၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊အဖြေများ(၃)

၁-၆-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊အဖြေများ(၃)

 ယမန်နေ့မှအဆက်

      ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက CDM လုပ်ပြီး ပြန်လည်ဝင်ရောက်လာသည့် ဆရာ၊ ဆရာမများကို မိမိတို့က ပြန်လည်စစ်ဆေးပြီး ခန့်အပ်ထားသည်မှာ ၅၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အားလုံးလည်း အေးအေးချမ်းချမ်းနှင့် စာသင်ကြကြောင်း၊ လစာဖြတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင် ထားခြင်းတို့ မရှိကြောင်း၊ လိုအပ်သည့် ဆရာ၊ ဆရာမများကို နေ့စဉ်သတင်းစာများတွင် ကြော်ငြာထည့်၍ ခေါ်ယူခဲ့ပြီး စာမေးပွဲစစ်ခဲ့ကြောင်း၊ မွမ်းမံသင်တန်းများ တက်ခိုင်းပြီးမှသာ ကျောင်းများသို့ စေလွှတ်ခဲ့ကြောင်း ဖြည့်စွက်ဖြေကြားသည်။

Myanmar Nation Voices မှ သတင်းထောက် ရဲလင်းထွန်းက ကျောင်းအပ်နှံရေး ဆောင်ရွက်ရာတွင် အခက်အခဲပေါင်းစုံ ရှိနေပါကြောင်း၊ စာသင်ခန်းကို သွားချင်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း စာသင်ခန်းတွင်း မဝင်ရောက်နိုင်အောင် နည်းမျိုးစုံဖြင့် နှောင့်ယှက်နေကြပါကြောင်း၊ အကြမ်းဖက် ဟန့်တား နှောင့်ယှက်နေကြသူများကို ဖမ်းဆီးမိလျှင် စစ်ဆေးပြီး ပြစ်မှုများ ထင်ရှားလျှင် သေဒဏ်စီရင်ချမှတ်သည်ဟု သိရပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ခွင့်မရအောင် ဟန့်တားနှောင့်ယှက်နေခြင်းမှာ အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်ပါကြောင်း၊ အစိုးရနှင့် တပ်မတော်ကိုသာ မျက်နှာလွှဲပုတ်ချနေမည့်အစား ဗိုလ်ချုပ်ပြောခဲ့သကဲ့သို့ ပြည်သူများကလည်း တစ်ဖက်တစ်လမ်းက ကူညီသင့်သည့် အရေးကိစ္စဖြစ်ကြောင်း၊ အကယ်၍ ပြည်သူများက ကူညီမည်ဆိုလျှင် အစိုးရနှင့် တပ်မတော် အနေဖြင့် မည်သို့မည်ပုံ စီစဉ်ပေးနိုင်မည် ဆိုသည်ကို သိလိုကြောင်း၊ ပြည်သူများ၏ ကူညီမှုကို လက်ခံနိုင်မည်လား ဆိုသည်ကို သိချင်ကြောင်း၊ သေဒဏ်စီရင်ချက်ချခံရသည့် အကြမ်းဖက်များကို သေဒဏ်အစား အမှန်တကယ် သေမိန့်ပေးစေလိုပါကြောင်း၊ မဟုတ်လျှင် လွတ်ငြိမ်းချမ်းသာခွင့် အဆက်ဆက်များနှင့် ပြစ်ဒဏ်များ ပေါ့လျော့လာပြီး အချိန်တန် လွတ်မည်ဆိုသည့် အတွေးများနှင့် သေဒဏ်ပြစ်မှုကို မကြောက်လန့်ဘဲ ဆက်လက်ပြီး အကြမ်းဖက်ဖျက်ဆီးကာ နိုင်ငံတော်နှင့် ပြည်သူကို ဆက်လက်နှောင့်ယှက်နေမည်ဖြစ် ကြောင်း၊ သေဒဏ်အစား သေမိန့်ကို အမှန်တကယ်ပေးမည်လား ဆိုသည်ကိုသိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိတို့ ကျောင်းများ လုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူလူထု ပါဝင်နိုင်မည်ဆိုလျှင် မည်သူမဆို လှိုက်လှဲစွာပါဝင်နိုင်သည်ဟု ပြောလိုကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းရပ်မိ၊ ရပ်ဖများလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် ရာဇဝတ်မှုများ ကျူးလွန်ရာ၌ ရည်ရွယ်ချက်ရှိရှိ အစီအစဉ်တကျ ကျူးလွန်သည်များ တွေ့ရကြောင်း၊ ရက်ရက်စက်စက် သတ်ဖြတ်သည်များ တွေ့ရကြောင်း၊ ထို့ကြောင့် တရားဥပဒေဆိုသည်မှာ အားလုံးကို ညီတူညီမျှ တရားစီရင်ရန်ဖြစ်ကြောင်း၊ နစ်နာသူများနှင့် နစ်နာဆုံးရှုံးအောင် ပြုလုပ်သူများ၏ ကြားထဲတွင် မိမိတို့က မျှတသည့် တရားစီရင်ရေးဖြစ်ရန်၊ မျှတသည့်ပြစ်မှု၊ ပြစ်ဒဏ်များဖြစ်မှသာလျှင် တရားဥပဒေ ထိရောက်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရ အနေနှင့် အကြမ်းဖက်မှုများကို ထိရောက်စွာ ဟန့်တားစေနိုင်သည့် အပြစ်ပေးမှုမျိုး ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ပါဝင် ဆောင်ရွက်၍ရကြောင်း၊ ကျောင်းများ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ခဲ့ခြင်း ရှိကြောင်း၊ ကျောင်းသွား၊ ကျောင်း ပြင်နှင့်ကျောင်းဝင်း လုံခြုံရေးတို့တွင် ပြည်သူလူထုများ ပါဝင်လာမည်ဆိုပါက မိမိတို့ အနေဖြင့် အချိန်မရွေး လက်ကမ်းကြိုဆိုလျက် ရှိကြောင်း၊ မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တချို့နေရာများ၌ ပြည်သူလူထုပါဝင်သည့် လုံခြုံရေးစနစ်နှင့် ကာကွယ်ရေးစနစ်ဟု ပြောခဲ့ကြောင်း၊ တချို့ဒေသတွင် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ပြီး ပြည်သူ့စစ်များ နှင့် လက်တွဲဆောင်ရွက်လျက် ရှိကြောင်း၊ နယ်တွင်ဖြစ်စေ၊ မြို့ပေါ်တွင်ဖြစ်စေ၊ လုံခြုံရေးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များနှင့် ပူးပေါင်းပြီး ပါဝင်ဆောင်ရွက် သွားမည်ဆိုလျှင် အသိအမှတ်ပြုပါကြောင်းနှင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း ပြန်လည်ဖြေကြားသည်။

