ထိုင်းအစားအစာပို့ကုန်ကဏ္ဍကို ခြိမ်းခြောက်နေတဲ့ အလုပ်သမားရှားပါးမှု

ရုရှား-ယူကရိန်းပဋိပက္ခနဲ့အတူ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့်     ထိုင်းနိုင်ငံအစားအစာ ထုတ်လုပ်တင်ပို့မှု လုပ်ငန်းအနေနဲ့ ပြည်ပကနေ အမှာစာတွေကို တိုးမြင့်ရရှိ လာနေပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အခုလိုအမှာစာများ တိုးမြင့်ရရှိမှုဟာ ပျော်စရာပါ။    ဒါပေမဲ့ ရေရှည်ပျော်နိုင်မယ့် အခြေအနေ မရှိပါဘူး။ အကြောင်းရင်းကတော့ အစားအစာ ထုတ်လုပ်တင်ပို့မှု လုပ်ငန်းမှာ   အလုပ်သမားရှားပါးမှုကြောင့်ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံရေးအခြေအနေကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးအပေါ် စိုးရိမ်လာကြတဲ့အတွက် နိုင်ငံအများအပြားက အာရှဒေသရှိ နိုင်ငံများမှ အစားအစာများ ဝယ်ယူစုဆောင်းသိုလှောင်ဖို့ လုပ်ဆောင် လာကြပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ မြင့်တက်လာတဲ့ ဝယ်လိုအားနဲ့အညီ ရောင်းလိုအားကို ထိန်းသိမ်းထား နိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

ဒီကုန်ကြမ်းပစ္စည်းများဆိုတာ  လက်ရှိအချိန်မှာပြတ်လပ်နိုင်ခြေ မြင့်တက်နေတဲ့ အရာများဖြစ်ပေမယ့်    အဲဒီအချက်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ လုံးဝမစိုးရိမ်ပါဘူး။

ဘာကြောင့်လဲဆိုရင် ထိုင်းနိုင်ငံဆိုတာ စားနပ်ရိက္ခာ ထုတ်လုပ်နေတဲ့အပြင်  တင်ပို့ရောင်းချမှုတွေကိုပါ    အကြီးအကျယ် လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်လို့ပါ။

ဒါပေမဲ့  စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ ရောင်းလိုအားကွင်းဆက်အတွက် ရှိနေတဲ့   အကြီးမားဆုံး ပြဿနာကတော့ လုပ်သားအင်အားရှားပါးမှု ဖြစ်တယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ဆိုပါတယ်။

ထိုင်းနိုင်ငံစားသောက်ကုန် လုပ်ငန်းအနေနဲ့ ကမ္ဘောဒီးယား၊ လာအို အစရှိတဲ့နိုင်ငံများမှ ပြည်ပအလုပ်သမားများအပေါ် အလွန်မှီခိုနေရတာပါ။

သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါတွေ ဖြစ်တဲ့အချိန် များပြားလှစွာသော ပြည်ပရွှေ့ပြောင်း အလုပ်သမားများက ကိုယ့်နေရပ်ကို ပြန်သွားကြရတဲ့အတွက်    အဲဒီအချိန်ကတည်းက အလုပ်သမားရှားပါးမှု ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ထိုင်းနိုင်ငံသားများနဲ့ ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် အလုပ်သမားအင်အားစုက ခန့်မှန်းခြေအားဖြင့် ငါးသိန်းအထိရှိပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကင်းစင်လုနီးပါးဖြစ်နေချိန် လုပ်ငန်းတွေပြန်စတော့မယ်ဆိုတဲ့ အချိန်မှာ  အလုပ်သမားအင်အားသုံးသိန်းလောက်က  ပြန်မပေါ်လာဘူးလို့ အဖွဲ့ချုပ်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒီအတွက်ကြောင့်  ထိုင်းအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားများစွာကို ပြန်ခေါ်နိုင်ဖို့အတွက်   အိမ်နီးချင်းနိုင်ငံ တချို့နဲ့ နားလည်မှု စာချွန်လွှာလက်မှတ်များရေးထိုးဖို့ အဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။

ထိုင်းအစိုးရက   ပြီးခဲ့တဲ့နှစ်ကစပြီး ခရီးသွားလုပ်ငန်းကို ပြန်လည်ပတ်လာတာပါ။

ဒီအတွက်   စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လန်းလာပြီး အလုပ်သမား လိုအပ်ချက်လည်း မြင့်တက်လာတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့  ထိုင်းနိုင်ငံရဲ့ အစားအစာတင်ပို့မှုတန်ဖိုးစုစုပေါင်းက ဘတ် ၁ ဒသမ ၂ ထရီလီယံရှိနိုင်တယ်လို့  အမျိုးသားစားနပ်ရိက္ခာအဖွဲ့အစည်းက ပြောပါတယ်။

ဒါ့အပြင် ပို့ကုန်ကဏ္ဍက ဒီနှစ်အတွက် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးကို တိုးမြင့်စေမယ့် အဓိကကဏ္ဍမှာ ပါဝင်နေပြီး ဒီနှစ်အတွက်   စီးပွားရေးတိုးတက်မှုက ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းကြားရှိနိုင်တယ်လို့  ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။  

 Ref: Bangkok Post