ရာသီပေါ်ကြက်မောက်သီးများ ဈေးကောင်းရရှိနေ

ရာသီပေါ်ကြက်မောက်သီးများ ဈေးကောင်းရရှိနေ

မော်လမြိုင်၊ စိုက်ပျိုးစီးပွား

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှထွက်ရှိသည့် ရာသီပေါ် ကြက်မောက်သီးများ ဈေးကောင်းရရှိနေကြောင်း သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်မှထွက်ရှိသည့်အစေ့ကျွတ်ကြက်မောက်သီးအလုံးရေ ၁၀၀လျှင် ငွေကျပ် ၈၀၀၀ မှ ၁၃၀၀၀ ဝန်းကျင်အထိ ရရှိနေသည်။

“အဓိကစိုက်တာက ကျွဲကောပါ။ ဒူးရင်းနဲ့ ကြက်မောက်ကတော့ ကျွဲကောထက်နည်းတယ်။ လက်ရှိက ကြက်မောက်သီး ထွက်ရှိတဲ့ အချိန်ဖြစ်လို့ အရောင်းအဝယ်ကောင်းပါတယ်။ မြို့ပေါ်ဈေးမှာပဲ အဓိကရောင်းနေရပါတယ်။ ပဲခူးဘက်ကိုတင်ပို့တာလည်းရှိတယ်” ဟု မွန်ပြည်နယ်မှ ကျွဲကော၊  ဒူးရင်းနှင့်  ကြက်မောက်သီး စိုက်ပျိုးရောင်းချသူ ဦးမင်းမင်းစိုးက ပြောသည်။

ကြက်မောက်ပင်သည် စိုက်ပျိုးပြီး ခြောက်နှစ်ခန့်တွင် အသီးစသီးပြီး နှစ်ပေါင်း ၅၀ အထိ သက်တမ်းရှည်ကာ တစ်နှစ်ထက်တစ်နှစ် အသီးပိုသီးလေ့ရှိကြောင်း၊ အများအားဖြင့် အသီးထွက်ရှိချိန်မှာ မေနှင့်ဇွန်လတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကြက်မောက်သီးမျိုးများကို အသားနှင့် အစေ့ကိုခွာ၍ ရနိုင်မှုပေါ်မူတည်ပြီး အကြမ်းအားဖြင့် အစေ့ကျွတ်ကပ်နှင့် အစေ့ မကပ်မျိုးဟူ၍ ခွဲခြားနိုင်ကာ မြန်မာနိုင်ငံ၌ ကန်ကလေး(၁)၊ ကန်ကလေး(၂)မျိုးများသည် စိုက်ပျိုးရန်သင့်လျော်သော မျိုးများ ဖြစ်ကြောင်း၊ ပြည်တွင်း၌ ကြက်မောက်သီးကို တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ အဓိကစိုက်ပျိုး ကြောင်း သိရသည်။   

နဒီ