လိုကြောင်း၊ ရေခဲတောင် အရည်ပျော်လာမှု၊ မုတ်သုံဝင်ရောက်မှု၊ သမုဒ္ဒရာ ရေမျက်နှာပြင် မြင့်တက်လာမှု စသည့်ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေများ၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးဒဏ်များကြောင့် တာတမံ ကြီးများအပေါ် အကျိုးသက်ရောက်နိုင်မှုများကို စူးစမ်းလေ့လာခြင်း၊ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းများကို အပြည်ပြည်ဆိုင်ရာတမံကြီးများကော်မရှင် (International Commission on Large Dams-ICOLD) အပါအဝင် နိုင်ငံတကာ နှင့်    ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားရန် လိုအပ်သကဲ့သို့ မျိုးဆက်သစ်ပညာရှင်များကိုလည်း နည်းပညာများ မျှဝေ လက်ဆင့် ကမ်းပေးရန် တိုက်တွန်းကြောင်း  ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ တမံကြီးများ ဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးက အလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းကာ ညီလာခံ၏ အတည်ပြုချက်ရယူသည်။

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (Myanmar National Committee on Large Dams - MNCOLD) ကို မြန်မာ နိုင်ငံအတွင်းရှိ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့် တမံကြီးများ၏ လုံခြုံစိတ်ချရမှု၊ ခိုင်ခံ့တည်ငြိမ်မှု၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူမှုရေးပတ်ဝန်းကျင်တို့အပေါ် အကျိုး သက်ရောက်မှု၊ စွမ်းရည်မြင့်မားတိုးတက်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအတွက်   ကျယ်ပြန့်စွာဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ရေလှောင်တမံများ၏ ဒီဇိုင်းပိုင်းနှင့် တည်ဆောက်ပြီးတမံများ၏ ဘေးကင်း လုံခြုံမှုဆိုင်ရာများကို အကြံပြုဆွေးနွေးသုံးသပ်ပေးခြင်း၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ရေရှားပါးလာမှုကိုဖြေရှင်းနိုင်ရန်  ရေရရှိရေးဆောင်ရွက်နေသည့်လုပ်ငန်းများ၊ လတ်တလောအကျိုးပြုမည့်လုပ်ငန်းများ၊ ကာလတို ကာလရှည် ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်များ၊ မြန်မာနိုင်ငံအလယ်ပိုင်း မြေအောက်တမံ (Underground Dam) တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် အကြံပြုချက်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများ၏ ရေလှောင်တမံ ဆိုင်ရာကိစ္စရပ်များ၊ ရေအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းအကူအညီတောင်းခံလာပါက ကွင်းဆင်းစစ်ဆေးခြင်း၊ အကြံပြု ဆွေးနွေးခြင်း၊ နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲများ ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ တမံကြီးများကော်မရှင် (International Commission on Large Dams - ICOLD) အပါအဝင် နိုင်ငံတကာက ရရှိလာမည့် နည်းပညာရပ်ဆိုင်ရာများကို မျိုးဆက်သစ် လူငယ်များအား ဖြန့်ဝေခြင်း၊ ဆွေးနွေးခြင်းများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                    

 (၅၀၀)