မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း ကုန်တင်စက်လှေ ရေဝင်နစ်မြုပ်မှုအား ကူညီကယ်ဆယ်

မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း ကုန်တင်စက်လှေ ရေဝင်နစ်မြုပ်မှုအား ကူညီကယ်ဆယ်

နေပြည်တော်  မေ  ၃၀

ရခိုင်ပြည်နယ်၊   မောင်တောမြို့နယ်၊ နတ်မြစ်ကမ်းနံဘေးရှိ မကျီးချောင်းဝ၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မကျီးချောင်းဝ၏ အနောက်ဘက် နတ်မြစ်အတွင်း စက်လှေ ၁ စင်း  မျောပါနေကြောင်း တွေ့ရှိရသဖြင့်  သွားရောက် စစ်ဆေးရာ အလျား ၆၅ ပေ၊ အနံ ၁၇ ပေရှိ လှိုင်ထက်စံအမည်ရှိ ကုန်တင်စက်လှေဖြစ်ကြောင်းသိရပြီး လှေ၏ ဦးပိုင်းမှ ရေဝင်၍ နစ်မြုပ်လျက်ရှိသဖြင့်   စက်လှေပေါ်ရှိ လှေပိုင်ရှင် အပါအဝင် အမျိုးသား ၆ ဦးကို ကူညီကယ်ဆယ်ခဲ့သည်။

အဆိုပါစက်လှေသည်    ကုန်ပစ္စည်း ပို့ဆောင်ရေး ရေယာဉ်ဖြစ်ပြီး ချင်းအိတ် ၃၈၀၀ အိတ်ကိုတင်ဆောင်၍  တောင်ကုတ်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ပို့ဆောင်ရန် မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း နတ်မြစ်အတိုင်း မောင်းနှင်လာစဉ် ရေလှိုင်းရိုက်ခတ်မှုကြောင့်      စက်လှေအောက်ပိုင်း ကွဲပြီး လှေအတွင်းသို့ ရေဝင်ရောက်ကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး စက်လှေပေါ်တွင် လိုက်ပါလာသည့် လှေပိုင်ရှင် အပါအဝင် အမျိုးသား ၆ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်း ရရှိသည်။