နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၅)ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့  ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် (တစ်)ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ (နှစ်)မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်  ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထား

ရှိမှု (သုံး)အထွေထွေအကြောင်းအရာများဖြစ်သည့် (မျောက်ကျောက်ရောဂါကိစ္စ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာကိစ္စရပ်များ) ဖြစ်ပါကြောင်း၊ (တစ်)မှ(သုံး)အထိ မိမိအနေဖြင့် ရှင်းလင်းပြောပြသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် အပိုင်းကို ရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြား သွားမည်ဖြစ်ပါကြောင်း၊ ထို့နောက် မေး၊ ဖြေကဏ္ဍတွင် မေးခွန်းများမေးသည့်အခါ စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးမှ မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန် ဖြစ်ကြောင်း ပြောကြားသည်။

ပထမဦးဆုံးအနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ပြောကြားသည့်အခါ အတိတ်သမိုင်းကြောင်းများနှင့် ဒီမိုကရေစီအစိုးရ စတင်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ၁၀ နှစ်တာကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဖြစ်ပျက်မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များသည် တစ်သမတ်တည်းမရှိကြောင်း၊ နိုင်ငံတိုင်း၏ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းမှုကိစ္စများတွင်လည်း  အနိမ့်အမြင့်အတက်အကျရှိကြောင်း၊ ပြည်တွင်း/ပြည်ပ အကျိုးသက်ရောက်မှု ပေါင်းစုံရှိကြောင်း၊ မိမိတို့အနေဖြင့် မည်သည့် လိုအပ်ချက်များ ရှိခဲ့ကြသည်ကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ မီဒီယာများအနေဖြင့် ယင်းအကြောင်းအရာများကို သိရှိပြီး ဖြစ်သော်လည်း ပြည်သူလူထုသိရှိစေရန် ရှင်းလင်းပြောကြားရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ပြည်တွင်းပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း သဘောထားအမြင် ကွဲလွဲမှု၊ အယူအဆနှင့် ရပ်တည်ချက်ကွဲပြားမှု  စသည့်အကြောင်းကိစ္စ အမျိုးမျိုးတို့ကြောင့် လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့သည့်အချိန်များသည်လည်း ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းအကျိုးဆက်ကြောင့် တိုင်းပြည်ငြိမ်းချမ်းမှုမရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် ခေတ်အဆက်ဆက်အစိုးရနှင့် တပ်မတော်က တိုင်းရင်းသားပြည်သူလူထုနှင့် အတူလက်တွဲ၍ ငြိမ်းချမ်းရေး ရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို သမိုင်းမှတ်တမ်း အထောက်အထားများအရ တွေ့ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ၃ လအကြာ  ပြည်တွင်းဆူပူသောင်းကျန်းမှု စတင်ခဲ့ပြီးနောက် ၈ ပတ်အကြာမှစ၍ သခင်ကိုယ်တော်မှိုင်းဦးစီးသည့် ပြည်တွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှု စတင်ပေါ်ပေါက် လာခဲ့ကြောင်း၊ အလားတူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်ပတ်သက်၍ ၁၉၈၉ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးစတင်ခဲ့ပါကြောင်း၊ ထိုစဉ်ကအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် ချိုးဖောက်သည့် ဖြစ်ရပ်များသည် အလွန်နည်းပါးပြီး တည်ငြိမ်မှုရှိခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ် မတ်လ၃၁ ရက်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအစိုးရစတင်ပေါ်ပေါက်လာခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းများကို လမ်းညွှန်ချပြခဲ့ပြီးနောက် ပြည်သူများအတွက် ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်ရန်အစပြု လာခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်း ရေးနှင့်ပတ်သက်ပြီး အချုပ်အခြာအာဏာကို ထိပါးသည့်ကိစ္စနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်က ခွဲထွက်မယ့်ကိစ္စများကလွဲရင် အခြားကိစ္စရပ်များ အားလုံးကို ဆွေးနွေးနိုင်ရန် တံခါးဖွင့်ထားကြောင်း တရားဝင်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါကြောင်း၊ ထိုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တိုင်းရင်းသား လူမျိုးများငြိမ်းချမ်းရေးစီမံချက်ကို ရေးဆွဲခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC- United Nationalities Federal Council)ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၅ ရက်အထိ ကျင်းပသည့် လိုင်ဇာညီလာခံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT- Nationwide Ceasefire Coordination Team)ကို ဖွဲ့စည်းပြီး NCA ရေးဆွဲရေး သဘောတူခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် မြစ်ကြီးနားမြို့၌ NCCT ၏ လိုင်ဇာသဘောတူစာချုပ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC-Union Peace-Making Working Committee)၏ NCA မူကြမ်းကို ဖလှယ်ပေးအပ်ခဲ့ကြပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်တွင် NCA နှင့့်NCCT တို့အကြား NCA ညှိနှိုင်းမှုဆိုင်ရာ အစည်းအဝေးကို ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့ပြီး ဧပြီလ ၈ ရက်တွင် ဏြဃ ၌ အစည်းအဝေးပြုလုပ်ပြီး နှစ်ဖက်တင်ပြလာခဲ့သည့် NCA မူကြမ်းများကို အခန်း(၇)ခန်းပါသည့် တစ်ခုတည်းသော NCA မူကြမ်း(Single Text)အဖြစ် ပေါင်းစည်းရေးသားနိုင်ခဲ့ပါကြောင်း၊ အစိုးရမှ စတင်ကမ်းလှမ်းခဲ့သည့် ၂ နှစ်တာကာလအတွင်း  အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊ အရေအတွက်အားဖြင့် ၁၄ ဖွဲ့ရှိသည်ကို မီဒီယာများနှင့် မိဘ ပြည်သူများ သိရှိမှတ်သားထား စေလိုကြောင်း၊ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကတိကဝတ်ပြု ကြိုတင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အပါအဝင်အစိုးရ၊ တပ်မတော်၊ EAOs အဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ထိုအထဲတွင် တချို့သော  EAOs အဖွဲ့များ ကျန်ရှိခဲ့ပါကြောင်း၊ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် ကတိပြုချက်ပါ အချက်အလက်များကို လက်ခံခဲ့သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းအတွင်း ပြန်လည်ဆွေးနွေး အတည်ပြုပြီးမှသာ ဆက်လက်ပါဝင် လက်မှတ် ရေးထိုးသွားကြမည်ဟု ပြောဆိုခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊  မတ်လ ၃၁ ရက် NCCT-UPWC ၏ (၇)ကြိမ်မြောက် အစည်းအဝေးတွင် NCA အတည်ပြုမူကြမ်းရခဲ့ပါ ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇွန် ၂ ရက်မှ ၉ ရက်အထိကျင်းပသည့် လော်ခီးလာ ထိပ်သီးညီလာခံတွင် NCA အချောသပ်နိုင်ရန် စတင်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် NCA ကို အချောသပ်ရေးဆွဲနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

