ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာခြင်း

ယမန်နေ့မှအဆက်

ဒီအတွက်ကြောင့်ပဲ ကိုလံဘီယာတပ်မတော်အနေနဲ့ FARC သူပုန်အဖွဲ့ရဲ့စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ တစ်လကြာရပ်တန့်ဖို့ ဟွမ်မန်နျူယယ်ဆန်တို့က အမိန့်ပေးလိုက်ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပန်းခင်းလမ်းမဟုတ်ဘူးဆိုတဲ့ စကားအတိုင်း ဧပြီ ၁၅ ရက်မှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အနာဂတ်ကိုခြိမ်းခြောက်မယ့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားလာပါတော့တယ်။

အဲဒီဖြစ်စဉ်ကတော့ FARC သူပုန်အဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်မှု တစ်ခုကြောင့် ကိုလံဘီယာစစ်သည် ၁၁ ဦး ကျဆုံးသွားရတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဟွမ်မန်နျူယယ်ဆန်တို့ကလည်း ရပ်ဆိုင်းထားတဲ့ သူပုန်စခန်းတွေအပေါ်

ဗုံးကြဲတိုက်ခိုက်မှုကိုပြန်လုပ်ဖို့ အမိန့်ပေး လိုက်ပါတော့တယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဟွမ်မန်နျူယယ်ဆန်တို့အပေါ် လူထုထောက်ခံမှုတစ်ဟုန်ထိုးကျဆင်းလာသလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရပ်ဆိုင်းပစ်လိုသူတွေလည်း များပြားလာပါတယ်။

တစ်ချိန်တည်းမှာပဲ ကိုလံဘီယာတပ်မတော်က ချေမှုန်းရေး လုပ်ငန်းတွေကို လက်သံပြောင်ပြောင်နဲ့ လုပ်ဆောင်လိုက်တာ   သူပုန်အဖွဲ့တပ်မှူးနဲ့ စစ်ဦးစီးအဖွဲ့ဝင် ရိုမန်ရုအိသေဆုံးသွားရတဲ့ အထိပါပဲ။

ဒီအချိန်မှာ သူပုန်တပ်ဖွဲ့ဘက်ကလည်း   သူတို့သတ်မှတ်ထားတဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ် လိုက်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ  ဂရုတစိုက်မကိုင်တွယ်ဘူးဆိုရင်    ပျက်စီးသွားဖို့  လက်တစ်လုံးသာလိုတော့တဲ့ အနေအထား ဖြစ်လာပါတယ်။

အလားတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို  ဝေဖန်အပြစ်တင်ထားတဲ့ အယ်ဗာရိုရီဘေးရဲ့အဖွဲ့ဟာလည်း အင်အားတောင့်တင်း ခိုင်မာလာတဲ့အတွက် အာမခံနိုင်ငံများဖြစ်တဲ့ ကျူးဘားနဲ့နော်ဝေတို့က မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်လာပါတယ်။

ဒါကြောင့်   ဆွေးနွေးဖက်နှစ်ဖွဲ့စလုံး အနေနဲ့ အကန့်အသတ်မရှိ အပြန်အလှန် အပစ်အခတ်ရပ်စဲမှု အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန် မပြတ်ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆို လိုက်ရပါတော့တယ်။

အပစ်အခတ်ရပ်စဲရေး အဆုံးသတ်သွားပြီးနောက် အချိန်အနည်းငယ်အကြာမှာ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို လိုချင်တဲ့အရိပ်အယောင်တွေ ပြန်ပြလာကြပါတယ်။

ဟွမ်မန်နျူယယ်ဆန်တို့က FARC သူပုန်အဖွဲ့မှ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စိစစ်ပြီးပြန်ပေးဖို့ အမိန့်ပေးလိုက်သလို  FARC ဘက်ကလည်း ငြိမ်းချမ်းရေးဆက်ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြောလာပါတယ်။

အလားတူပဲ FARC သူပုန်အဖွဲ့က သူတို့အနေနဲ့ ဇူလိုင် ၂၀ ရက်ကစလို့ တစ်လကြာတစ်ဖက်သတ် ယာယီအပစ်အခတ် ရပ်စဲမယ်လို့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်လိုက်ပြန်ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ အပစ်အခတ်ရပ်စဲမှုကို   အချိန်အကန့်အသတ်မရှိ တိုးမြှင့်လိုက်တာ တွေ့ရပါတယ်။

