(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ ဝမ်းသာပီတိ ရင်တွင်းစကားသံများ

နေပြည်တော်  ဇွန်  ၃

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာအားကစားအဖွဲ့များအား  နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား တွေ့ဆုံမေးမြန်းထားသည်ကို တင်ပြလိုက်ရပါသည်။

မအေးအေးအောင် (Kurash) ရွှေတံဆိပ်ဆုရ

    Kurash + ၈၇ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာမှာ ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။  ခုလို နိုင်ငံတော်ကလည်း အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ ပြိုင်ပွဲသွားရောက် မယှဉ်ပြိုင်မီ ဒီမှာလေ့ကျင့်နေတဲ့ အချိန်ကလည်း အားကစားဝန်ကြီးဌာနက ရွှေတံဆိပ် ရရှိခဲ့တဲ့သူကို   ထောက်ပံ့ကြေးနှစ်သိန်း၊ ငွေတံဆိပ်ရရှိတဲ့သူကို   ထောက်ပံ့ကြေး တစ်သိန်းခွဲနဲ့  ဆုမရရှိတဲ့သူကို ထောက်ပံ့ကြေးတစ်သိန်းအပြင် တစ်နေ့စားစရိတ်အတွက် ၅၀၀၀ နှုန်းနဲ့ ကျွေးမွေးခဲ့ပါတယ်။  ကျွန်မက ယခင်ကတော့ ဂျူဒို ကစားသမားဖြစ်ပါတယ်။ ခုပြိုင်ပွဲမှာ Kurash အားကစားနည်းကို ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

ဂျူဒိုအားကစားနည်းနဲ့ Kurash  အားကစားနည်းက စည်းမျဉ်းစည်းကမ်းတွေက မတူပါဘူး။အများကြီး လေ့လာသင်ယူ ခဲ့ရပါတယ်။ အိမ်ရှင်နိုင်ငံကလည်း ဒီအားကစားနည်းမှာ အားသာချက် အများကြီးရှိပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေ ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ကျွန်မအနေနဲ့(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ပထမဆုံးသော ရွှေတံဆိပ်ဆုကို ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဂုဏ်ယူမိပါတယ်။ အနာဂတ်မှာလည်း နိုင်ငံတော် အတွက် ဂုဏ်ယူရတဲ့ အားကစားသမားကောင်းများကို မွေးထုတ်ပေးစေချင်ပါတယ်။

မောင်ရဲထွန်းနောင်( ကာယဗလ ) ရွှေတံဆိပ်ဆုရ

    ကျွန်တော်က ကာယဗလ ကာယအလှ အားကစားပြိုင်ပွဲ (+ ၇၀ ) Kg တန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ယှဉ်ပြိုင်ခဲ့တာတော့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိမ်ရှင်ဗီယက်နမ် နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ အမြဲတမ်းတွေ့နေရတဲ့ ပြိုင်ဘက်နိုင်ငံတွေ၊ အသင်းတွေဖြစ်ပါတယ်။ သူတို့ကို ကျွန်တော်အင်တာနက်ကနေလေ့လာခဲ့တယ်။ နောက်ပြီး နည်းပြဆရာနဲ့ကျွန်တော်လေ့ကျင့်ခဲ့ပါတယ်။ ဒီလိုလေ့ကျင့်ခဲ့လို့လည်း ထိုက်ထိုက်တန်တန်နဲ့ ခုလိုရွှေတံဆိပ်ဆုကို ရရှိခဲ့တာပါ။ ပြိုင်ပွဲမသွားမီ ကြိုတင်လေ့ကျင့်နေတဲ့ ကာလမှာလည်း စားစရိတ်၊ အဝတ်အစား၊ တခြားအားလုံးဆိုရင် ၅ သိန်းနီးပါးလောက် ထောက်ပံ့ထားပါတယ်။   ကျွန်တော်တို့ နိုင်ငံတော်အတွက် အများကြီး ပေးဆပ်ချင်ပါသေးတယ်။  အားကစားသမား အားလုံးဟာ ဆုတံဆိပ်ရဖို့နဲ့ နိုင်ငံ့ဂုဏ်ဆောင်ဖို့အတွက် ကြိုးစားနေတဲ့သူတွေပါလို့ ကျွန်တော်ပြောချင်ပါတယ်။

