ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးထွက်ရှိသည့် ခရမ်းစိမ်းသီးများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အသုံးပြုပြီး စားဖိုဆောင်သီးနှံမျိုးစုံကို ရာသီမပြတ်စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းစိမ်းသီးစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ ကုလားပဲ၊ ဖူးစားပြောင်း၊ နှံစားပြောင်း  စသည့်သီးနှံများကို  စီးပွားဖြစ်စိုက်ပျိုးကြပြီး   တချို့တောင်သူများက အပိုဝင်ငွေ ရရှိစေရန်   စားဖိုဆောင် သီးနှံများကိုလည်း   တစ်နိုင်တစ်ပိုင်စိုက်ပျိုး လုပ်ကိုင်ကြသည်။   အများဆုံး စိုက်ပျိုးသည့် စားဖိုဆောင်သီးနှံများမှာ ခရမ်းချဉ်၊ ခရမ်းစိမ်း၊ ခရမ်းညို၊ တိုင်ထောင်ပဲ၊ ပန်းမုန်လာ၊   မုန်လာဥဖြူ၊   ပန်းဂေါ်ဖီ၊ အာလူး၊ ရွှေဖရုံ၊ သခွား၊ ကြက်ဟင်းခါး၊ ငရုတ်၊ ကြက်သွန်၊ ကန်စွန်း၊ ကိုက်လန်နှင့် ချဉ်ပေါင်တို့ဖြစ်သည်။

ပွင့်ဖြူမြို့နယ်မှာရှိတဲ့ ဒေသခံတောင်သူတွေက စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာမှာ   မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကနေ အပိုဝင်ငွေရရှိဖို့    စားဖိုဆောင်သီးနှံတွေလည်း စိုက်ပျိုးကြပါတယ်။ ဒီနှစ်မှာ ခရမ်းစိမ်းသီးစိုက်ပျိုးရေးလုပ်ငန်းက   အောင်မြင်ဖြစ်ထွန်းပြီး အလုံးအကြီးအသေးပေါ် မူတည်ပြီး  တစ်လုံးကို   ငွေကျပ်  ၂၀၀ လောက်ရရှိပါတယ်။  နေ့စဉ်အပိုဝင်ငွေရရှိလို့  အဆင်ပြေပါတယ်  ဟု ရွာသစ်ကုန်းကျေးရွာမှ  ဒေသခံတောင်သူတစ်ဦးကပြောသည်။

ခရမ်းစိမ်းသီးသည်   တခြားသီးနှံများထက်  စိုက်ပျိုးစရိတ်ကုန်ကျမှု  သက်သာသည့်အပြင်    ရာသီဥတု ဒဏ်ခံနိုင်ရည် ရှိသည့်အတွက် တောင်သူအများစုက အားထားစိုက်ပျိုးကြကြောင်း သိရသည်။

             လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)