အဆိုပါ NCA စာချုပ်တွင် အခန်း(၇)ခန်းနှင့် အပိုဒ်(၃၃)ပိုဒ်ပါဝင်ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် EAOs ၈ ဖွဲ့တို့ NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ၁၄ ဖွဲ့ သဘောတူခဲ့သော်လည်း အမှန်တကယ်လက်မှတ်ရေးထိုးသည့်အချိန်တွင် အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ကြားကာလတွင် လိုင်ဇာညီလာခံ၊ လော်ခီးလာညီလာခံ၊ တွေ့ဆုံ ဆွေးနွေးမှုမျိုးစုံလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အရှိန်မြင့်တက်နေသည့်ကာလဖြစ်ကြောင်း၊ ၁၄ ဖွဲ့သဘောတူပြီး ၈ ဖွဲ့သာ လက်မှတ်ရေးထိုးခဲ့ခြင်းနှင့် ပတ်သက်ပြီး မည်သို့ဖြစ်ရသည်ကို တက်ရောက်လာကြသည့် မီဒီယာများနှင့် မိဘပြည်သူများ ပြန်လည်မှတ်မိကြမည် ဖြစ်ကြောင်း၊ ထိုစဉ်က ထင်ရှားသည့်နိုင်ငံရေး ပါတီတစ်ခု၏ ဥက္ကဋ္ဌတစ်ဦး၊ ထိုစဉ်က လွှတ်တော်တွင်လည်း ကော်မတီတစ်ခုတွင် ပါဝင်နေဆဲဖြစ်သည့် လွှတ်တော်အမတ်တစ်ဦးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လက်မှတ်ရေးထိုးခါနီးတွင် NCA ကို အလျင်စလို လက်မှတ် မရေးထိုးကြရန် ပြောခဲ့ကြောင်း၊ နိုင်ငံတကာမီဒီယာများတွင်လည်း ဝေဝေဆာဆာဖော်ပြခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှားတစ်ခုကြောင့်  အရှိန်ရနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် ရုတ်တရက်နိမ့်ကျသွားပါကြောင်း၊ ယင်းကို မိမိတို့ သင်ခန်းစာယူရမည် ဖြစ်ကြောင်း၊ ယင်းမှာ ပထမအကြိမ် အနိမ့်အမြင့်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခြင်းကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ပထမဆုံး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (UPC)ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး အခြေခံအုတ်မြစ်ကို နောင်ဆက်လက်တာဝန်ယူရမည့် အစိုးရများမှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အခြေခံမူများချမှတ်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ်ပါတီအစည်းအရုံး(LDU)တို့ ထပ်မံလက်မှတ်ရေးထိုးကာ NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်က အကျိုးဆက်သည် ၂၀၁၈ ခုနှစ်အထိ သက်ရောက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း ငြိမ်းချမ်းရေးအတွက် အသည်း အသန်ကြိုးစားခဲ့ကြကြောင်း၊ သို့သော် ၂ ဖွဲ့သာ ထပ်မံလက်မှတ်ထိုးနိုင်ခဲ့ကြောင်း၊  NCA စာချုပ်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဟု အမည်ခေါ်တွင် သော်လည်း ယင်းထက်များစွာကျယ်ပြန့်သည့်၊ အဓိပ္ပာယ်ရှိသည့်စာချုပ်ဖြစ်ကြောင်း၊ NCA စာချုပ်တွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာသဘောတူညီမှုများ၊ နိုင်ငံရေးဆိုင်ရာအာမခံချက်များနှင့် နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာရေး ကိစ္စရပ်များ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ စသည်ဖြင့် ကျယ်ပြန့်စွာ ပါဝင်သည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အစိုးရဒုတိယသက်တမ်းကာလတွင် NCA စာချုပ်အပိုဒ် ၂၀(ဂ) အရ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲများ    ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံညီလာခံအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် လေးကြိမ်တိုင်ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင်ကျင်းပသည့် ဒုတိယအကြိမ်အစည်းအဝေးတွင် သဘောတူညီချက်(၃၇)ချက်ကိုရရှိခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)အဖြစ် သဘောတူချုပ်ဆိုနိုင်ခဲ့ကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၊ သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အတည်ပြု နိုင်ခဲ့ပါကြောင်း၊  သတိပြုရန် ပြောလိုသည်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-  (၂၁)ရာစုပင်လုံ အမည်ဖြင့် စတင်ကျင်းပခဲ့သည်မှာ (၄)ကြိမ်ကျင်းပခဲ့ကြောင်း၊ ပထမ အကြိမ်တွင် မည်သည့်သဘောတူညီချက် မှမရခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် မရခဲ့သည်ကို  ယခုရှိနေသည့် မီဒီယာအများစုက ထိုပွဲများကို တက်ရောက်ခဲ့ဖူးသည့်အတွက် သိရှိနိုင်မည်ဖြစ်ကြောင်း၊ လေ့လာနေသည့် ပြည်သူလူထုကလည်း သိရှိကြောင်း၊ လုပ်မှားကိုင်မှား၊ မူဝါဒအမှားများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နဂိုမူလရှိခဲ့သည်ထက် ပို၍နိမ့်ကျ သွားသည်ကို တွေ့ရကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး၌ စုစုပေါင်း သဘောတူညီချက်(၁၄)ချက်ကို ရရှိခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပသည့်   ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်မြောက်   ပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ကြောင်း ပြောကြားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများသို့ တင်ပြ လာသည့်  အဆိုပြုချက်များတွင် နိုင်ငံရေးကဏ္ဍပါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရဆိုင်ရာ ကိစ္စရပ် များနှင့် လုံခြုံရေးကဏ္ဍပါ တစ်ခုတည်းသော တပ်မတော်ထားရှိရေးဆိုင်ရာ ကိစ္စရပ်များသည် ထိုအချိန်က ဆက်လက်ဆွေးနွေးဆဲ အကြောင်းအရာများဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အစိုးရနှင့် NCA-S EAO အဖွဲ့များ၏ သီးသန့်အစည်းအဝေး(၁၀+၁၀)တွင် ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ရန်အတွက် မူအားဖြင့် ချမှတ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့နောက် ခေါင်းဆောင်များသီးသန့် ဆွေးနွေးရန် ထိပ်သီးအစည်းအဝေးများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုအစည်းအဝေးတွင် ဖြေရှင်းရမည့် အကြောင်းအရာနှစ်ရပ်ကို ပြေလည်စေရန်အတွက် ဖြေရှင်းချက်များ ထွက်ပေါ်လာချိန်တွင် NCA-S EAO များအနက် အင်အားကြီး အဖွဲ့ ၂ ဖွဲ့တို့က ကြေညာချက်များ ထုတ်ပြန်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်အဟုန်ကို   လျှော့ချခဲ့ ပြီးနောက် တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲများ ယာယီအားဖြင့်ရပ်ဆိုင်းခဲ့ရပါကြောင်း၊ ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ခရီးစဉ်တွင်  အကျကာလဖြစ်စဉ် ၃ ခုရှိခဲ့ပါကြောင်း၊  ၂၀၁၅ ခုနှစ် လက်မှတ်ရေးထိုးခါနီးတွင် ပုဂ္ဂလိကအမှားကြောင့် ၁ ကြိမ်၊  ၂၀၁၆ ခုနှစ်  ပထမအကြိမ် ညီလာခံတွင် မူဝါဒနှင့် လုပ်ငန်းစဉ်အမှားများကြောင့် ၁ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့သဖြင့် ၁ ကြိမ်ဖြစ်ကြောင်း၊  ထိုအရာများသည် မိမိတို့အနေဖြင့်   ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အနီးစပ်ဆုံးသင်ခန်းစာယူရမည့်ကိစ္စများ ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက်   အစိုးရမှ ညှိနှိုင်းရေးကိုယ်စားလှယ်များသည် တရားဝင်ဆွေးနွေးပွဲ လမ်းကြောင်းသို့ ပြန်လည် ရောက်ရှိ နိုင်ရေးအတွက် အလွတ်သဘောတွေ့ဆုံမှု လမ်းကြောင်းမှတစ်ဆင့် အဖြေရှာနိုင်ရန် NCA-S EAO များနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် (၁၁)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ယင်းနောက် KNU က စတင်အဆိုပြုသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်    ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အစိုးရနှင့် NCA-S EAO အဖွဲ့များအကြား စတင်ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း၊   အဆိုပါ အကြောင်းအရာများကို   နောင်လာမည့် အစည်းအဝေးတွင်  တင်သွင်းဆွေးနွေးရန် လျာထား ခဲ့ကြကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊   ဇန်နဝါရီလ ၈ ရက်နေ့တွင်   တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ခဲ့ပါကြောင်း၊ (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်း အစည်းအဝေး(JICM)တွင် ၂၀၂၀ အလွန် ဆက်လက်အကောင်အထည် ဖော်ရမည့်     အဆင့်လိုက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊    အဆင့်လိုက်အကောင်အထည်ဖော်မှုများကို   နှစ်ဖက်ဆွေးနွေး ညှိနှိုင်းသွားရန် သဘောတူညီခဲ့ကြပါကြောင်း၊ ယင်းနောက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစု အဖွဲ့နှင့် NCA-S EAO အစုအဖွဲ့တို့မှ    နှစ်ဖက်အလုပ်အဖွဲ့များ ဖွဲ့စည်းပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက်    ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ရမည့်  အဆင့်လိုက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အဆင့်လိုက် အကောင်အထည်ဖော် မှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံညှိနှိုင်းမှုပေါင်း (၁၁)ကြိမ်၊ ရက်ပေါင်း ၂၄ ရက်ပြုလုပ်၍    သဘောထားများ၊ အယူအဆများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-

(၂၁)ရာစုပင်လုံ  စတုတ္ထအကြိမ်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပါကြောင်း၊ ယင်း၌ အပိုင်း(၁) NCA အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၁၅ ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့်   အဆင့်လိုက်အကောင်အထည်ဖော်မှု ဇယား(၁)နှင့် အပိုင်း(၃) ဒီမိုကရေစီစနစ်နှင့် ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု  တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်မှုအခြေခံမူ သဘောတူညီချက် ၅ ချက်တို့ဖြင့် အပိုင်းသုံးပိုင်းပါသည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ချုပ်ဆိုခဲ့ပါကြောင်း၊ ယင်းကို သြဂုတ်လ ၂၆ ရက်နေ့  ပြည်ထောင်စု လွှတ်တော်၏ (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ အစည်းအဝေးတွင် အတည်ပြု ခဲ့ပါကြောင်း၊ ယင်းသို့ညှိနှိုင်းရရှိခဲ့သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမည့် အချက်များကို ၂၀၂၀ ပြည့်နှစ်အလွန်   အဆင့်လိုက် လုပ်ငန်းစဉ်များနှင့်   အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဇယား(၁)အဖြစ် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှ   ၂၁ ရက်နေ့ အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း၊ ယင်းမှာ ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း (၃)ဖြစ်ကြောင်း၊ ယင်းညီလာခံတွင်   ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကိုချုပ်ဆိုရာတွင် အစိတ်အပိုင်း(၃)၏  အပိုင်း(၂)အဖြစ် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်    အကောင်အထည်ဖော်မှု ဇယား(၁)ကို သဘောတူနိုင်ခဲ့ပါကြောင်း၊ ယင်းမှာ  ပိုပြီးအရေးကြီးသည့် ဇယားဖြစ်ကြောင်း၊ ထိုဇယားကို ဘုတ်တွင်ကပ်ထားပါကြောင်း၊ မိမိတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မည်သို့သွားမည် ဆိုသည်ကို တွေ့နိုင်ပါကြောင်း ပြောကြားသည်။

အစိုးရနှင့်   NCA - S  EAO တို့၏ နှစ်ဖက်အလုပ်အဖွဲ့များအကြား ဇယား(၁) ကို ဆွေးနွေးညှိနှိုင်းစဉ်ကပင် ဇယား-၂ ကိုလည်း   တစ်ပြိုင်တည်း ဆွေးနွေးခဲ့ကြပါကြောင်း၊   ဇယား(၁)ပါ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အချက်(၈)ချက်၏ တစ်ချက်ချင်းစီအောက်တွင်    အသေးစိတ်ထပ်မံ ဆွေးနွေးရမည့် အကြောင်းအရာ ခေါင်းစဉ်များကို    နှစ်ဖက်အဆိုပြု ခဲ့ကြပါကြောင်း၊ ဇယား(၂)တွင် အကြောင်းအရာခေါင်းစဉ်များ ထည့်သွင်း သဘောတူနိုင်ရေးအတွက် ဆက်လက် ဆွေးနွေးညှိနှိုင်းရန် အချိန်လိုအပ်နေကြောင်း၊   နှစ်ဖက်အလုပ် အဖွဲ့များက လက်ခံခဲ့ကြသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင်ကျင်းပသည့် (၉)ကြိမ်မြောက်     JICM အစည်းအဝေးတွင် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်  အကောင်အထည် ဖော်မှုများ (ဇယား-၂)ကို    နောင်တွင် ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားရန် သဘောတူ ခဲ့ကြပါကြောင်း ပြောကြားသည်။