ဦးကျော်မင်းထွန်း (ဗိုဗီနမ်နည်းပြ (အပြ))

    ဗိုဗီနမ်အားကစားပြိုင်ပွဲမှာ ကစားသမား ၁၉ ယောက်၊ အားကစားနည်း ၁၅ နည်း၊ အတိုက်က   ခြောက်နည်း၊   အပြက ကိုးနည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်က (အပြ)နည်းပြအနေနဲ့   ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဗိုဗီနမ်အားကစားနည်းကနေ ရွှေတံဆိပ် သုံးခု၊  ငွေတံဆိပ်သုံးခု၊   ကြေးတံဆိပ် ခြောက်ခုရရှိခဲ့တာပါ။ ရရှိခဲ့တဲ့ပြိုင်ပွဲတွေကတော့ အမျိုးသမီးနှစ်ယောက်တွဲ လက်နက်မဲ့ (အတိုက်)ပြိုင်ပွဲ၊ အမျိုးသားလေးယောက်တွဲ လက်နက်ပါ(အပြ)ပြိုင်ပွဲ၊   အမျိုးသား လေးယောက်တွဲ လက်နက်မဲ့ ( အပြ ) ပြိုင်ပွဲတွေကနေ ရွှေတံဆိပ် သုံးခုရခဲ့တာဖြစ် ပါတယ်။ စုစုပေါင်း ရွှေ၊ ငွေ၊  ကြေး တံဆိပ် ၁၂ ခု ရရှိခဲ့ပါတယ်။ ဗိုဗီနမ်အားကစား နည်းက အိမ်ရှင်ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာသိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဗိုဗီနမ် အားကစားနည်းကို ၂၀၁၃ ခုနှစ် အိမ်ရှင် Sea Game ကတည်းက ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။   သူတို့သိုင်းပညာက   မြန်မာ့ရိုးရာသိုင်းနဲ့ ဆင်တူလို့ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်က    တာဝန်ယူပြီး   ဗိုဗီနမ်ကို ဝင်ရောက်ယှဉ်ပြိုင်တာပါ။ 

ကျွန်တော်က၂၀၁၃ ကတည်းက နည်းပြလုပ်ခဲ့တာပါ ဒီလိုချီးမြှင့်မှုမျိုး မရခဲ့ပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ခုလို ချီးမြှင့်ပေးတာ ကျွန်တော်တို့နည်းပြတွေအရမ်းဝမ်းသာပါတယ်။ ခုလို ချီးမြှင့်မှုမျိုး ကျွန်တော်တို့ နည်းပြတွေဘဝမှာ မရှိခဲ့ပါဘူး။ နိုင်ငံတော်အကြီးအကဲတွေကိုလည်း ကျေးဇူးတင်လို့မဆုံးပါဘူး။ နောက်လာမယ့်  Sea Gameမှာလည်း ဗိုဗီနမ်အားကစားနည်း ပိုများမယ်လို့ကြားသိရပါတယ်။ ကစားသမားတွေ အနေနဲ့လည်းပိုပြီးကြိုးစားချင်စိတ် ရှိလာမယ်လို့ ကျွန်တော်ထင်ပါတယ်။

မခိုင်ဝါဖူး ( ဗိုဗီနမ် ) ရွှေတံဆိပ်ဆုရ

    အခုပြိုင်ပွဲမှာ နှစ်ယောက်တွဲ (အပြ)မှာ ရွှေတံဆိပ်ဆုနဲ့ တစ်ကိုယ်တော်ပြိုင်ပွဲမှာ ငွေတံဆိပ် ရရှိခဲ့တာဖြစ်ပါတယ်။ အဓိကတော့ အိမ်ရှင်ဗီယက်နမ် အသင်းကို ယှဉ်ပြိုင်ခဲ့ရတာပါ။ နှစ်ယောက်တွဲ ပြိုင်ပွဲမှာဆို အခက်အခဲတွေရှိခဲ့ပါတယ်။ ဒီလိုအခက် အခဲကြားကပဲ ကျော်ဖြတ်ပြီး ရွှေတံဆိပ်ကို ရရှိအောင် ပြိုင်ပွဲကို အကောင်းဆုံးယှဉ်ပြိုင် ခဲ့ပါတယ်။    ထောက်ပံ့ပေးတာတွေက နိုင်ငံတော်အနေနဲ့  အရင်ကနဲ့မတူပါဘူး။

