အသည်းရောင်ရောဂါစီပိုး ရှာဖွေတွေ့ရှိသူသုံးဦး ဆေးပညာနိုဘယ်ဆုရရှိ

အမေရိကန်နိုင်ငံသားများ ဖြစ်သည့် ဟာဗေးအော်တားနှင့် ချားစရိုက်တို့သည် ဗြိတိန်နိုင်ငံသား  မိုက်ကယ်ဟော့တန်နှင့် အတူ အသည်းရောင်ရောဂါစီပိုးကို ရှာဖွေတွေ့ရှိသဖြင့်  အောက်တိုဘာ ၅ ရက်တွင် ဆေးပညာနိုဘယ်ဆုကို ရရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ပြောသည်။

ကမ္ဘာတစ်ဝန်း၌ အသည်းရွတ်နှင့် အသည်းကင်ဆာတို့ကို ဖြစ်ပွားစေသော  အသည်းရောင်ရောဂါပိုးကို တိုက်ဖျက်နိုင်ရေးအတွက် အဆိုပါပုဂ္ဂိုလ်သုံးဦး၏ တွေ့ရှိမှုက လွန်စွာ အထောက်အကူဖြစ်သောကြောင့် ယခုကဲ့သို့ နိုဘယ်ဆုချီးမြှင့်ခံရခြင်း ဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယခု  တွေ့ရှိမှုမတိုင်ခင်ကဖြစ်သည့် အသည်းရောင်ရောဂါအေနှင့်  ဘီပိုးတို့ကို တွေ့ရှိမှုသည်လည်း အလွန်အရေးပါသော ခြေလှမ်းများ ဖြစ်ကြောင်း   ဆွီဒင်နိုင်ငံ ကာရိုလင်စကာတက္ကသိုလ်ရှိ   နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က ပြောသည်။

အသည်းရောင်ရောဂါစီပိုးကို တွေ့ရှိမှုက နာတာရှည်အသည်းရောင်ရောဂါကိုဖြစ်စေသည့် အကြောင်းတရားများကို နားလည်စေသည့်အတွက် သွေးစစ်ဆေးမှုနည်းလမ်းများ ထွက်ပေါ်လာကာ ဆေးဝါးအသစ်များ ဖော်စပ်ထုတ်လုပ်နိုင်ပြီး   လူသန်းပေါင်းများစွာ၏ အသက်ကို  ကယ်တင်လိုက်နိုင်ကြောင်း သိရသည်။

ဆေးပညာနိုဘယ်ဆု ရရှိသူများအနေဖြင့် ဆွီဒင်ခရောင်း ၁၀ သန်းကို ဆုအဖြစ်ရရှိပြီး ခွဲဝေယူရမည်ဖြစ်ကြောင်း သိရသည်။

Ref: The Straits Times