ပြည်ပမှ အာလူးများ ဝင်ရောက်မှုကြောင့် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် အာလူးဈေးနှုန်းကျဆင်း

ရန်ကုန်မြို့ရှိ    ဘုရင့်နောင်ဈေးကွက်သို့ ပြည်ပမှတင်သွင်းသည့် အာလူးများ ဝင်ရောက်လာမှုကြောင့် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့်     အာလူးဈေးနှုန်းများ ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်လက   ပြည်တွင်းမှထွက်ရှိ သည့်  အာလူးတစ်ပိဿာလျှင်  ငွေကျပ် ၁၄၅၀  မှ  ၁၈၅၀  ဝန်းကျင်အထိ ရှိခဲ့သော်လည်း  လက်ရှိတွင် ငွေကျပ်  ၈၀၀  မှ ၁၄၀၀  ဝန်းကျင်သာရှိပြီး    ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

ယခုလအတွင်း တရုတ်နိုင်ငံမှတင်သွင်း သည့်အာလူးများ အများအပြား ဝင်ရောက်လျက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း အာလူးများ ဝင်ရောက်လေ့ရှိသည့်အတွက်    ပြည်တွင်းအာလူးဈေးကွက်ပျက်မည်ကို တောင်သူများက စိုးရိမ်လျက်ရှိသည်။

အာလူးဈေးကောင်းနေတော့ စိုက်တဲ့သူတွေ အဆင်ပြေတယ်ဆိုပေမယ့် ပြည်ပကဝင်တာတွေများလို့  ဈေးကွက်ပျက်မှာကို  စိုးရိမ်မိတယ်။ အရင်နှစ်တွေကဆို အာလူးဈေးတွေကျတော့ အခက်အခဲအများ ကြီးရှိခဲ့တယ်ဟု ရှမ်းပြည်နယ်မှ အာလူးစိုက်ပျိုးသူတစ်ဦးကပြောသည်။

ပြည်တွင်း၌ အာလူးစိုက်ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို  ရှမ်းပြည်နယ်၌  စိုက်ပျိုးပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့်   စစ်ကိုင်းတိုင်းဒေသကြီးတို့၌ လည်း  စိုက်ပျိုးကြသည်။  မိုးအာလူးကို မတ်၊ ဧပြီနှင့် ရေအာလူးကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင်  စိုက်ပျိုးလေ့ရှိကာ စကအာလူးကို   ဇူလိုင်၊   သြဂုတ်နှင့် ဆောင်းအာလူးကို အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။                            

နဒီ