ထောက်ပံ့တဲ့နေရာမှာလည်း A, B , C ဆိုပြီး အဆင့်တွေ ခွဲပြီး A အဆင့်ဆိုရင် နှစ်သိန်း၊ B အဆင့်ဆိုရင် တစ်သိန်းခွဲ ၊ C အဆင့်ဆိုရင် တစ်သိန်း ထောက်ပံ့ပေးပါတယ်။  ကျန်တဲ့  အစားအသောက်ကစ   အစုံဖြည့်ဆည်းပေးထားပါတယ်။ ခုလို ဂုဏ်ပြုဆုငွေတွေကို အရင်က အဲ့လောက်မပေးပါဘူး။ ခုလို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။

မခြူးမြတ်နိုးဝေ(ဂျူဒို) ငွေတံဆိပ်ဆုရ

    ဂျူဒိုအားကစားနည်း (-၅၇) Kg တန်းမှာ ငွေတံဆိပ်ဆုကို ရရှိခဲ့တာပါ။ ဂျူဒိုအားကစားနည်းကတော့    ခွန်အားပိုပြီးသုံးရတဲ့ အားကစားနည်းလို့  ပြောလို့ရပါတယ်။

လူတစ်ယောက်ကို ကိုင်ပေါက်ရ၊ ချုပ်ရဆိုတာ ခွန်အားတော်တော်သုံးရပါတယ်။ ပြိုင်ပွဲဝင်ရောက် မယှဉ်ပြိုင်မီမှာလည်း တော်တော် ပြင်းပြင်းထန်ထန်ကို စခန်းသွင်း လေ့ကျင့်ခဲ့ပါတယ်။ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်နိုင်ခဲ့တဲ့အတွက် ခုလိုငွေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။ နိုင်ငံတော်အနေနဲ့ကလည်း နှစ်တိုင်းနဲ့မတူ အခြား Sea Game တွေနဲ့မတူ အများကြီး ထောက်ပံ့ပေးထားပါတယ်။ သွားရောက် မယှဉ်ပြိုင်မီမှာလည်းထောက်ပံ့တယ်။ ယှဉ်ပြိုင်လို့ ဆုတံဆိပ်တွေ ရလာရင် ထိုက်တန်စွာ ဆုများချီးမြှင့်ပေးတာလည်း အားလုံးအမြင်ပဲဖြစ်ပါတယ်။

နောက် Sea Game တွေမှာ နိုင်ငံတော်အလံကို ထိပ်ဆုံးကလွှင့်ထူနိုင်အောင်၊ သူများနိုင်ငံတွေရှေ့မှာ   နိုင်ငံတော်သီချင်းကို အကျယ်ကြီးဆိုနိုင်အောင် ကြိုးစားသွားပါမယ်။

မနီလာဝင်း( အပြည်ပြည်ဆိုင်ရာလှေ)ကြေးတံဆိပ်ဆုရ

    အပြည်ပြည်ဆိုင်ရာ လှေလှော်ပြိုင်ပွဲ  မီတာ ၂၀၀၀ W2- (နှစ်ယောက်တွဲ)နဲ့ မီတာ ၂၀၀၀ W2x  (နှစ်ယောက်တွဲ) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆု နှစ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ လေ့ကျင့်မှုတွေ ၂၀၂၁ ခုနှစ်ကတည်းက လေ့ကျင့်ခဲ့ ပါတယ်။ ပြီးခဲ့တဲ့ Sae Gameထက်လည်း ပိုပြီး ချီးမြှင့်မှုတွေ၊ ထောက်ပံ့မှုတွေရှိတော့ ကျွန်မတို့ အားကစားသမားတွေလည်း ပိုပြီး ကြိုးစားချင်စိတ်တွေ ပိုရှိလာပါတယ်။ စခန်းသွင်းလေ့ကျင့်နေစဉ် ကာလမှာလည်း နေထိုင် စားသောက်စရိတ်ကို ယခင်နှစ်တွေထက်ပိုပြီး ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအတွက်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုလည်း ကျေးဇူးတင်ပါတယ်။  နောက်နောင်မှာလည်း ဆုတံဆိပ်တွေ ဒီထက်မက ရရှိအောင်ကြိုးစားသွားပါမယ်။           

ဇော်မျိုး(နေပြည်တော်)