ဥရောပသမဂ္ဂကြောင့် တစ်စည်ကို ဒေါ်လာ ၁၃၀ အထိ မြင့်တက်လာနိုင်တဲ့ ရေနံစိမ်း

ဒီနှစ်ရဲ့ဒုတိယသုံးလပတ်အတွင်း ဘရန့်ရေနံစိမ်းရဲ့ ပျမ်းမျှဈေးနှုန်းဟာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၇ ဒေါ်လာရှိနိုင်တယ်လို့ လေ့လာသူများကဆိုပါတယ်။

ဒါပေမဲ့လည်း ဥရောပသမဂ္ဂရဲ့ လုပ်ဆောင်ချက်တစ်ခုကြောင့် ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၃၀ အထိ မြင့်တက်လာနိုင်တဲ့အခြေအနေ ဖြစ်နေပြီလို့ ကျွမ်းကျင်သူတချို့က ပြောထားပါတယ်။

ရေနံစိမ်းဈေးနှုန်း ဒီလောက်အထိမြင့်တက်လာအောင် ဥရောပသမဂ္ဂကဘယ်လိုများလုပ်လိုက်တာလဲဆိုရင် ရုရှားဆီကနေ တင်သွင်းနေတဲ့ရေနံစိမ်းတွေကို  တစ်စိတ်တစ်ပိုင်းတားမြစ်လိုက်တဲ့ အတွက်ပါပဲ။

တကယ်လို့များ   ဥရောပသမဂ္ဂရဲ့တားမြစ်ချက်က  သိပ်မကြာခင်ရက်ပိုင်းအတွင်း အတည်ပြုထွက်ပေါ် လာပြီဆိုတာ နဲ့တစ်ပြိုင်နက် ရေတိုမှာရေနံစိမ်းတစ်စည်ကို ဒေါ်လာ ၁၃၀ အထိ  မြင့်တက်သွားနိုင်ပါလိမ့်မယ် လို Y DBS ဘဏ်မှ ဦးဆောင်စွမ်းအင်သုတေသီ ဆူဗရိုဆာကာက ပြောပါတယ်။ ရေလမ်းကြောင်းကနေတစ်ဆင့် ရုရှားဆီကနေရေနံတင်သွင်းမှုကို ယခုနှစ်ကုန်မှာ တားမြစ်သွားဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မေ ၃၀ ရက်မှာ သဘောတူလိုက်တာပါ။

ဒါပေမဲ့ လက်ရှိအချိန်အထိထုတ်ပြန်ချက်အရဆိုရင် ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံနဲ့ ဆလိုဗက်ကီးယားတို့  ဆီသွယ်တန်းထားတဲ့ ပိုက်လိုင်းကနေတစ်ဆင့် ရေနံတင်ပို့မှုကိုတော့ တားမြစ်ချက်ကနေ ကင်းလွတ်ခွင့်ပေးထားတာကိုတွေ့ရပါတယ်။

အခုလိုလုပ်ဆောင်မှုဟာ ဥရောပသမဂ္ဂအနေနဲ့ ရုရှားအပေါ် ဆဋ္ဌမမြောက်အရေးယူပိတ်ဆို့မှု ဖြစ်လာပါတယ်။ ဒီအရေးယူ ပိတ်ဆို့မှုမှာတော့ ရုရှားဆီကနေရေနံတင်သွင်းမှု ၇၅ ရာခိုင်နှုန်းအပေါ် ချက်ချင်း အကျိုးသက်ရောက်စေမှာ ဖြစ်ပြီး ဒီနှစ်အကုန်မှာတော့ ၉၀ ရာခိုင်နှုန်းအထိ သက်ရောက်မှုရှိစေမှာပါလို့ ဥရောပကောင်စီဥက္ကဋ္ဌ ချားမီရှယ်က ပြောပါတယ်။

ဥရောပသမဂ္ဂအနေနဲ့   ရုရှားအပေါ်အရေးယူပိတ်ဆို့မှုချမှတ်ပြီး ရေနံတင်သွင်းမှု ရပ်တန့်လိုက်တာဆိုပေမယ့် သူ့ရဲ့အကျိုးဆက်ကြောင့်ဆုံးရှုံးသွားရတာက ရုရှားနိုင်ငံမဟုတ်ပါဘူး။

ရေနံဈေးကွက်ဟာ  အခုထက်ပိုပြီး ကမောက်ကမဖြစ်လာကာ  ရောင်းလိုအားနည်းပြီး  ဝယ်လိုအား များလာခြင်းတို့ ကြောင့်   ရေနံဈေးနှုန်းများသည်လည်း ဒီထက်ထပ်တက်ဖို့လမ်းသာ ရှိပါတယ်။

ဒီနှစ်တစ်နှစ်လုံးအတွက်ဆိုရင် ဘရန့်ရေနံစိမ်းရဲ့ တစ်စည်ပျမ်းမျှဈေးနှုန်းက ၁၀၁ ဒသမ ၈၉ ဒေါ်လာရှိနိုင်တယ်လို့ လေ့လာသူများက   သုံးသပ်ထားပေမယ့်လည်း ဥရောပသမဂ္ဂဆီကနေ သတင်းကြားရတဲ့မေ ၃၁ ရက်နံနက်ပိုင်းမှာ  ရေနံစိမ်းတစ်စည်ကို ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ကာ ၁၂၃ ဒသမ ၄၅ ဒေါ်လာရှိလာပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ ရုရှားဆီကနေရေနံတင်သွင်းမှုကို  အခုလိုတစ်ဆင့်ချင်း တားမြစ်တာဟာ  ရုတ်တရက်ချက်ချင်း အပြည့်အဝတားမြစ်လိုက်မှုကြောင့် ဖြစ်ပေါ်လာမယ့် ပြင်းထန်တဲ့ ဈေးကွက်အခြေအနေကို လျော့ပါးစေနိုင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ ING မှ   လူသုံးကုန်ပစ္စည်းများ ဆိုင်ရာဌာနဥက္ကဋ္ဌ  ဝါရန်ပတ်တာဆန်က ပြောပါတယ်။

ING အနေနဲ့ ဒီနှစ်ဒုတိယသုံးလပတ်မှာ ဘရန့်ရေနံစိမ်းတစ်စည်ပျမ်းမျှဈေးနှုန်းကို ဒေါ်လာ ၁၁၀၊   တတိယသုံးလပတ်မှာ ၁၁၈ ဒေါ်လာနဲ့ စတုတ္ထသုံးလပတ်မှာ ၁၂၅ ဒေါ်လာအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားတာကိုတွေ့ရပါတယ်။

Ref:OilPrice