တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုတ်ကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုတ်ကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၃၁

မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ် သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ သည် ယနေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားကုတ်ကျွန်း၊ အပေါ်ဆိပ်ကျေးရွာရှိ ရာမညနိကာယဘုရားကျောင်း၌အခြေပြု၍ ကုလားကုတ်ကျွန်းနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၂၄၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၈၅ ဦး၊ ခွဲစိတ်ရောဂါ ၁၅၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၁၄ ဦး၊ ကလေးရောဂါ ၁၀၂ ဦး၊ အရိုးရောဂါ ၈၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၀၃ ဦး၊ မျက်စိရောဂါ ၉၇ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၁၀၇ ဦးစုစုပေါင်း ၁၂၄၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင်ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၃၈ ဦးနှင့် မျက်စိခွဲစိတ် ၁၈ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၇၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၆၅ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၁၀၃ ဦး၊ ဓာတ်ခွဲစမ်းသပ် လူနာ ၂၇၃ ဦးနှင့် ကွန်ပျူတာဓာတ်မှန်ရိုက်လူနာ ၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

၎င်းအပြင် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား  အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ၎င်းအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် မောရဝတီရေတပ်စခန်းဌာနချုပ်မှူးတို့က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများကို  တာဝန်ရှိသူများက ကိုယ်စားပေးအပ်ပြီး အားပေးစကားပြောကြားသည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း စတုတ္ထမြောက် မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး ဆေးရုံရေယာဉ်၏  ၂၀၁၆ ခုနှစ် မှစ၍ ဆေးကုသမှုများ ပြုလုပ်ပေးမှု သမိုင်းတွင် ၁၆ ဦးမြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။