ယခုအခါ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို    ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီး    အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ခေါင်းဆောင်များအပါအဝင် အဖွဲ့ဝင် ၂ ဦးစီကို ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များအား ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခြင်း၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှု  ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အဖွဲ့ဖြင့်    တွေ့ဆုံဆွေးနွေးခြင်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ  RCSS၊  NMSP၊ KNU/KNLA(PC) တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ   ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့်   ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့်   ဇယား-၂ ပါ ဆွေးနွေးရန် အချက်များနှင့်လည်းကောင်း    သဘောတူညီချက် ၇ ချက်ရရှိခဲ့ကြောင်း၊ ထို့ကြောင့်လည်း သဘောတူညီချက်များနှင့် ပတ်သက်ပြီး သဘောပေါက်ရန်အတွက် အစိတ်အပိုင်း (၃)မှ ဇယား (၂)ကို မီဒီယာများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ယခင်ကလည်းရှိပြီး ဖြစ်သော်လည်း   ဆက်လက်လေ့လာစေလိုပါကြောင်း၊ သို့မှသာ မီဒီယာများ အနေဖြင့် ပြည်သူလူထုကို ရှင်းလင်းစွာ အသိပေးနိုင်မည်ဖြစ်ကြောင်း၊   ထို့ပြင်  UWSA “ဝ” အဖွဲ့နှင့်လည်း   ယနေ့ထိ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့များနှင့်လည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ဦးဆောင်သည့် ညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ ၎င်းတို့တင်ပြထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ ပြင်ဆင်လိုသည့်အချက် ၉ ချက်ကို အဆိုပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏   ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားသည့်အပေါ် တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်   ပြည်သူလူထု၏ဆန္ဒဖြစ်သည့် နိုင်ငံရေးအရ    ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ အုပ်ချုပ်ရေးအရ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင်   ဒီမိုကရေစီစနစ်ကျင့်သုံးနေသည့် နိုင်ငံများစွာရှိကြောင်း၊ တစ်နိုင်ငံချင်းတွင် ကျင့်သုံးပုံများ တစ်ထပ်တည်းတူညီမှု မရှိကြောင်း၊   ထို့အတူ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ထပ်တူ  တူညီနေမှုမရှိကြောင်း၊   မိမိတို့တိုင်းပြည်၏သမိုင်းကြောင်း၊    ဓလေ့ထုံးစံများ၊ နိုင်ငံရေး၊ စီးပွားရေးနှင့်  ဒေသအခြေအနေများအပေါ်မူတည်ပြီး မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးနှင့်ကိုက်ညီသည့် အသင့်လျော်ဆုံးပုံစံကို ချမှတ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုပုံစံကိုရရှိနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးတိုင်ပင် အဖြေရှာခြင်း နည်းလမ်းဖြင့် မိမိတို့အစိုးရက ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အချိန်၌လည်း လက်တွေ့ဆောင်ရွက်လျက် ရှိကြောင်း၊ သက်ဆိုင်သူအားလုံးကလည်း နိုင်ငံနှင့်လူမျိုးအပေါ်   စေတနာထားပြီး လုပ်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။

တိုင်းရင်းသားများနှင့်  ပတ်သက်ပြီး နိုင်ငံတော်၏ နိုင်ငံရေးအပိုင်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည်   နိုင်ငံတော်အတွက် အသက်တမျှအရေးပါသည်ဖြစ်၍ တိုင်းရင်းသားညီအစ်ကိုများကြား သံသယများ ဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေးရရှိအောင်  ကြိုးစားတည်ဆောက်လျက်ရှိပါကြောင်း၊ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို   တစ်ရက်စောတည်ဆောက်နိုင်လျှင် ပြည်သူများအတွက် တစ်ရက်စောအကျိုးရှိမည်ဖြစ်ကြောင်း၊ ယင်းကိုလည်း အစိုးရအနေနှင့် တစိုက်မတ်မတ်လုပ်ဆောင်နေသည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ငြိမ်းချမ်းမှု တည်ဆောက်ရေးလုပ်ငန်းစဉ်များသာမက နိုင်ငံတည်ဆောက်ရေး (State Building) သာမက တိုင်းပြည် တည်ဆောက်ရေး (Nation Building)ကိုပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊   ဥပမာအားဖြင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန အနေဖြင့် စာပေဘာသာစကား၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့်   ဓလေ့ထုံးစံများကို ဆောင်ရွက်ခဲ့မှုအနေဖြင့်   တိုင်းရင်းသားဘာသာရပ် စာပေသင်ကြားရေး ဆရာ/ဆရာမများ နေရာတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားနိုင်သည့်     ပြင်ပပုဂ္ဂိုလ် Teaching Assistant(TA) ၁၂၁၂ ဦးနှင့် Language Teacher(LT) ၂ ဦးတို့ကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင်တိုင်းရင်းသားဘာသာရပ် စာပေအသစ်များဖြစ်ကြသည့် (တိုင်းခမ်းတီ၊ မော်ကယ်(ဆလုံ)၊ တောင်ရိုး၊ ခမီ၊ သက်) ၅ မျိုးအတွက်လည်း Teaching Assistant(TA) ၁၂၇ ဦးနှင့် Language Teacher(LT) ၃ ဦးတို့ကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍   ခန့်ထားပေးနိုင်ခဲ့ပါ ကြောင်း၊ လက်ရှိတွင် ကျောင်းသားဦးရေအရ ထပ်မံလိုအပ်နေသည့်   Teaching Assistant(TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် လစ်လပ်နေသည့် အခြေခံပညာကျောင်းများတွင်   လျှောက်လွှာသစ်များ ခေါ်ယူ၍ Teaching Assistant(TA) နှင့် Language Teacher(LT) များ ခန့်ထားနိုင်ရေး စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု များကိုထင်ဟပ်စေရန်အတွက် တိုင်းရင်းသား စာပေသင်ကြားရေးနှင့်   ပတ်သက်သည့် ဆရာ၊ ဆရာမများကို လစာတိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။

ယင်းသို့ တိုင်းရင်းသားစာပေများဖွံ့ဖြိုးတိုးတက်ရေးအပြင် အဆိုပါ တိုင်းရင်းသားဒေသရှိ တိုင်းရင်းသားစာပေ အမှန်တကယ်ကျွမ်းကျင်သည့်    တိုင်းရင်းသားများကို ပညာအရည်အချင်း လျှော့ပေါ့၍ (၉)တန်းအောင် တိုင်းရင်းသားများအား ခန့်ထားနိုင်ရေး ဆောင်ရွက်နေသည့်အတွက် တိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများ   တိုးတက်ရရှိစေပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ သင်ကြားနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တိုင်းရင်းသားစာပေ ၇၂ မျိုးအား ခွင့်ပြုသင်ကြားလျက် ရှိပါကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်မှာ မိမိတို့တိုင်းရင်းသားများ၏    စာပေ၊   ဘာသာစကား၊ ယဉ်ကျေးမှု များကို မပျောက်ပျက်အောင် တိုင်းပြည်တည်ဆောက်ရေး (Nation Building)ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ သင်ရိုးတွင်ပါဝင်သည့် ဘာသာရပ်တိုင်းကို တိုင်းရင်းသားဘာသာများဖြင့်   သင်ခြင်းမဟုတ်ဘဲ မြန်မာစာ၊ အင်္ဂလိပ်စာသင်သကဲ့သို့  ဘာသာစကားကိုသာ သင်ကြားပေးခြင်း ဖြစ်ကြောင်း၊    သင်ကြားရာတွင်လည်း သက်ဆိုင်ရာတိုင်းရင်းသားများရှိသည့် နေရာများ၌သာ သင်ကြားပေးသွားမည်ဖြစ် ပြီး အစိုးရ အနေဖြင့် တိုင်းရင်းသားများနှင့် ပတ်သက်သည့် စာပေ၊ ယဉ်ကျေးမှုများကို အစဉ်အမြဲ အားပေးလျက် ရှိပါကြောင်း၊ သို့သော်လည်း မိမိတို့ ဂရုပြုရမည်မှာ မိမိတို့ နိုင်ငံတွင်   ပြဋ္ဌာန်းသတ်မှတ်ထားသည့် ရုံးသုံးဘာသာစကား၊     ရုံးသုံးစာသည် မြန်မာစာနှင့် မြန်မာစကားဖြစ်ကြောင်းကို သတိပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌လည်း အများအားဖြင့် သတ်မှတ်ထားသည့် ရုံးသုံးစာ၊   ရုံးသုံးဘာသာစကားသည် တစ်မျိုးသာရှိကြောင်း၊ အချို့နိုင်ငံများတွင် နှစ်မျိုးသုံးမျိုးရှိသော်လည်း အများအားဖြင့် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံများတွင်  တစ်သမတ်တည်းဖြစ်အောင် သတ်မှတ်ထားကြောင်း၊ ထို့ပြင် တိုင်းရင်းသား တိုင်းသည် နိုင်ငံသားများဖြစ်၍ နိုင်ငံသားဖြစ်ခွင့်ရှိသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသများတွင်   နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများကို   နိုင်ငံသားစိစစ်ရေးကတ် အမြန်ရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။

တိုင်းရင်းသားမျိုးနွယ်စုများ အနေဖြင့်လည်း   မိမိတို့၏ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင်မြှင့်တင် ထိန်းသိမ်းရေးကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မတူညီသည့် တိုင်းရင်းသားလူမျိုးစုတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်   ဘာသာ၊ စာပေတို့သည် ပြည်ထောင်စု၏ အလှတရား ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့၏  ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ဘာသာစကား၊ စာပေများကို ဖော်ထုတ်ကြသကဲ့သို့ ပြည်ထောင်စု၏အလှ၊ နိုင်ငံတော်၏အလှကိုလည်း ဖန်တီးပုံဖော်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်   ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်ကိုလည်း   နှစ်စဉ်အနည်းနှင့် အများခံနေရသည့်   နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မိုးရာသီကာလအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ခြင်း စသည်ဖြင့် အခါအားလျော်စွာ ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး အမျိုးသားရေးအသွင်ဖြင့် ပုံဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌကိုယ်တိုင်   ဦးစီးဆောင်ရွက်သည့် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊   ကော်မတီအောက်တွင် လုပ်ငန်းကော်မတီများ၊  တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိ ပါကြောင်း ပြောကြားသည်။

ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့်  မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ  ထုတ်ပြန်ပေး လျက်ရှိသည့် မိုးလေဝသဆိုင်ရာ ကြိုတင်ခန့်မှန်းချက်နှင့် သတိပေးချက်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မိုးလေဝသအေဂျင်စီများ၏ ကြိုတင်ခန့်မှန်းချက်နှင့် အသိပေးချက်များ ကိုပါ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပြီး လိုအပ်သည့်သတင်းအချက်အလက်များ ရယူပေးလျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် မုန်တိုင်းအန္တရာယ်တစ်ခု ကျရောက်ပါက အရောင်အဆင့် ၅ မျိုးသတ်မှတ်ပြီး သတိပေးမှုများ ပြုလုပ်ပါကြောင်း၊ ယင်းတို့ကို နိုင်ငံပိုင် မီဒီယာများမှထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် ပြင်တွင် အပူပိုင်းမုန်တိုင်း စတင်ဖြစ်ပေါ်သည့် အချိန်အခါကို အဝါရောင်အခြေအနေ သတ်မှတ်ကြောင်း၊ ယင်းအဝါရောင်အရေးပေါ် အခြေအနေကို နိုင်ငံပိုင်မီဒီယာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊  ပုဂ္ဂလိကပိုင် မီဒီယာများနှင့် FM များမှ တစ်နာရီ ၂ ကြိမ်မှ ၃ ကြိမ်ခန့် သတိပေးချက်များထည့်သွင်း ထုတ်လွှင့်နေကြောင်း၊ အဝါရောင်အရေးပေါ် အခြေအနေဖြစ်သည့်နေရာဒေသမှ မြန်မာ့ ကမ်းရိုးတန်းဒေသသို့ ဦးတည်ရွေ့လျားလာ မည်ဆိုလျှင်  လိမ္မော်ရောင်အခြေအနေ သတ်မှတ်ထားပြီး မီဒီယာများဖြင့် တစ်နာရီလျှင် ၃ ကြိမ်မှ ၄ ကြိမ်ခန့်အထိ သတိပေးချက်များ ထုတ်လွှင့်သတိပေးပါကြောင်း၊ မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားလာပြီး မြန်မာ့ကမ်းရိုးတန်း သို့မဖြတ်ကျော်မီ (၁၂)နာရီအလိုကို အနီ ရောင်အရေးပေါ် အခြေအနေသတ်မှတ်ပြီး အန္တရာယ်ရှိသည့်အဆင့်ဖြစ်ကြောင်း၊ စီမံ ချက်ပါအတိုင်း ကြိုတင်ပြင်ဆင်ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အန္တရာယ်ရှိသည်ဖြစ်၍ လုံခြုံစိတ်ချရသည့်နေရာများကို ပြောင်းရွှေ့နေရာယူရန် ဖြစ်ကြောင်း၊ မုန်တိုင်းအသိပေးချက်ကို မီဒီယာမှ တစ်နာရီလျှင် ၃ ကြိမ်မှ ၆ ကြိမ်ခန့်အထိ အချိန်နှင့်တစ်ပြေးညီ စာတန်းထိုး၍  ကြားဖြတ်အစီအစဉ်ဖြင့် မကြာခဏထုတ်လွှင့်ပေးမှုရှိကြောင်း၊ နိုင်ငံပိုင်မီဒီယာအပြင် တက်ရောက်လာကြသည့် မီဒီယာများအနေဖြင့်လည်း ပြည်သူလူထုကို အသိပေး၊ သတိပေးရန် လိုအပ်သကဲ့သို့ ပြည်သူလူထုအနေဖြင့်လည်း မုန်တိုင်းသတင်း များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်း များနှင့်ပတ်သက်၍ အမြဲနားစွင့်မိနေရန်၊ သတိရှိရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သတိပေးချက်၊ ကြိုတင် ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ပေး ရန်ပြောလိုပါကြောင်း ပြောကြားသည်။

မုန်တိုင်းသတိပေးချက်များထုတ်ပြန်သည့် နေရာတွင် ပြည်သူများအနေဖြင့် မုန်တိုင်း၏ တည်နေရာနှင့် မိမိနေထိုင်ရာ အကွာအဝေး၊ မုန်တိုင်း၏ရွေ့လျားရာလမ်းကြောင်းနှင့် မိမိနေထိုင်ရာ အကွာအဝေး၊ မုန်တိုင်း အမျိုးအစား၊ မုန်တိုင်းဖြတ်ကျော်မည့် ခန့်မှန်းဒေသနှင့် မိမိတို့နေထိုင်ရာ အကွာအဝေးတို့ကို သတိပြုရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် မုန်တိုင်း သတင်းများနှင့်ပတ်သက်ပြီးဖြစ်စေ၊ သဘာ၀ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဖြစ်စေထုတ် လွှင့်ရာတွင် မီဒီယာများကိုလည်း လမ်းညွှန် မှာကြားထားပါကြောင်း၊ ထုတ်လွှင့်ရာတွင် ပါးစပ်က ပြောသွားခြင်းမျိုး၊  စာတန်းထိုးဖော်ပြခြင်းမျိုး မဟုတ်ဘဲ မုန်တိုင်းရောက်နေ သည့်နေရာ၊ ဖြတ်ကျော်နိုင်သည့် နေရာတို့ကို ပြည်သူလူထုအားလုံးသိရှိနိုင်စေမည့် မြေပုံ မျိုး၊ ပြည်သူလူထုအားလုံး သတိပြုနိုင်စေမည့် အချက်အလက်မျိုးများနှင့် ထုတ်ပြန် ပေးရန် လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် နိုင်ငံပိုင်မီဒီယာများရော ပုဂ္ဂလိကပိုင်မီဒီယာ များကိုပါဖြန့်ဝေပြီး ထုတ်ဝေပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ပြီးခဲ့သည့်  မေလ ၂၀ ရက်နေ့တွင် လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန် စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ၊ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသအချို့ တို့တွင် အချိန်မီသတိပေးနိုင်မှုနှင့် ကာကွယ်စောင့်ရှောက်ပေးနိုင်မှုများ ရှိခဲ့ပါကြောင်း၊ ပြည်နယ်အစိုးရ၏ မှန်ကန်သည့် စုဖွဲ့မှု၊ ကောင်းမွန်သည့် ဇာတ်တိုက်လေ့ကျင့်မှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၄ နာရီ အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြဿနာအခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် အသက်ရှင်ကျန်ရစ် သူတိုင်းရှင်သန်ရပ်တည်နိုင်ရမည် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လူမှုအဖွဲ့ အစည်းများပူးပေါင်းပြီး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများ ကို  ထောက်ပံ့မှုများ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် နေပြည်တော်ကောင်စီနှင့် တိုင်း ဒေသကြီး၊ ပြည်နယ် အသီးသီးတွင် ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံ စုစုပေါင်း ၁၃၄ ခု ဖွင့်လှစ်ထားရှိပြီး ကယ်ဆယ်ရေး ပစ္စည်းများကို သတ်မှတ်အိမ်ထောင်စုများအတိုင်း အဆင့်ဆင့် အဆင်သင့်သိုလှောင်ထားရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက် လာပါက အရေးပေါ် ခိုလှုံရန်နေရာများအဖြစ်  ဘေးဒဏ်ခံ အဆောက်အအုံ (shelter)များကို တိုင်းဒေသကြီး/ပြည်နယ်  ၁၁ ခု တွင် တည်ဆောက်ထားရှိရာ စုစုပေါင်း ၂၁၉ လုံးတည်ဆောက်ပြီး ဖြစ်ပြီး ၂၃ လုံး တည်ဆောက်ဆဲဖြစ်ကြောင်း၊ သဘာဝဘေး ဖြစ်ပွားချိန်တွင် ရှာဖွေကယ်ဆယ်ရေး ဘေးလွတ်ရာရွှေ့ပြောင်းခြင်း အပါအဝင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် စက်လှေ၊ အသက် ကယ်အင်္ကျီများကိုလည်း တိုင်းဒေသကြီး^ ပြည်နယ်များအလိုက် လိုအပ်ချက်ပေါ် မူတည်ပြီး ကြိုတင်ဖြန့်ခွဲထားရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလအထိ စုစုပေါင်းစက်လှေ ၄၉၆ စင်းကို လိုအပ်သည့်နေရာများတွင် ဖြန့်ခွဲထားရှိပါကြောင်း၊ တပ်မတော်အနေ ဖြင့်လည်း သဘာဝဘေး အန္တရာယ်ကျရောက်ပါက ကူညီဆောင်ရွက်နိုင်ရန်  ကြိုတင်ပြင်ဆင် ထားရှိပါကြောင်း၊ ယခင်တပ်မတော် သတင်းစာရှင်းလင်းပွဲများ ကတည်းကတိုင် အားလုံးသိပြီးဖြစ်မည် ဖြစ်ကြောင်း၊  ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကတည်းက ၂၀၁၇ ခုနှစ်တွင်  သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး တပ်မတော် တပ်ရင်း/တပ်ဖွဲ့ အသီးသီးကို အပြီးသတ်ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊  သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တပ်မတော်တပ်ရင်း/တပ်ဖွဲ့အသီးသီးအနေဖြင့် အမိန့်စောင့်စရာမလိုဘဲ သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေရာတွင် မိမိတွင်ရှိသည့် အင်အားနှင့် မိမိတွင်ရှိသည့် စွမ်းအားဖြင့် အမြန်ဆုံးသွားရောက် ကူညီရန်အတွက် အမိန့်ပေးပြီး ဖြစ်ပါကြောင်း၊ ပြီးမှသာ ပြန်လည်တင်ပြ ခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချိန်မီကူညီကယ်ဆယ်ရေး ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ဆောင်ရွက်ရမည့် ဌာနဆိုင်ရာများ၊ စစ်ဘက်/နယ်ဘက်တာဝန် ရှိသူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ စီမံချက်ပါအတိုင်း  ဆောင်ရွက်နိုင်ရေး လက်တွေ့  ဇာတ်တိုက်လေ့ကျင့်မှု များရှိသကဲ့သို့ ပြည်သူများ  ပါဝင်လာသည်အထိ စည်းရုံး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဖွဲ့အစည်းအားလုံး လက်တွေ့မြေပြင်တွင် သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအတွက် ညီညီညွတ်ညွတ်နှင့် ပူးပေါင်းလုပ်ဆောင် လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ အထွေထွေအကြောင်း အရာများကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ ပထမဆုံး အကြောင်းအရာ အနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် မျောက်ကျောက်ရောဂါအကြောင်းဖြစ်ပါကြောင်း၊ အသေးစိတ်သိရှိလိုပါက ကျန်းမာ ရေးဝန်ကြီးဌာနက ထပ်မံရှင်းပြမည်ဖြစ်ပါ ကြောင်း၊ မျောက်ကျောက်ရောဂါ (Mon keypox)သည်  တိရစ္ဆာန်များမှ  လူကိုကူးစက်နိုင်သည့် ဗိုင်းရပ်ရောဂါပိုး(Ortho-poxvirus)ဖြစ်ပြီး ကျောက်ကြီးမျိုးနွယ်ဝင် ရောဂါပိုးဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့အထိ အာဖရိကဒေသ ပြင်ပနိုင်ငံ ၁၂ နိုင်ငံတွင် အတည်ပြုလူနာ ၉၂ ဦးနှင့် သံသယလူနာ ၂၈ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ မရှိသေးဟူ၍ သိရှိရပါကြောင်း ပြောကြားသည်။

လူအချင်းချင်းကူးစက်မှုအနေနှင့် ရောဂါပိုးရှိသူ၏ နှာရည်၊ ချွဲသလိပ်များ၊ အရေပြား ထိခိုက်ဒဏ်ရာ များမှတစ်ဆင့် ကူးစက်နိုင်သည်ဟု သိရပါကြောင်း၊  ရောဂါလက္ခဏာများအနေနှင့် အဆင့် ၂ ဆင့်ရှိပါကြောင်း၊ ပထမအဆင့်တွင် အဖျားကြီးခြင်း၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊   အားအင်ကုန်ခန်းခြင်း၊ ရောင်ရမ်းခြင်း များ  ဖြစ်တတ်ပါကြောင်း၊  ဒုတိယအဆင့်အနေနှင့် ဖျားပြီး ၁ ရက်မှ ၃ ရက်အကြာတွင် အရေပြားပေါ်တွင်  အနီကွက်များနှင့် အဖုအပိမ့်များ   ထွက်ပေါ်လာတတ်ပါကြောင်း၊ ကိုယ်ခန္ဓာအတွင်း ရောဂါပိုး စတင် ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာပြသည်အထိ ၆ ရက်မှ ၁၃ ရက်ခန့်အထိ ကြာမြင့်နိုင်ပါကြောင်း၊ ရောဂါလက္ခဏာများ သည် ယေဘုယျအားဖြင့် ၂ ပတ်မှ ၆ ပတ် ခန့်အထိ ကြာမြင့်ပြီးနောက်တွင် သဘာ၀ အလျောက် ပျောက်ကင်းနိုင်သည်ဟု သိရပါ ကြောင်း၊ မြန်မာနိုင်ငံ၌ဖြစ်ပွားလေ့ရှိသည့် ရေကျောက်ရောဂါသည် မျောက်ကျောက် ရောဂါနှင့် သဘောသဘာဝချင်းမတူညီသလို ရောဂါလက္ခဏာအနေနှင့်လည်း ကွဲပြားပါ ကြောင်း၊  ထို့ကြောင့် အရေပြားပေါ်တွင် အဖုအပိမ့်များထွက်သမျှ   အားလုံးကို မျောက်ကျောက်ရောဂါဟု ထင်မှတ်မှားပြီး အရမ်းစိုးရိမ်မနေဘဲ  နီးစပ်ရာဆေးရုံ/ဆေးခန်းများကို သတင်းပို့ပြီး စစ်ဆေးကုသ မှုခံယူရန် လိုအပ်ကြောင်းကို ပြည်သူလူထုကို ဦးစွာ အသိပေးလိုပါကြောင်း ပြောကြားသည်။

