သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဗုဒ္ဓဓမ္မသင်တန်း အသီးသီး စတင်ဖွင့်လှစ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဗုဒ္ဓဓမ္မသင်တန်း အသီးသီး စတင်ဖွင့်လှစ်

ရန်ကုန်   ဇွန်   ၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဗုဒ္ဓဓမ္မသင်တန်း အသီးသီးကို   ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်  ဓမ္မပါလကုန်းမြေ  စွယ်တော်မြတ်စေတီတော် အနီးရှိ အဆိုပါ တက္ကသိုလ်သင်တန်း ခန်းမအသီးသီး၌  ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့် အညီ  ယမန်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက် ရှိသည်။

သင်တန်းသို့ ဒီပလိုမာ၊ ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့သင်တန်း အသီးသီးမှ ပြည်တွင်း/ပြည်ပသင်တန်းသား၊ သင်တန်းသူ၂၀၈ ပါး/ဦး စတင် တက်ရောက်သင်ကြားလျက်ရှိပြီး ခေတ္တပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော  သင်ကြားဆရာတော်ကြီးများက  ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ သမထ၊ ဝိပဿနာ၊ ဓမ္မာနုလောမ ဘာသာရပ်များအပြင် Practical me ditation ကိုပါ စတင်ပို့ချသင်ကြားလျက် ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် ပြည်ပနိုင်ငံ အသီးသီးမှ သင်တန်းသားများ ပြည်ပလေကြောင်း ခရီးစဉ်များဖြင့် ထပ်မံရောက်ရှိရန် ကျန်ရှိနေသေးကြောင်းနှင့် သင်တန်းသားသစ်ကြိုဆိုပွဲ အခမ်းအနား၊   ဒီပလိုမာ အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနားနှင့် ဘွဲ့နှင်းသဘင် အခမ်းအနားများကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ   ဝန်ကြီးဌာန အစီအစဉ်ဖြင့်  ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။