ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သဘောထားထုတ်ပြန်ချက်

                          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                      
                                  ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့                             
သဘောထားထုတ်ပြန်ချက်

၁၃၈၄ ခုနှစ်၊ နယုန်လဆန်း (၂) ရက်

၂၀၂၂ ခုနှစ် မေလ(၃၁)ရက်

၁။     နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး ဇွန်လ ၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နိုင်ရေး အတွက်လည်း အင်တိုက် အားတိုက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။

၂။      နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့၏အနာဂတ် မျိုးဆက်သစ်ကလေးငယ်များ၏ ပညာရေး နောက်ကျမှုမရှိစေရေး ဆောင်ရွက်လျက်ရှိစဉ် NUG အမည်ခံ အကြမ်းဖက် အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ် ကျောင်းဆောင် အစည်းအဝေးခန်းမအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ ကြောင်း သိရှိရပါသည်။

၃။     ဖြစ်စဉ်တွင် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး၊ လက်ထောက် မြို့နယ် ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သား ဝန်ထမ်း ၁ ဦးတို့ ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ် ဆရာမ ကြီး တစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

၄။     ထိုကဲ့သို့ ပညာရေးဝန်ထမ်းများအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)အနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါ သည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)

အလုပ်အမှုဆောင်အဖွဲ့