မျောက်ကျောက်ရောဂါသည် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကမ္ဘာ့ကပ်ရောဂါအသွင်ပြန့် ပွားနိုင်ခြေ နည်းပါးသော်လည်း ရောဂါပိုး သယ်ဆောင်သူမှတစ်ဆင့် ၎င်းနှင့် ထိတွေ့မိသည့် လူများတွင် ကူးစက်နိုင်ခြေ များသည့်အတွက် ရောဂါကာကွယ်ရေးနည်းလမ်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါကြောင်း၊   သတိပြုလိုက်နာကြရန် လိုပါကြောင်း၊ ယခင်ကာကွယ်ရေး နည်းလမ်းများ သာဖြစ်ကြောင်း၊ ခက်ခဲသည့် နည်းလမ်းများ မဟုတ်ကြောင်း၊ အသားစိမ်းများကို ကျက်အောင်ချက်ပြုတ်ပြီးမှစားရန်၊ တောရိုင်း တိရစ္ဆာန်များနှင့်  အကာအကွယ်မရှိဘဲ မထိတွေ့ရန်၊ တိရစ္ဆာန်များကို ထိတွေ့မှုရှိ ခဲ့ရင်လည်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊ သံသယဖြစ်ဖွယ်လူနာများနှင့် ထိတွေ့ပါက Alcohol ပါဝင်သည့် လက်သန့်ဆေးရည်များနှင့် စနစ်တကျဆေးကြောရန်လိုအပ်ပါကြောင်း၊ သံသယဖြစ်ဖွယ်လက္ခဏာ ခံစားရပါက အခြားသူများနှင့် ထိတွေ့မှုမရှိစေရန် ဂရုပြုနေထိုင်ရမည်ဖြစ်ပြီး နီးစပ်ရာ ဆေးရုံ/ဆေးခန်းများကို အမြန်ဆုံးသွား ရောက်ပြသပြီး စစ်ဆေးကုသမှုခံယူကြရ မည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေနှင့် မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်စရာမလိုဘဲ ရိုးရှင်းသည့် ရောဂါကာကွယ်ရေး နည်းလမ်းများကို သတိ ပြုလိုက်နာကြရန်နှင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနှင့် နေထိုင်သွားကြရန် သာလိုအပ်ကြောင်း ပြောကြားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး မိမိပြောလိုပါ ကြောင်း၊ ပြီးခဲ့သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်လည်း တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းပညာသင်နှစ်အတွက် အစိုးရ၊ ကျောင်းသားမိဘနှင့် ကျောင်းသား၊ ကျောင်းသူများက များစွာမျှော်လင့်မှုရှိပါကြောင်း၊ အစိုးရပိုင်းအနေနှင့် ပညာသင်နှစ် အစတွင် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် မြို့နယ်အဆင့်အထိ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ တစ်နိုင်ငံလုံး   အတိုင်းအတာအနေဖြင့် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်   ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းအပ်နှံရေး ဆောင်ရွက်သည့်အခါ မိမိတို့အနေဖြင့် ကျောင်းအပ်နှံသည့် စာရင်းများနှင့် ပတ်သက်ပြီး   တွက်ချက်သည့်  နေရာတွင် ယမန်နှစ်က ကျောင်းအပ်နှံမှု စာရင်းဖြင့် တွက်ချက်ရပါကြောင်း၊ အဘယ် ကြောင့် ထိုသို့မူတည်ပြီး တွက်ချက်ရသည်မှာ တန်းစဉ်ကူးပြောင်းမှုများရှိပါကြောင်း၊ လွယ်လွယ်ပြောရမည်ဆိုပါက ယခုနှစ် တစ်တန်းတက်သူသည်  လာမည့်နှစ်တွင် နှစ်တန်း   တက်ရမည်ဖြစ်ပါကြောင်း၊ နှစ်တန်းတက်သူများက နောက်နှစ် သုံးတန်းတက်ရောက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းအပေါ်မူတည်ပြီး ယခင်နှစ်က မည်မျှအပ်ခဲ့ကြောင်း၊ ယခုနှစ်တွင် မည်မျှအပ်မည်ဆိုသည်များကို မူတည်ပြီး တွက်ပါကြောင်း၊ ထိုသို့တွက်ချက်ရာတွင် ယခင်နှစ်အပ်နှံမှု ၅.၃ သန်းရှိပါကြောင်း၊ ယခုနှစ်တွင် မေလ ၃၁ ရက်နေ့ထိ  အပ်နှံပြီးသူ ၅ ဒသမ ၂ သန်းရှိပြီး ၉၉ ဒသမ ၂၄ ရာခိုင်နှုန်း အပ်နှံပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အပ်နှံမှုများ တွက်ချက်ရာတွင်လည်း ယခင်နှစ်အပ်နှံမှုကို အခြေခံပြီး တွက်ချက်ရပါကြောင်း၊ တချို့ တိုင်းဒေသကြီး^ပြည်နယ်အလိုက် အပ်နှံမှု များကိုပြောလိုပါကြောင်း၊ ကချင်ပြည်နယ်တွင် စာရင်းရှိ ၁၈၅၀၀၀ ဦးကျော်ဖြစ်ကြောင်း၊ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံမှု စာရင်း ၁၈၇၀၀၀ ဦးကျော်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၀၁ ဒသမ ၀၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ကယားပြည်နယ် စာရင်းရှိ ယခင်နှစ်က ၅၁၈၁ ဦးဖြစ်ပါကြောင်း၊ ယခုနှစ်ကျောင်း အပ်နှံမှု ၁၂၂၂၄ ဦးဖြစ်ပြီး ၂၃၅ ဒသမ ၉၄ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ကရင်ပြည်နယ် တွင် စာရင်းရှိ ၁၅၆၀၀၀ ဦးကျော်ဖြစ်ပါ ကြောင်း၊ ယခုနှစ် ကျောင်းအပ်နှံမှုစာရင်း ၂၁၁၀၀၀ ဦးကျော်ဖြစ်ပြီး ၁၃၅ ဒသမ ၄၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ချင်းပြည်နယ်တွင် ယခင်နှစ်က ၃၂၉၀၄ ဦးဖြစ်ပါကြောင်း၊ ယခုနှစ် ကျောင်းအပ်နှံမှု ၂၂၀၄၃ ဦးဖြစ်ပြီး ၆၆ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခင်နှစ်က ၂၇၉၇၃၅ ဦးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ၁၃၈၀၀၀ ဦးကျော်ဖြစ်ပြီး ၄၉ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသ ကြီးတွင် ယခင်နှစ်က ၃၅၃၀၀၀ ဦးကျော်ဖြစ်ပါကြောင်း၊ ယခုနှစ် ၃၅၅၀၀၀ ဦးကျော်ဖြစ်ပြီး ၁၀၀ ဒသမ ၅၄ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်နှစ်က ၅၈၇၀၀၀ ဦးကျော်ဖြစ်ပါကြောင်း၊ ယခုနှစ် ၆၉၆၀၀၀ ဦးကျော်ဖြစ်ပြီး ၁၁၈ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယခင်နှစ်က ၈၃၃၀၀၀ ဦးကျော်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ၉၁၇၀၀၀ ဦးကျော်ဖြစ်ပြီး ၁၁၀ ဒသမ ၁၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအရ ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းအပ်နှံ မှုအများဆုံးမှာ  ၉၁၇၇၂၇ ဦး   ဖြစ်ပါ ကြောင်း၊ ချင်းပြည်နယ်တွင် အနည်းဆုံးဖြစ်ပြီး ၂၂၀၀၀ ဦးကျော်သာ  ကျောင်းအပ်နှံနိုင်ကြောင်း သိရပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းအပ်နှံမှုလုပ်ငန်းများ ကျောင်းနေအရွယ် ကလေးငယ်များနှင့် ပတ်သက်ပြီး အားလုံးကျောင်းနေနိုင်ရေး လုပ်ငန်းများကို အစိုးရနှင့် တာဝန်ရှိသူများက ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  နိုင်ငံတော်အနေနှင့် ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) (အခြေခံပညာအလယ်တန်း) အဆင့်ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  (KG+9) ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားသည့်   ကျောင်းများကို  ဆက်လက်တက်ရောက်နိုင်ပြီး  လုပ်ငန်းခွင်ဝင်ရောက်နိုင်မည် ဖြစ်သကဲ့သို့ သတ်မှတ်သည့် အရည်အချင်းပြည့်မီပါက  အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်မည် ဖြစ်ကြောင်း၊ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှု မရှိစေရေးနှင့်  ကျောင်းသား၊ ကျောင်းသူများ  ပညာသင်ယူခွင့်ရရှိရေးအတွက် ကျောင်းအပ်နှံရေးဆောင်ရွက်မှုသည်   ကျောင်းသားတစ်ဦး   ပညာတတ်မြောက်ရေး၏  ကနဦးခြေလှမ်းပင် ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး  လှုပ်ရှားဆောင်ရွက်မှုများကို ပုံများဖြင့်  ဖော်ပြထားပါကြောင်း၊ တက်ရောက်လာသည့်မီဒီယာသမားများ အနေဖြင့် မိဘတစ်ဦးနေရာမှ ခံစားကြည့်စေလိုပါကြောင်း၊ ကျောင်းသားများတက်ကြွသလို မိဘများလည်း ကြည်နူးတက်ကြွနေသည်ကိုလည်း  တွေ့ရမည်ဖြစ်ကြောင်း ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၆(က၊ ခ)တွင် နိုင်ငံသားတိုင်း သည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ   ပညာ သင်ကြားပိုင်ခွင့်ရှိသည် ၊  ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် မသင်မနေရ အခြေခံ ပညာများကို သင်ကြားရမည် ဟု ပါရှိပါကြောင်း၊ နိုင်ငံတော်အပိုင်းက  ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့်ရအောင် ဆောင်ရွက်ထား ပါကြောင်း၊ ကျောင်းသားတစ်ဦးတွင် ပြဋ္ဌာန်းစာအုပ်တစ်စုံ၊   ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင်တို့ကို  အခမဲ့ပေးအပ် လျက်ရှိပါကြောင်း၊ မူလတန်းကလေးငယ် များကို ကျောင်းဝတ်စုံပါ အခမဲ့ထောက်ပံ့ပေးနေလျက် ရှိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်  ယနေ့ကျောင်းသားလူငယ်များကို    ပညာတတ်မြောက်စေပြီး   အနာဂတ် နိုင်ငံတော်ကို ဦးဆောင်မည့် နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်စေလိုပါကြောင်း၊  ထို့ကြောင့် ၎င်းတို့၏ ရပိုင်ခွင့်ဖြစ်သည့်  ပညာသင်ယူမှုကို  မည်သူ့ကြောင့်မျှ မဆုံးရှုံးစေလိုပါကြောင်း၊ ပညာသင်ကြားခြင်းသည် အစိုးရဆိုသည်ထက် ကျောင်းသား/မိဘများ ကိုယ်တိုင်နှင့် သက်ဆိုင်ပါကြောင်း၊ ပညာမသင်ကြားလိုပါက  ကျောင်းသားများ ကိုယ်တိုင်နစ်နာမှု ရှိသကဲ့သို့  နိုင်ငံတော်အတွက်လည်း နစ်နာရပါကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းများ   ဖွင့်လှစ်ခြင်းသည် အစိုးရအတွက် မဟုတ်ပါကြောင်း၊  ယင်းကို အကြမ်းဖက် အဖွဲ့များက  နည်းလမ်းပေါင်းစုံနှင့်  အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများအပေါ် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ စာသင်ကျောင်းများ မီးရှို့ခြင်း၊ ကန့်ကွက်စာများ ရေးသားခြင်း၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ  ဖြန့်ဝေမှုအပေါ်တွင်  တားဆီးနှောင့်ယှက်ခြင်း၊ ငွေကြေး တောင်းခံခြင်းနှင့်  မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ပါကြောင်း၊    ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေသည့် နေရာတွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အကြမ်းဖက်အဖွဲ့များမှ ကျောင်းသုံးဖတ်စာအုပ်များကို   မီးရှို့ဖျက်ဆီးခြင်းနှင့်   ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်  ထိုဖြစ်စဉ်ပေါင်း ၂၄ ကြိမ်ပြုလုပ်ခဲ့ပြီး  ဆုံးရှုံးမှုအနေဖြင့်  ကာလ တန်ဖိုး ၅၉၄ သိန်းကျော်ဆုံးရှုံးခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  အသုံး ပြုရန်အတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို အကြမ်းဖက် သမားများအနေဖြင့်  မေလ ၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊  သရက်ချောင်းမြို့နယ်အနီးတွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ် ၂ စီးအပေါ်က ဆာလာအိတ်  ၄၈ အိတ်ကို  လမ်းဘေးချပြီး  မီးရှို့ဖျက်ဆီးခဲ့ပါကြောင်း၊ ယုတ်မာရိုင်းစိုင်းသည့် အောက်တန်းကျသည့်လုပ်ရပ်ဖြစ်သည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးနေသည့်ပုံများကို မိမိတို့နိုင်ငံအပေါ် အမြဲတမ်းစွပ်စွဲနေသည့်  နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံများ မမြင်ဘူးလားဟု မေးလိုပါကြောင်း၊ အကုန်မြင်ပါကြောင်း၊  မမြင်ချင်ယောင်ဆောင် နေခြင်းသာ ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ အနာဂတ်ကို   ဖျက်ဆီးနေခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် မေလ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပညာရေးမှူးရုံးက ဖောင်းပြင်မြို့နယ်  ပညာရေးမှူးရုံးကို  ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များပါဝင်သည့် ပီနံအိတ် နှင့်   စက္ကူဂျပ်ဖာတို့အား   မော်လိုက်-ဖောင်းပြင် ကုန်တင်ရေယာဉ်နှင့် ပို့ဆောင်ပေးခဲ့ပါကြောင်း၊    ယင်းရေယာဉ်ကို မော်လိုက်မြို့နယ်၊ ယုဝကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့များက  ကျောင်းသုံး ဗလာစာအုပ် ဒါဇင် ၁၀၀၀ ၊ Grade-11 သင်ရိုးအတွက်  စာရိတ္တနှင့်ပြည်သူ့နီတိ ပုံနှိပ်စာအုပ် ၂၅၀၀ အုပ်အပါအဝင် စုစုပေါင်းပုံနှိပ်စာအုပ်  ၄၇၀၀ အုပ်ကို လုယက်ယူဆောင်ပြီး     ရေယာဉ်ကို ဆက်လက်ထွက်ခွာသွားစေခဲ့ပါကြောင်း၊ မြေပြင်တွင်  ဖြစ်ပျက်ခဲ့သည့်  အဖြစ်အပျက်များဖြစ်ကြောင်း၊ ထို့ပြင်  စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း မော်လိုက်၊ ခန္တီးဒေသကိုပို့ရမည့် ပုံနှိပ်စာအုပ်များပါသည့် စက်လှေကို PDF များက ဖမ်းဆီးမီးရှို့ရန် လုပ်ဆောင်ပါကြောင်း၊ တာဝန်ခံက ငွေ ၁၀ သိန်းပေးမှသာ ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်လည်း ရှိပါကြောင်း၊ ပညာရေးနှင့် ပတ်သက်ပြီး ကျောင်းသုံးစာအုပ်များကို မိမိတို့ပို့ပါကြောင်း၊ ကျောင်းသုံးစာအုပ်နှင့် ပတ်သက်ပြီး  အခွန်ကောက်ပါကြောင်း၊ ယင်းပြေစာဖြတ်ပိုင်းအား  ကြည့်စေလိုပါကြောင်း၊ ပြေစာဖြတ်ပိုင်းကို ဘုတ်တွင်ကပ်ထားပါကြောင်း၊ နာမည်ထုတ်မပြော လိုပါကြောင်း၊   မည်သည့်အဖွဲ့အစည်းက မည်သို့လုပ်သည်ကို မျက်မြင်သက်သေ ဖြစ်ပါကြောင်း ပြောကြားသည်။