အဲဒီအချိန်အထိ အစိုးရဘက်က  နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုကို မလုပ်ဆောင်ရသေးပါဘူး။ ဒါပေမဲ့ နှစ်ဖက်စလုံးအနေနဲ့ တင်းမာမှုလျှော့ချဖို့ သဘောတူတယ်လို့ ဇူလိုင် ၁၂ ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

နောက်ပိုင်းအချိန်တွေမှာတော့ နှစ်ဖက်စလုံးအနေနဲ့ မူဘောင်ကိုပြောင်းလဲခြင်းမရှိဘဲ နောက်ဆုံး သဘောတူညီချက်ဆီ ဆက်သွားဖို့ သဘောတူလိုက်ပါပြီ။

၂၀၁၅ ခုနှစ် သြဂုတ်လမှာတော့ လူအများမကြိုက်ပေမယ့်လည်း လိုအပ်လို့လုပ်ရတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဟွမ်မန်နျူယယ်ဆန်တို့ ချမှတ်လိုက်ရပါတယ်။ အဲဒါကတော့ ကိုလံဘီယာတပ်မတော်အနေနဲ့  FARC သူပုန်တွေအပေါ် ဗုံးကြဲတိုက်ခိုက်နေမှုကို နောက်တစ်ကြိမ် ရပ်တန့်လိုက်ဖို့ပါပဲ။

စက်တင်ဘာ ၂၃ ရက်မှာ သမိုင်းဝင်သဘောတူညီချက်တစ်ခုရရှိလိုက်ပါတယ်။ အဲဒီသဘောတူညီချက်ကတော့ ဥပဒေနဲ့အညီ အသွင်ကူးပြောင်းရေး သဘောတူညီချက်ပါ။

ဒီသဘောတူညီချက်ကိုကြေညာဖို့အတွက် သမ္မတဟွမ်မန်နျူယယ်ဆန်တို့နဲ့   သူပုန်အဖွဲ့ခေါင်းဆောင် တီမိုလီယွန်ဂျင်မီနက်တို့က    ဟာဗားနားမြို့ကို သွားရောက်ပြီးတွေ့ဆုံကြပါတယ်။   ဒါဟာလည်း သမိုင်းဝင်ဖြစ်ရပ် တစ်ခုပါပဲ။

ဒီတော့ သူတို့နှစ်ဖွဲ့ကြားမှာ သဘောတူညီမှုမရသေးတာဆိုလို့   နောက်ဆုံးသဘောတူစာချုပ်ကို အတည်ပြုမယ့် လုပ်ငန်းစဉ်ပဲ ကျန်ပါတော့တယ်။

နိုဝင်ဘာလမှာ ဒီကိစ္စကိုအဆင်ပြေစေမယ့် ဥပဒေတစ်ရပ်ကို  အစိုးရက အတည်ပြုပေးလိုက်ပါတယ်။ အဲဒီဥပဒေကတော့   အထက်လွှတ်တော်အမတ် ရွိုင်းဘာရီရာ တင်သွင်းတဲ့ လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုရေး လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်မှာ နောက်ဆုံးသဘောတူညီချက်ရရှိရေးအတွက်    အရေးကြီးတဲ့ ရှေ့တစ်လှမ်းကို  တက်လှမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။

အဲဒါက  နောက်ဆုံး အပစ်အခတ်ရပ်စဲရေး၊ ရန်ပြုတိုက်ခိုက်မှုရပ်စဲရေးနဲ့ လက်နက်ချရေးလုပ်ငန်းစဉ်တို့ကို အတည်ပြု စောင့်ကြည့်မယ့် သုံးဦးသုံးဖလှယ် (အစိုးရ၊ သူပုန်အဖွဲ့၊ ကုလသမဂ္ဂရဲ့ နိုင်ငံရေးကိုယ်စားလှယ်အဖွဲ့) ပါဝင်တဲ့ နည်းလမ်းကို အတည်ပြုမှု ဖြစ်ပါတယ်။

ဒီလိုနဲ့ဆက်လက် ဆွေးနွေးလာကြရာ ၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်မှာတော့ အစိုးရနဲ့  FARC သူပုန်အဖွဲ့တို့က အာမခံနိုင်ငံများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူတကွ လိုက်ပါဆောင်ရွက်တဲ့ နိုင်ငံများ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အစရှိတဲ့ နိုင်ငံ့ခေါင်းဆောင်များ ရှေ့မှောက်မှာ ကိုလံဘီယာနိုင်ငံရဲ့ နှစ်ပေါင်း ၅၀ ကြာပြည်တွင်းစစ်ကို   အဆုံးသတ်စေမယ့်  ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး လိုက်နိုင်ပါတယ်။

