တက္ကသိုလ်များတွင် ပါရဂူဘွဲ့သင်တန်းများ၊ အသုံးချဘာသာရပ်များ၊ ဝိဇ္ဇာဘွဲ့(ဥပဒေပညာ)နှင့်ဝိဇ္ဇာဘွဲ့(စီးပွားရေးပညာ)သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆွေးနွေး

တက္ကသိုလ်များတွင် ပါရဂူဘွဲ့သင်တန်းများ၊ အသုံးချဘာသာရပ်များ၊ ဝိဇ္ဇာဘွဲ့(ဥပဒေပညာ)နှင့်ဝိဇ္ဇာဘွဲ့(စီးပွားရေးပညာ)သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆွေးနွေး

နေပြည်တော်   ဇွန်  ၁

တက္ကသိုလ်များတွင် ပါရဂူဘွဲ့သင်တန်းများ၊ အသုံးချ ဘာသာရပ်များ၊ ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ) နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး  ဒေါက်တာဇော်မြင့်၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ပါမောက္ခချုပ်များနှင့် ဘာသာရပ်သင်ကြားရေးအဖွဲ့ ဆော်သြသူ  ပါမောက္ခများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ ပညာရေးဝန်ကြီးဌာန အနေဖြင့် အသိပညာ အတတ်ပညာပြည့်စုံသော ပညာတတ်များ ပေါများရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ယနေ့အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်များတွင်  ပုံမှန်သင်ယူနေကျ  ဘာသာရပ်များအပြင် ဒေသအကျိုးပြု၊   နိုင်ငံအကျိုးပြုသည့် အသုံးချ ဘာသာရပ်များ ထည့်သွင်းဖွင့်လှစ် သင်ကြားနိုင်ရေး၊ တက္ကသိုလ်များတွင် ပါရဂူဘွဲ့ သင်တန်းများ ဖွင့်လှစ် သင်ကြားနိုင်ရေးနှင့် ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ) B.A  နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) B.A ဘာသာရပ်များ တိုးချဲ့ဖွင့်လှစ် သင်ကြားနိုင်ရေး  ကိစ္စရပ်များကို  ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ထည့်သွင်းဖော်ပြရမည့်  အချက်အလက်များကို ညှိနှိုင်း ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း၊ မိမိတို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးနိုင်မည့် အသုံးချ ဘာသာရပ်များကို ဖွင့်လှစ်နိုင်ရန် လိုအပ်ကြောင်း၊  တက္ကသိုလ်၊ ဒီဂရီကောလိပ်တိုင်း အသုံးချဘာသာရပ်များ တူညီ နေရန်မလိုအပ်ဘဲ မိမိတို့ဒေသ လိုအပ်ချက်နှင့် အမှန်တကယ် ကိုက်ညီရန် လိုအပ်ကြောင်း၊ အသုံးချဘာသာရပ် သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆရာ၊ ဆရာမအင်အားနှင့် သင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းများ၊ ရည်ညွှန်းစာအုပ်များ လုံလောက်မှုရှိ/မရှိ ကိုလည်း  စိစစ်သုံးသပ် တင်ပြကြစေလိုကြောင်း၊  တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုလျှင် ပါရဂူဘွဲ့သင်တန်း ဖွင့်လှစ်သည့် တက္ကသိုလ်အနည်းဆုံး တစ်ခုရှိရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိရာ အမှန်တကယ် ဖွင့်လှစ်နိုင်ရေးအတွက်  လိုအပ်ချက်များ ပြည့်စုံမှု ရှိ၊ မရှိ ယခုအစည်းအဝေးတွင် စိစစ်သုံးသပ် ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ဥပဒေနှင့်စီးပွားရေး  ပညာရပ်သည် နိုင်ငံတော် တည်ဆောက်ရေးတွင်အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်သဖြင့် တက္ကသိုလ်များတွင်  အဆိုပါပညာရပ်များနှင့်သက်ဆိုင်သည့် ဘွဲ့၊ ဒီပလိုမာများ ပေးအပ်နိုင်ရေး ဆောင်ရွက်သွားရန်   လမ်းညွှန်မှာကြားချက်နှင့်အညီ တက္ကသိုလ်များတွင် ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ)နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) ဘာသာရပ်များ  ဖွင့်လှစ်သင်ကြားနိုင်ရေး အတွက် ဆရာ၊ ဆရာမများအနေဖြင့်  ညီညီညွတ်ညွတ် ဆွေးနွေးကာ  ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန်   ဒေါက်တာစိုးဝင်းတို့က တက္ကသိုလ်အလိုက်  အသစ်ဖွင့်လှစ် သင်ကြားရန် လျာထားသည့် ပါရဂူဘွဲ့သင်တန်းများ၊ အသုံးချဘာသာရပ်  သင်တန်းများနှင့် ဝိဇ္ဇာဘွဲ့  (ဥပဒေပညာ)နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) သင်တန်းများကို အစည်းအဝေး တက်ရောက်သူ ပါမောက္ခချုပ်များ၊ ဘာသာရပ် သင်ကြားရေးအဖွဲ့ ဆော်သြသူ ပါမောက္ခများနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေး သတ်မှတ် အတည်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။