ကျောင်းဖွင့်ရန်ပြင်ဆင်ချိန်ကာလဖြစ်သည့် မေလ ၁၁ ရက်နေ့  ည ၁၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာ   အခြေခံ ပညာအလယ်တန်းကျောင်း မီးရှို့ဖျက်ဆီးခံရမှု၊  မေလ ၂၈ ရက်နေ့ မွန်လွဲ ၂ နာရီခွဲအချိန်ခန့်တွင် ထားဝယ်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရမှု၊ မေလ ၂၉ ရက်နေ့  နံနက် ၁ နာရီအချိန်တွင် ကလေးမြို့   အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း  မီးရှို့ခံရမှုဖြစ်ပြီး ကျောင်းဆောင်အားလုံး မည်သို့မျှသုံးစွဲ၍ မရတော့သည့်ပုံကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)  နောင်ချိုမြို့ မြို့နယ်ပညာရေးမှူးရုံး နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမ၌ ပညာရေးမှူးရုံးတွင် ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာ/ဆရာမများ  ပညာရေး အစည်းအဝေး ပြုလုပ်နေစဉ်တွင်   ရီမုမိုင်းဖြင့် မိုင်းထောင် ဖောက်ခွဲမှုကြောင့် လက်ထောက် မြို့နယ်ပညာရေးမှူး အပါအဝင် ကျောင်းအုပ် ဆရာ/ဆရာမ၊  အရပ်သားဝန်ထမ်း ၇ ဦးဒဏ်ရာရ  တစ်ဦးသေဆုံး၊  ထိခိုက်ဒဏ်ရာရမှု  ဖြစ်စဉ်များဖြစ်ခဲ့ပါကြောင်း၊  ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သည့် ပညာရေးဝန်ထမ်းနှင့် ပတ်သက်ပြီး  မိမိတို့အစိုးရအနေဖြင့် မိသားစုနှင့်   ထပ်တူဝမ်းနည်းကြောင်းကို   မိမိတို့ပြောလိုပါကြောင်း၊ ထိရောက်သည့်  အရေးယူဆောင်ရွက်မှုများကို  ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့နောက်  နောင်ချိုတွင် ဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ်နှင့်  ပတ်သက်ပြီး မြန်မာနိုင်ငံတွင်ရှိသည့်    အဖွဲ့အစည်းအသီးသီးမှ  သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ထားပါကြောင်း၊ မည်မျှအထိ ယုတ်မာရိုင်းစိုင်းသည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း၊  တပ်မတော်ကိုလက်ညှိုးထိုးနေသည့် နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊   ပြည်ဖျက်မီဒီယာများအနေဖြင့် မည်သည့်အသံမျှ  ထွက်မလာပါကြောင်း၊ နိုင်ငံတကာမှ ထောက်ပံ့နေသည့် ငွေများ၊ အလှူခံရရှိခဲ့သည့် ငွေများသည်  မိမိမေးလိုသည်မှာ မိမိတို့ ဆရာ/ဆရာမများကို သတ်ရန်အတွက်လား။ မိမိတို့   ကျောင်းသား/ကျောင်းသူများ၏  အနာဂတ်ဖြစ်သည့်    ပြဋ္ဌာန်းစာအုပ်များ၊  မိမိတို့ ကျောင်းသား/ကျောင်းသူများ၏ ပညာရေးကို အညွန့်ချိုးရန်အတွက်လား။ မိမိတို့ တစ်နိုင်ငံလုံး  ပညာမတတ်ဘဲ အခြားသူများ၏  အမြဲခိုင်းဖတ်ဖြစ်စေလိုခြင်းကြောင့်  ပုံသွင်းနေသလားဟု မိမိတို့စဉ်းစားရမည်ဖြစ်ကြောင်း၊  ယင်းတို့ထောက်ပံ့နေသည့်  ငွေကြေး/အထောက်အပံ့များသည်  မြန်မာတစ်နိုင်ငံလုံးတွင် ရှိသည့် ကျောင်းသားများ/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊   ပြည်သူလူထု၏ အနာဂတ်ကို ဖျက်ဆီးနေသည်ကို  ယင်းနိုင်ငံတကာအသိုင်းအဝိုင်းများ၊ ထောက်ပံ့နေသည့်နိုင်ငံများ၊  ထောက်ပံ့နေသည့် လူများသိစေရန် မိမိယခု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုပါကြောင်း၊ ယခုပြောကြား ချက်များကို ယနေ့တက်ရောက်လာသည့် မီဒီယာများက ပြန်လည်ပြီး လက်ဆင့်ကမ်းပေးစေ လိုသည်ဟု ပြောလိုပါကြောင်း၊  မိမိတို့အစိုးရအတွက် လုပ်နေခြင်း မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် လုပ်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားများအတွက် လုပ်နေခြင်းဖြစ်ကြောင်း၊ မိမိတို့၏  ပြည်သူလူထုအတွက် ဖြစ်ပါကြောင်း၊ အစိုးရ၏အနာဂတ်မဟုတ်ပါကြောင်း၊   မီဒီယာတို့၏  သားသမီးများအနာဂတ်၊   မိမိတို့သားသမီးများ၏ အနာဂတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ သားသမီးများ အနာဂတ်ဖြစ်သဖြင့်  မိမိမေတ္တာ ရပ်ခံလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ နောင်ချိုကိစ္စနှင့် ပတ်သက်၍ ဆက်စပ်မှုတစ်ခု မိမိပြောလိုပါကြောင်း၊ သတိပြုမိသည်မှာ ရွေးကောက်ပွဲပြီးစဉ်အခါက  ထိုနေရာတွင်ရှိသည့်   NLD လွှတ်တော်အမတ်တစ်ဦး အသတ်ခံရကြောင်း၊ နောင်ချိုသည့် UEC ၏ မဲဆန္ဒနယ်အရ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)တွင် ပါဝင်ပါကြောင်း၊ ကျောက်မဲခရိုင်နှင့် မိုးမိတ်ခရိုင် ပါဝင်ပါကြောင်း၊ ကျောက်မဲခရိုင်တွင်  ကျောက်မဲ၊  သီပေါ၊ နမ္မတူ၊ နောင်ချိုပါဝင်ပါကြောင်း၊ SNLD ပါတီကအားကောင်းသည့် နေရာဖြစ်ပါကြောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက မဲရုံတွင်ရေတွက်ပြီး ရရှိခဲ့သည့် မဲပေါင်း ၉၉၃၁၁ မဲဖြစ်ပြီး NLD ပါတီက ရရှိသည်မှာ ၉၁၄၂၃ မဲဖြစ်ပါကြောင်း၊ မဲရုံတွင်ရရှိခဲ့သည့် မဲပေါင်း ၈၀၀၀ ကျော်ကို  NLD လွှတ်တော်အမတ်က နိုင်နေပြီးဖြစ်ကြောင်း၊  သို့သော် မဲရုံပိတ်ခါနီးတွင် ကြိုတင်မဲများရောက်လာပြီး ထိုအချိန်တွင်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရရှိခဲ့သည့် မဲပေါင်း ၁၈၀၆၈ မဲဖြစ်ကြောင်း၊ ကြိုတင်မဲတွင်  SNLD ပါတီ ကရသည့် မဲသည် ၁၀၁၂၆ မဲ ဖြစ်ပြီး NLD ပါတီက ၄၄ မဲအသာဖြင့် လွှတ်တော်အမတ်ဖြစ်သွားခဲ့ကြောင်း၊  နိုဝင်ဘာလတွင် NLD ပါတီက လွှတ်တော်အမတ် ဦးထိုက်ဇော် အသတ်ခံလိုက်ရကြောင်း၊ ထိုအချိန်က SNLD ပါတီက ကြိုတင်မဲများကို ကန့်ကွက်ခဲ့ကြောင်း၊ ကျောက်မဲခရိုင် UEC က ၎င်းတို့နှင့် မဆိုင်ပါကြောင်း၊ မေးလိုပါက မိုးမိတ်ကို SNLD ပါတီက ကိုယ်တိုင်သွားမေးဟုပြောခဲ့ပါကြောင်း၊ မိမိပြောလိုသည်မှာ ထိုနယ် တစ်နယ်လုံးတွင် အဓိက ထိုကိစ္စများ ဖြစ်ပေါ်ရန်အတွက် လှုံ့ဆော်ပေးသည့်သူရှိပါကြောင်း၊ မဲမသမာမှု ဖြစ်စေရန် ဦးဆောင်လှုံ့ဆော်သူရှိကြောင်း၊  ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက NLD ပါတီကဖြစ်ကြောင်း၊   ယခုအခါ ၎င်းကိုယ်တိုင်မရှိပါကြောင်း၊ ပြည်ပထွက်ခွာ/တောခိုသည့်အထဲတွင် ပါသွားပြီဖြစ်ကြောင်း၊ ထိုသို့ဖြစ်ခဲ့သည့် နယ်မြေဖြစ်ကြောင်း၊ ယခုအချိန်တွင်လည်း ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း၊  နောင်ချိုမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ခဲ့သည့်  အဖြစ်အပျက်သည် မိမိပြောသည့်လူ၏ လက်ချက်မကင်းဟု မိမိတို့  သံသယဖြစ်ဖွယ်ဖြစ်ပါကြောင်း၊ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှ  မေလ ၂၆ ရက်နေ့အထိ   ကျောင်းမီးရှို့ဖျက်ဆီးခံရမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ ဗုံးဖောက်ခွဲခံရမှုတစ်ကြိမ်ရှိခဲ့ပါကြောင်း၊ ယခင်စာရင်းများဖြင့် တွက်မည်ဆိုပါက အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ၄၀ ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦး၊ ပျောက်ဆုံးခဲ့သူ ၁၁ ဦး၊ စုစုပေါင်း ၆၅ ဦးအထိရှိခဲ့ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့်  ယင်းကိစ္စများ လုပ်ဆောင်နေခြင်း ကျောင်းသား၊ ကျောင်းသူများ ၎င်းတို့ကဲ့သို့ လမ်းမှားပေါ်ရောက်အောင်   တွန်းပို့နေခြင်း ဖြစ်ကြောင်း၊  ထို့ပြင် အားပေးအားမြှောက် လုပ်နေသည့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ကလေးများ အနာဂတ်ကို  ပြန်ကြည့်ရန်လိုကြောင်း မိမိအနေဖြင့် ပြောလိုပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူအားလုံး  ပညာသင်ကြားနိုင်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံမှုရှိစေရေး အတွက်လည်း  ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားပေးမည့် အတန်းများအနေဖြင့် Grade-5၊ Grade-8၊ Grade-11 တို့ကို   သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ  လုံခြုံစွာ ပညာသင်ကြားနိုင်ရေး မိမိတို့တိုင်းပြည်၏  အနာဂတ် လူငယ်/လူရွယ်များ ပညာတတ်မြောက်စေရေးအတွက် မိမိတို့ အစိုးရအနေဖြင့်   အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါမည်၊ တာဝန်ရှိသူများ၊ ပြည်သူလူထုအားလုံး ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြစေလိုကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယခု သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့်  အကြောင်းအရာများအနေဖြင့်  (က)၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊  မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသူများကို အရေးယူ ဆောင်ရွက်မှုအခြေအနေ၊  (ခ) အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခြင်း အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတစ်ခု၏ စံနှုန်းကို လွတ်လပ်ပြီး တရားမျှတမှုရှိ/မရှိ၊   Free and fair ဖြစ်/မဖြစ်ဆိုသည့် ပေတံနှင့်တိုင်းတာကြပါကြောင်း၊ ထိုသို့တိုင်းတာ သုံးသပ်ရာတွင်လည်း   ရွေးကောက်ပွဲကျင်းပသည့် နေ့တစ်နေ့တည်း၏ ဖြစ်စဉ်ကိုသုံးသပ်ရုံနှင့် မလုံလောက်ဘဲ Election Circle ဟုခေါ်သည့်  ရွေးကောက်ပွဲစက်ဝန်းပါ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလများ

တွင်ဆောင်ရွက်ခဲ့သည့် အခြေအနေများကိုပါ လေ့လာသုံးသပ်မှ ပြည့်စုံမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၁) နှင့်အညီ မဲစာရင်းများစစ်ဆေးခြင်း၊ မဲလက်မှတ်များစစ်ဆေးခြင်း၊ ကြိုတင်မဲပေးခြင်းနှင့် မဲပေးခဲ့မှုအခြေအနေများ အပါအဝင် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို ဥပဒေနှင့်အညီ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်အားလုံး၏ မဲဆန္ဒရှင် စာရင်းများကို စစ်ဆေးတွေ့ရှိချက်အရ မှားယွင်းပြီး မဲမသမာမှု ဖြစ်စေသည့် မဲဆန္ဒရှင်စာရင်း ၁၁ ဒသမ ၃ သန်းကျော်နှင့် ဆန္ဒမဲလက်မှတ်များကို မြေပြင်ဖွင့်ဖောက်စစ်ဆေးချက်အရ လျော့နည်းပျောက်ဆုံးသည့် ဆန္ဒမဲလက်မှတ် ၁ ဒသမ ၄ သန်းကျော် နှင့် တရားမဝင် အပိုတွေ့ရှိရသည့် ဆန္ဒမဲလက်မှတ် ၄ ဒသမ ၃ သိန်းကျော်ကို တွေ့ရှိခဲ့ပါကြောင်း ပြောကြားသည်။

အလားတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြိုကာလ  လုပ်ငန်းစဉ်များဖြစ်သည့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းရာတွင် NLD ပါတီခေါင်းဆောင် များဖြစ်သည့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၏ အတည်ပြု စွက်ဖက်မှုနှင့် NLD ပါတီဝင်များ၊ အမာခံများထည့်သွင်း ဖွဲ့စည်း ဆောင်ရွက်ခြင်းများ၊ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရာတွင် အာဏာရပါတီကို အခွင့်သာမည့် ပြင်ဆင် ချက်များ ထည့်သွင်းခြင်း၊ မဲစာရင်းပြုစုရာတွင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ ခေါင်းဆောင်သည့် မဲစာရင်းများ   ပြည့်စုံမှန်ကန်ရေးအဖွဲ့များ၏ စွက်ဖက်မှုများကြောင့် မဲစာရင်းများ ဖောင်းပွ မှားယွင်းခြင်းများကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များဖြစ်သည့် မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း NLD ပါတီသည် အုပ်ချုပ်ရေးအာဏာနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်တားမြစ်

ချက်များကို အသုံးပြုပြီး အသာစီးရယူဆောင်ရွက်ခြင်း၊ ပြိုင်ဘက်ပါတီများ၏ နိုင်ငံပိုင်မီဒီယာက ဟောပြောချက် စာတမ်းများကို ဖြတ်တောက်  ဆင်ဆာပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသည့် ညွှန်ကြားချက်အမျိုးမျိုးထုတ်ပြန်ခြင်းဖြင့် အာဏာရပါတီအတွက် ဘက်လိုက်ဆောင်ရွက်ခဲ့ခြင်းတွေ့ရပါကြောင်း၊ ကြိုတင်မဲများ ကောက်ခံရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်မှုမရှိဘဲ၊ မှန်ကန်မျှတမှုမရှိသည့် ဆန္ဒမဲကောက်ခံမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ မဲစာရင်းတွင် မှတ်ပုံတင်မရှိသူများနှင့် စာရင်းနှစ်ကြိမ်ထပ်၊ သုံးကြိမ် ထပ်နေသူများ အများအပြားပါရှိပြီး မည်သူမည်ဝါအဖြစ် အတည်မပြုနိုင်ဘဲ Voter Slip များ ကိုင်ဆောင်မဲပေးခွင့် ပြုခဲ့သည့်အတွက်လည်း မဲမသမာမှုနှင့် ကန့်ကွက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲအလွန်ကာလတွင်လည်း ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်းပြီး ပြိုင်ဘက်ပါတီများ၏ ကိုယ်စားလှယ်လောင်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်မှု မရှိခြင်းများ၊ ယခင်အထွေထွေရွေးကောက်ပွဲများထက်  အလွန်ပိုမိုများပြားသည့် ကန့်ကွက်လွှာမှု ၂၈၇ မှု တင်ပြခြင်းများအပြင် တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဥပဒေနှင့်အညီ တောင်းဆိုတင်ပြချက်များကို ညှိနှိုင်း၊ ဆွေးနွေး၊ အဖြေရှာ ဆောင်ရွက်နိုင်ခြင်းမရှိခြင်းများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ယခင် NLD ပါတီအစိုးရနှင့်  ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ် အားလုံးအပေါ် အုပ်ချုပ်ရေးအာဏာကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကန့်သတ်ချက်၊ တားမြစ်ချက်များကို သုံး၍လည်းကောင်း တရားဝင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးပြီး ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက် ဆောင်ရွက်ခဲ့ခြင်း များကြောင့် လွတ်လပ်၍ တရားမျှတမှု မရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ဆောင်ရွက်ခဲ့သူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အရေးယူ ဆောင်ရွက်ထားရှိသည့် အခြေအနေကို ဆက်လက်တင်ပြမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထေွရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့်အမှုပေါင်း ၁၀၇၇ မှုဖြစ်ပွားခဲ့ပြီး  ၎င်းတို့အနက် ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူဆောင်ရွက် ခဲ့သည့် အမှု ၅၄၆ မှု ရှိခဲ့ပါကြောင်း၊ ယင်းအမှုများနှင့်စပ်လျဉ်းပြီး ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရရှိသည့် စာရင်းဇယားများအရ လက်ရှိအချိန်ထိ တရားစွဲတင်ပြီး ၃၄၅ မှု၊ ပိတ်သိမ်း ၁၉၉ မှုနှင့် ဥပဒေအကြံပြုချက်တောင်းခံဆဲ    ၂ မှု တို့ဖြစ်ပါကြောင်း၊ ထို့အတူ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသည့် နိုင်ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟောင်းနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌဟောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေး အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ အပါအဝင် ကျူးလွန်သူ ၄၇၉ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး တရားစွဲဆို ဆောင်ရွက်လျက်ရှိရာတွင် ကျူးလွန်သူ ၉၃ ဦးကို အမှုတွဲအရေအတွက် ၇၉ မှုဖြင့် တရားစွဲဆိုခဲ့ရာတွင် ပြစ်ဒဏ်ချမှတ်ပြီး ၄၇ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် ၃၂ မှုဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်ခဲ့သည့် ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ပေါင်း ၂၄၁၇ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာတွင် ကျူးလွန်သူ ၂၁၆၉ ဦးကို အမှုတွဲအရေအတွက် ၃၇၃ ခု ဖြင့် တရားစွဲဆိုရာတွင် ပြစ်ဒဏ်ချမှတ်ပြီး ၃၆၄ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် ၉ မှုဖြစ်ပါကြောင်း၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုတွင် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆောင်ရွက်ရန်ကျန်ရှိသဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ တရားစွဲဆိုရန် ကျန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ ဆက်လက်တရားစွဲဆို ဆောင်ရွက်ရေး၊ အမှုများအမြန်ပြီးပြတ်စေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။    

ဆက်လက်၍ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ နိုင်ငံရေးပါတီများစစ်ဆေးခြင်း အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲတွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက အနီးကပ်ကြပ်မတ် ကွပ်ကဲလျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစု ထားသည့် မြေပြင်လူဦးရေစာရင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ကို အခြေခံပြုစုထားသည့် စာရင်းတို့ကို တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ် ၃၂၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဆောင်ရွက်ပြီး ၁၂၆ မြို့နယ်၊ ဆောင်ရွက်ဆဲ ၁၇၆ မြို့နယ်နှင့် ဆောင်ရွက်ရန်ကျန်   ၂၃ မြို့နယ်ဖြစ်ပါကြောင်း၊ ထိုသို့ရရှိသည့် အခြေခံလူဦးရေစာရင်းကိုမူတည်ပြီး   အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်မှတ်ကာလအတိုင်း ပြုစုသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးမှု အခြေအနေကို ဆက်လက်ပြီး တင်ပြမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တည်ဆဲနိုင်ငံရေးပါတီများ၏ စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ  ဦးဆောင်ပြီး သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့်  စစ်ဆေးလျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလစတုတ္ထပတ်တွင် ကယားပြည်နယ်၊      လွိုင်ကော်မြို့အခြေစိုက် ကယားပြည်နယ်   ဒီမိုကရက်တစ်ပါတီ (Kayah State Democratic Party)ကို လွိုင်ကော်မြို့သို့ သွားရောက်စစ်ဆေးပြီး ဖြစ်သည့်အတွက် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် ၉ ပါတီသာ စစ်ဆေးရန် ကျန်ရှိပြီး ဆက်လက်စစ်ဆေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ချို့ယွင်းအားနည်းချက်များ၊ နိုင်ငံရေးပါတီများကို စစ်ဆေးရာတွင် တွေ့ရှိချက်များ၊ မြန်မာနိုင်ငံနှင့်သင့်လျော်သည့် အချိုးကျကိုယ်စားပြုစနစ်(PR)ကျင့်သုံးနိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက်  သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို အသေးစိတ် လေ့လာဆန်းစစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက်  အသစ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရမည့် လူသားအရင်းအမြစ်ဖြစ်သည့် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဝန်ထမ်းများဖြည့်တင်းခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်းအပါအဝင် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုများ၊ အခြေခံအဆောက်အဦဖြစ်သည့်   ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့် တည်ဆောက် ခြင်း လုပ်ငန်းအပါအဝင် အုပ်ချုပ်မှုလုပ်ငန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ဦးဆောင် လမ်းညွှန်မှုနှင့် အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်မှ လုပ်ငန်းစဉ်(၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင် ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၁၁)ပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ် (၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။     

  ဆက်လက်ဖော်ပြပါမည်။