အဲဒီငြိမ်းချမ်းရေး သဘောတူစာချုပ်ကိုလည်း လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုမှုရယူခဲ့ရာ ၄၉ ဒသမ ၈ ရာခိုင်နှုန်းနဲ့ကပ်ရှုံးပြီး အတည်မပြုနိုင်တာကြောင့် ဒုတိယအကြိမ် ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို နှစ်ဖက်အဖွဲ့က နိုဝင်ဘာ ၂၄ ရက်မှာ လက်မှတ်ပြန်ရေးထိုးပြီး လွှတ်တော်တစ်ခါတည်းတင်

ဆုံးဖြတ်ချက်ရယူပြီးမှသာ အဲဒီစာချုပ်ကို အတည်ပြုနိုင်ခဲ့ပါတော့တယ်။

တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့အပြင် ရှုပ်ထွေးလွန်းလှတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

လက်နက်ကိုင်ပြီးစစ်တိုက်ဖို့က   လွယ်ပါတယ်။ လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးရဖို့ကသာ ခက်ခဲတာပါ။ ဒီအချက်ကို   ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်စဉ် သူပုန်တွေကိုချေမှုန်းကာ သမ္မတဖြစ်စဉ်မှာ ငြိမ်းချမ်းရေး ခရီးလမ်းကို ဖောက်လုပ်လျှောက်လှမ်းခဲ့တဲ့ ဟွမ်မန်နျူယယ်ဆန်တို့က ကောင်းကောင်းကြီး သိရှိပါတယ်။

ဒါပေမဲ့ ကိုလံဘီယာငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သတိထားမိတာတစ်ခု ရှိပါတယ်။ ဘာလဲဆိုရင် သူပုန်တွေဘက်က အကြိမ်ကြိမ် အပစ်အခတ်ရပ်စဲပေမယ့် အစိုးရဘက်က နှစ်ကြိမ်သာ အပစ်အခတ်ရပ်စဲတာကို တွေ့ရခြင်းပါပဲ။

ဒါကဘာကိုပြနေလဲဆိုရင် တစ်ဖက်မှာ ငြိမ်းချမ်းရေးလမ်းကို ဖောက်စဉ် အခြားတစ်ဖက်မှာ သောင်းကျန်းသူ တွေကို ပြတ်ပြတ်သားသားချေမှုန်းနေတဲ့ ဟွမ်မန်နျူယယ်ဆန်တို့ရဲ့ မီးစာတစ်ဖက်၊ ရေမှုတ်တစ်ဖက် နည်းဗျူဟာကို ဖော်ပြနေပါတယ်။

နိုင်ငံတစ်နိုင်ငံငြိမ်းချမ်းဖို့မဆိုထားနဲ့ အိမ်တစ်အိမ်အတွင်း တစ်မိုးအောက်မှာနေထိုင်ကြတဲ့ မိသားစုဆိုတဲ့ အသိုက်အဝန်းလေးတစ်ခုတည်းမှာတောင်မှ အားလုံး တစ်စိတ်တည်းတစ်ဝမ်းတည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းမှုရရှိအောင် အမျိုးမျိုး ကြိုးစားကြရတာပါပဲ။

အိမ်တစ်အိမ်မငြိမ်းချမ်းရင် အဲဒီအိမ်ကဘာလုပ်လုပ် အောင်မြင်မှုဆိုတာ ရရှိမှာ မဟုတ်သလို နိုင်ငံတစ်နိုင်ငံ မငြိမ်းချမ်းရင်  အဲဒီနိုင်ငံသည်လည်း ဘယ်တော့မှ တိုးတက်မှာ မဟုတ်ပါဘူး။   ဒါဟာ ရိုးရှင်းလွန်းတဲ့ လက်တွေ့သဘောတရားတစ်ခုမျှသာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့နိုင်ငံကို တကယ်ချစ်သူတိုင်း၊ ကိုယ့်ရဲ့နိုင်ငံကို အမှန်တကယ်တိုးတက် လိုသူတိုင်းဟာ လက်နက်ကိုင် တိုက်ခိုက်မှု လမ်းစဉ်ကို   စွန့်လွှတ်ပြီး ငြိမ်းချမ်းသောနည်းနဲ့ အဖြေရှာတဲ့ လမ်းစဉ်ကိုသာ လိုက်ကြလေ့ရှိကြောင်း ကိုလံဘီယာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ သင်ခန်းစာယူစရာ အချက်များကို ထုတ်နုတ်တင်ပြလိုက်ရပါတယ်။

ထက်မြက်

Ref:Wiki