ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ လောကနန္ဒာ စွယ်တော်မြတ် စေတီတော်နှင့် ဘေးမဲ့တောဥယျာဉ် မြစ်ကမ်းပါး ထိန်းသိမ်းရန် လုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ လောကနန္ဒာ စွယ်တော်မြတ် စေတီတော်နှင့် ဘေးမဲ့တောဥယျာဉ် မြစ်ကမ်းပါး ထိန်းသိမ်းရန် လုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

ပုဂံ  မေ  ၃၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်  ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်း ဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိပြီး လောကနန္ဒာ စွယ်တော်မြတ်စေတီတော်အား ဖူးမြော်ကြည်ညိုသည်။

လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးသည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိရာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် စေတီတော်ကြီး တိမ်းစောင်းမှုကို စောင့်ကြည့် စစ်ဆေးနိုင်ရေး တပ်ဆင်ထားသည့် ရေချိန်များအား ကြည့်ရှုစစ်ဆေးခဲ့ရာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၉ ရက်က ကြည့်ရှုခဲ့သည့် အနေအထားထက် ပြောင်းလဲမှု မရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။

၎င်းနောက် လောကနန္ဒာစွယ်တော်မြတ် စေတီတော်နှင့် လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်တို့၏ မြစ်ကမ်းပါးများကို ဧရာဝတီမြစ်ရေ တိုက်စားမှုမှ ကာကွယ်ရန် မြစ်ကမ်းပါး ထိန်းသိမ်းမှု လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါအောင် ကုမ္ပဏီဖြစ်သည့် လင်းလက် ပြည့်စုံအောင်ကုမ္ပဏီလီမိတက်မှ လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  သဘာဝဘေးအန္တရာယ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ကြောင်း၊ မေ ၂၇ ရက်အထိ ဆောင်ရွက်ပြီးစီးမှုမှာ ၈၉ ဒသမ ၆၄ ရာခိုင်နှုန်းဖြစ်ကြောင်း  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေကြီးရေလျှံမှုကြောင့် စေတီပုထိုးများ ထိခိုက်မှုမဖြစ်စေရန် အနော်ရထာလမ်း၏ (၂)နေရာတွင် အနည်းငယ်နိမ့်၍ ရေကျော်ရန် လုပ်ငန်းဆောင်ရွက်ရန် နေရာသို့ ရောက်ရှိရာ  ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူးက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် မိုးရွာသွန်းမှုကြောင့် ယခင်နှစ်များစွာကပင် အနည်းနှင့်အများ ဆိုသလို ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းများတွင် ပါဝင်သည့် ရွာဟောင်းကြီး ဘုရားအနီးနှင့် ပုဂံမျှော်ဘုရားအနီး ရေစီးဆင်းမှု ကောင်းစေရေးအတွက် ကွင်းဆင်း သုတေသနပြုကာ  ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးပါက ယခုနေရာမှတစ်ဆင့် ရှေးခေတ်ရေလမ်းကြောင်း အတိုင်း ပုဂံမြို့ဟောင်း ကျုံးအတွင်းသို့ အဆင့်ဆင့် စီးဆင်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လက်ဖက်ကန်သို့ ရောက်ရှိခဲ့ရာ ပုဂံခေတ်ရေလမ်းကြောင်း တူးဖော်ထိန်းသိမ်းရေး တာဝန်ရှိသူ တစ်ဦးက ပုဂံခေတ် ရေလမ်းကြောင်း ကွင်းဆင်းဖော်ထုတ်တွေ့ရှိမှုအရ တိမ်ကောနေသော ရေလမ်းကြောင်း များကို ပြန်လည်ဖော်ထုတ်ခြင်း၊ ပြောင်းလဲသွားသော ရေလမ်းကြောင်းများကို ပြန်လည်ပြုပြင်ခြင်းများကို ထိန်းသိမ်းရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲသွားသော ရေလမ်းကြောင်းများအား ပြန်လည်ဖော်ထုတ်ပြုပြင်ပေးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန် မှာကြားပြီး ရေလမ်းကြောင်း ဖော်ထုတ်ပြုပြင်နေသည့် လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်းနန်သူကျေးရွာရှိ လေးထောင့် ကန်ဦးသို့ ရောက်ရှိခဲ့ရာ လေးထောင့်ကန်နှင့် ရေစစ်ကန်သို့ ရေဝင်ရောက်မှု၊ ရေဝင်လမ်းကြောင်း၊ ရေပိုလွှဲမှရေများ စီးဆင်းသွားသည့် လမ်းကြောင်းများကို ကြည့်ရှုခဲ့သည်။ ၎င်းနောက် ယုန်လွှတ်ကျွန်း(ပထမနန်းတော်ရာ) တူးဖော်သုတေသန လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နေရာသို့ရောက်ရှိရာ တူးဖော်သုတေသန တာဝန်ရှိသူက  တူးဖော်မှုဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်များ၊ တူးဖော်တွေ့ရှိရသည့် အထောက်အထားများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တွေ့ရှိရသည့် အထောက်အထားများကို  စနစ်တကျ ထိန်းသိမ်းသွားရန်  မှာကြားကြောင်း သိရသည်။