မြန်မာသံတော်ဆင့်သတင်းဌာနမှ သတင်းထောက် ဦးကိုကိုကြီးက တပ်မတော် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် NCA လက်မှတ် ထိုးထားသော အဖွဲ့များ၊ မထိုးရသေးသော အဖွဲ့များနှင့် တွေ့ဆုံခြင်းများကို နိုင်ငံပိုင် သတင်းစာများတွင်   တွေ့ရကြောင်း၊ တစ်ချိန်တည်းတွင်  တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ထားသည်ကိုလည်း   တွေ့ရကြောင်း၊ ထိုကဲ့သို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်၍ အပစ်အခတ် ရပ်စဲထားသည့်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သေ့ဘောဘိုးစခန်းကို dk KNU နှင့် အပေါင်းအပါအဖွဲ့များက သိမ်းပိုက်ခဲ့သည်ဟု သိရပါကြောင်း၊ ယခုအခါ တပ်မတော်နှင့် နယ်ခြားစောင့် BGF တပ်ဖွဲ့များက ပြန်လည် တိုက်ခိုက်နေသည်ကိုလည်း သိရှိရကြောင်း၊  သေ့ဘောဘိုးစခန်း၏ နောက်ဆုံးဖြစ်စဉ် အခြေအနေကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းစခန်းသည် ယခင်က တပ်စုအဆင့် အင်အားတပ်စွဲခဲ့သည့်စခန်းဖြစ်ကြောင်း၊ ရန်သူမှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး တပ်မတော်ဘက်မှလည်း ပြန်လည်ချေမှုန်းခဲ့ကြောင်း၊ ရန်သူဘက်တွင် တော်တော်များများ အထိနာကြောင်း၊ မိမိတို့ဘက်တွင်လည်း ဒဏ်ရာရရှိသူများ၊ ပျောက်ဆုံးသူများလည်း ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် လိုအပ်သည့် နေရာများတွင် စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း၊ စစ်ဆင်ရေးကိစ္စဖြစ်သည့် အတွက် လိုအပ်သည့်နေရာများတွင် လိုအပ်သော လုံခြုံရေးဆောင်ရွက်မှုများ၊ လိုအပ်သော စစ်ဆင်ရေး ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းကိုသာ မိမိအနေဖြင့်ဖြေလိုကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

နေပြည်တော် Online  သတင်းဌာနမှ အယ်ဒီတာချုပ် ဦးမင်းမောင်က မိမိအနေဖြင့် မေးခွန်းမမေးမီ အကြံပြုတင်ပြချက် တစ်ခုတင်ပြလိုကြောင်း၊ တရားဝင် စစ်ဆေးပြီးသားဖွင့်လှစ်ခွင့်ရရှိထားသည့်  ကိုယ်ပိုင်ကျောင်းများ အချိန်နှင့်တစ်ပြေးညီ ပြန်လည် ဖွင့်လှစ်ခွင့်ကို နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန်ပေးစေချင်ပါကြောင်း၊ ကျောင်းသားများ အချိန်မီအပ်နှံနိုင်ရေး၊ နယ်ဝေးနေရာမှ နေပြည်တော်သို့  လာရောက်အပ်နှံမည့် ကျောင်းသားများသည် အဆောင်ငှားရမ်းခြင်း ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ၌ အခက်အခဲများစွာ ကြုံတွေ့ရကြောင်း၊ အဆိုပါ အခက်အခဲများ အဆင်ပြေစေရေးအတွက် ကျောင်းဖွင့်လှစ်ခွင့်အား အမြန်ဆုံးထုတ်ပြန် ကြေညာပေးစေလိုကြောင်း၊ ၂၀၂၁ ပညာသင်နှစ်တွင် CDM မပြုလုပ်ဘဲ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်အောက်တွင် စည်းကမ်းလိုက်နာပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများသည် သင်တန်းတက်ရောက်ခွင့် မရရှိခဲ့ကြကြောင်း၊ အဆိုပါ ဝန်ထမ်းများသည် အလုပ်လက်မဲ့ဖြစ်သွားကြောင်း၊ ကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမ အနည်းဆုံး ၂၀ ဦးဖြစ်ကြောင်း၊ ကျောင်း   ၁၆ ကျောင်းတွင်  ၃၂၀ ဦးခန့် အလုပ်လက်မဲ့ဖြစ်သွားသည်ဟု သိရကြောင်း၊ အဆိုပါ ဆရာ၊ ဆရာမများအား ဆက်လက်တာဝန် ထမ်းဆောင်နိုင်စေရန် ပညာရေးဝန်ကြီး ဌာနအနေဖြင့် အမြန်ဆုံးပြန်လည်ခွင့်ပြုပေးနိုင်ပါရန် အကြံပြု တင်ပြအပ်ပါကြောင်း၊ မိမိမေးလိုသည်မှာ နေပြည်တော်ကောင်စီနယ်မြေတွင် ပိတ်သိမ်းရန် စိစစ်ဆောင်ရွက်နေသော ပုဂ္ဂလိကကျောင်းများ မည်မျှပိတ်သိမ်းပါမည်နည်း၊ အခြားတိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ ပုဂ္ဂလိကကျောင်းအချို့ကို ပိတ်သိမ်းရန် ရှိ၊ မရှိ၊ ရှိပါကလည်း ထိုကျောင်းများ၏ အမည်ကို နိုင်ငံပိုင်သတင်းစာ၊ မီဒီယာများမှ အချိန်နှင့်တစ်ပြေးညီ တရားဝင် ထုတ်ပြန်ပေးရန် ရှိ၊ မရှိနှင့် အဘယ့်ကြောင့်   ပိတ်သိမ်းရသည့် အကြောင်းကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိသိရှိသရွေ့ ပြောရလျင် နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်းတချို့ပိတ်သိမ်းရခြင်းသည် နိုင်ငံရေးနှင့် မလွတ်ကင်းသည်များ ဆောင်ရွက်ခြင်းကြောင့် ဖြစ်ကြောင်း၊ အကြံပြုချက်များကိုလည်း ပညာရေးဝန်ကြီးဌာနမှ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကိုယ်ပိုင်ကျောင်းများ ဖွင့်မည်ဆိုပါက ဦးစွာသက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လျှောက်ထားရကြောင်း၊ သတ်မှတ်ချက်များနှင့် ညီ/မညီ ပညာရေးဝန်ကြီးဌာနမှ   စစ်ဆေးပြီး သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ထောက်ခံချက် ပေးရကြောင်း၊ ထို့နောက်   အခြေခံပညာဦးစီးဌာနသို့ ရောက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကိုရယူ၍ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ ခန့်အပ်ခြင်း၊ မခန့်အပ်ခြင်းသည် သက်ဆိုင်ရာ ကိုယ်ပိုင်ကျောင်းများ၏ မူဝါဒပင်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စွက်ဖက်ခြင်း မရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။

