နောင်ချိုမြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင်အစည်းအဝေးခန်းမ၌ ပညာ ရေးဆိုင်ရာအစည်းအဝေးပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ၊ အခြေခံပညာမူလတန်းလွန် ကျောင်းအုပ် ဆရာမကြီး ၁ ဦးသေဆုံး၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၆

နောင်ချိုမြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင်အစည်းအဝေးခန်းမ၌ ပညာ ရေးဆိုင်ရာအစည်းအဝေးပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ၊ အခြေခံပညာမူလတန်းလွန် ကျောင်းအုပ် ဆရာမကြီး ၁ ဦးသေဆုံး၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၆ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မေ-  ၃၁

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများအား ဇွန်လ ၂ ရက်တွင် စတင် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ပညာသင်ကြားရာတွင်လည်း ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ယူခွင့်ရရှိစေရေး မေလ ၂၅ ရက်မှစတင် ၍ ကျောင်းအပ်နှံမှုများအား စတင်လက်ခံဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာအတန်းများ အလိုက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေး ကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း စသည်ဖြင့် အင်တိုက် အားတိုက် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများ သည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရား ဖြင့်ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသောရည်ရွယ်ချက်များဖြင့် ကျောင်း သား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ် ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ် များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံး ပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်း အဝေးခန်းမအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြို့နယ်ပညာရေးမှူး ဒေါ်အေးသင်း ဦးစီး၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်သင်ကြားနိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီခန့်ထိ ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးပြုလုပ်ပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက်  သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ ပညာဝန်ထမ်းများအတွက် လစာများ ထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ယုတ်မာပက်စက်စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့မိုင်းထောင်ဖောက်ခွဲ မှုကြောင့် အခြေခံ ပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦးတွင် ခါးအောက်ပိုင်း မိုင်းစထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး လက်ထောက်မြို့နယ်ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသ ပေးလျက်ရှိပြီး အခြေခံပညာမူလတန်းလွန်ကျောင်း(မျက်ချင်းနုကျေးရွာ) ကျောင်းအုပ် ဆရာမကြီးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း ၁၈၇ ကျောင်းရှိ ပြီး ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျောင်းသား၊ ဆရာ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပေါ် နောင်ချိုမြို့ရှိ PDF အမည်ခံ အကြမ်းဖက်သမားများက ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းစွာ အဖျက်အမှောင့်လုပ်ငန်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ပြုလုပ်ရာတွင် ပါဝင် ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးကလည်း ၎င်းကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့ သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့ များအပေါ် တစ်ခဲနက်ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှု သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ ရင်သွေးငယ်များလုံခြုံရေးကို ဝိုင်းဝန်းကူညီ ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။