နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်

နေပြည်တော်  ဇွန်  ၁

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ပိုမိုသိရှိလာနိုင်ရေးအတွက်   အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊Jeng Phang နော်တောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဧည့်သည်တော် သမိုင်းပါမောက္ခ   ဒေါက်တာခင်စောနွဲ့(ငြိမ်း)၊ နေပြည်တော်ရှိ လီဆူနှင့် ကရင်ဖြူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များနှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး အသိပညာပိုမိုကြွယ်ဝ လာစေရေးအတွက် ဟောပြောပွဲ အစီအစဉ်ကို ကျင်းပဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊  တိုင်းရင်းသားပြည်သူအားလုံး အသိအမြင် မှန်ကန်ရန်  လိုအပ်ကြောင်း၊ အသိအမြင်မှန်ကန်မှ ဆုံးဖြတ်ချက်များ မှန်ကန်မည်ဖြစ်ကြောင်း၊    ဆုံးဖြတ်ချက် မှန်ကန်မှ   မှန်ကန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး    တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ငြိမ်းချမ်းရေးတို့ကို ရှေးရှုပြီး အသိပညာများ လာရောက် ဟောပြောပေးပါသော    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် Jeng Phang နော်တောင်တို့ကို အထူးကျေးဇူးတင်ရှိကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း ဟောပြောပေးသည့် အကြောင်း အရာများကို သေချာစွာ မှတ်သားပြီး မိမိတို့၏   သက်ဆိုင်ရာ လုပ်ငန်းများတွင် ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ နောင်အခါ အခွင့်သင့်ပါက အခြားသော တိုင်းရင်းသား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တိုင်းပြည်တစ်ခုတွင်   တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲပါက ငြိမ်းချမ်းရေး တည်ဆောက်၍ မရနိုင်ကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံတော် အစိုးရများက  ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြကြောင်း၊    ပဋိပက္ခဖြစ်ပါက အထူးသဖြင့် အမျိုးသမီး၊  ကလေးသူငယ်၊  သက်ကြီးရွယ်အိုများ ပိုမိုခံစားရကြောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင်  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး  သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ယခုကာလတွင်လည်း     နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုကို ကမ်းလှမ်းထားကြောင်း၊ အမျိုးသားရေး ပြဿနာ၊ နိုင်ငံရေး ပြဿနာများကို   နိုင်ငံရေးစားပွဲပေါ်၌သာ နှစ်ဦးနှစ်ဖက်ပွင့်လင်းစွာ   ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း၊ တိုင်းရင်းသားများ၏ ဘဝကို နားအလည်ဆုံးသောသူမှာ တပ်မတော်သာဖြစ်ပြီး တပ်မတော်ကို နားလည်သူမှာ တိုင်းရင်းသားများဖြစ်ကြောင်း၊ တိုင်းပြည်၏ ငြိမ်းချမ်းရေးသည် အသက်တမျှအရေးကြီး ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ အရေးပါမှုကို ဂုဏ်ယူရမည်ဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက် ကြစေလိုကြောင်း  ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က  မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝ၍  ပထဝီနိုင်ငံရေးအရ အချက်အချာ ကျသည့်နိုင်ငံဖြစ်ကြောင်းဆွေးနွေးပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကဏ္ဍတွင်    တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို     ပြိုကွဲစေသည့် အကြောင်းရင်းများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ဝိသေသ လက္ခဏာများ၊ ပြည်ထောင်စု စိတ်ဓာတ်၏ အဓိပ္ပာယ်၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၏ အဓိပ္ပာယ်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငြိမ်းချမ်းရေး ကဏ္ဍတွင် ငြိမ်းချမ်းရေး အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သဘောထားအမြင်၊ ငြိမ်းချမ်းရေး အမျိုးအစား၊  မြန်မာပြည်၏ ပြည်တွင်းငြိမ်းချမ်းရေး ပြုလုပ်ခဲ့မှု၊ ငြိမ်းချမ်းရေးကို   ဖြေရှင်းသည့်နည်းလမ်းများနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသော အချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆွေးနွေး ဟောပြောမှုများ အပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က  ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။