ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအနီးရှိ ပဲခူးမြစ်အတွင်း ရေလယ်ကျွန်းအပန်းဖြေစခန်းဖွင့်လှစ်ရန်စီစဉ်

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအနီးရှိ ပဲခူးမြစ်အတွင်း ရေလယ်ကျွန်းအပန်းဖြေစခန်းဖွင့်လှစ်ရန်စီစဉ်

ရန်ကုန်၊ ခရီးသွား

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအနီးရှိ ပဲခူးမြစ်အတွင်း ရေလယ်ကျွန်း အပန်းဖြေ စခန်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်၏ ပြောပြချက်အရ သိရသည်။

“ပဲခူးမြစ်ထဲက ရေလယ်ကျွန်းမှာ အပန်းဖြေစခန်းဖွင့်လှစ်ဖို့ သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်းထားပါတယ်။ အခုက ပဏာမ လေ့လာဆဲ အခြေအနေပဲရှိသေးတယ်။ ပဲခူးမြစ်လယ်မှာ ကျွန်းဖြစ်နေတယ်။ အဲဒီနေရာကနေ ရန်ကုန်မြို့ရဲ့ ညနေခင်းအလှ၊ သန်လျင်တံတားအလှနဲ့ နေဝင်ချိန်အလှတွေကို ကြည့်ရှုနိုင်ပါတယ်။ အဲဒီနေရာမှာ အပန်းဖြေနိုင်တဲ့အပြင် ဓာတ်ပုံလည်း ရိုက်လို့ ကောင်းတယ်။ ဒါကြောင့် အဲဒီနေရာကို ခရီးသွားတွေ လာရောက်အပန်းဖြေအနားယူနိုင်တဲ့ အပန်းဖြေစခန်း တစ်ခုဖြစ်အောင်    ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်ပြီးစီးပါက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာနှင့် ချိတ်ဆက်အပန်းဖြေနိုင်မည့်အပြင် ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းမှ မြစ်တွင်းသွားသင်္ဘောခရီးစဉ်များဖြင့်လည်း လည်ပတ်နိုင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်း၊ ရေလယ်ကျွန်း အပန်းဖြေ စခန်းစီမံကိန်းကို   Best Myanmar National Tourism Public Co.,Ltd. က အကောင်အထည် ဖော်နိုင်ရန် ဇန်နဝါရီလက သက်ဆိုင်ရာနှင့်ချိတ် ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာနှင့် ဆက်စပ်နေသည့်အတွက် တိုင်းရင်းသားအစားအစာများ မှာယူ စားသုံးနိုင်သည့် စားသောက်ဆိုင်များ၊ သစ်ပင်ပန်းမန်နှင့်သီးနှံပင်များ စိုက်ပျိုးထားမည်ဖြစ်သည်။

အဆိုပါစီမံကိန်း ပထမအဆင့်အနေဖြင့် ဆိပ်ကမ်းတည်ဆောက်မှုအပါအဝင် သစ်၊ ဝါးများဖြင့်ပြုလုပ်ထားသည့် နားနေဆောင်၊ စားသောက်ဆိုင်၊ ရှုခင်းကြည့်ရှုနိုင်မည့်နေရာ၊ ရာသီ သီးနှံစိုက်ခင်းများနှင့် ငါးမျှားနိုင်မည့်နေရာများ ပါဝင်မည်ဖြစ်ပြီး ဒုတိယ အဆင့်တွင် ရေလွှာလျှော၊ ရေကန်၊ မြက်ခင်းတု၊ မြင်းစီးကွင်းများပါဝင်မည်ဖြစ်ကာ တတိယအဆင့်တွင် ညအိပ်တည်းခိုနိုင်မည့်  အခန်း  ၆၀ ပါ ဟိုတယ်၊ ရေကန်၊   စားသောက်ဆိုင်၊  ဘက်စုံသုံးခန်းမနှင့် Resort များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စောယု