နေပြည်တော် Online  သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ဦးဝင်းနိုင်က မြန်မာနိုင်ငံတွင်လက်ရှိစက်သုံး လောင်စာဆီများ၏ ဈေးနှုန်းအဆမတန် မြင့်တက်နေခြင်း၊ ပြတ်လပ်နေခြင်းများ ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းနှင့် ကုန်ဈေးနှုန်းများ ၆၀ ရာခိုင်နှုန်းခန့်အထိမြင့်တက်လာကြောင်း၊   သို့ဖြစ်၍ အခြေခံလက်လုပ် လက်စားပြည်သူများ အခက်အခဲများစွာ  ရင်ဆိုင်နေရကြောင်း၊ လောင်စာဆီများ ဈေးနှုန်းသက်သာစွာဖြင့် ပြတ်လပ်မှုမရှိစေရေး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်   မည်ကဲ့သို့စီစဉ် ဆောင်ရွက်ထားကြောင်းကို   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး ယခုမေးမြန်းသည့် မေးခွန်းကို မကြာမီကပင်  မိမိဖြေပြီးဖြစ်ကြောင်း၊ စက်သုံးဆီဈေးနှုန်း သက်သာစေရန်နှင့် ပြတ်လပ်မှုမရှိစေရန် နှစ်ပိုင်းရှိကြောင်း၊ ဈေးနှုန်းသည် နိုင်ငံတကာ နှုန်းအတိုင်းဖြစ်ကြောင်း၊ ဈေးနှုန်းသက်သာစေရန် အစိုးရအနေဖြင့် အခွန်အခလျှော့ပေါ့ပေးခြင်း၊ မြန်မာနိုင်ငံအတွင်း အနည်းဆုံး၊ အသက်သာဆုံး နှုန်းထားဖြင့် ရောင်းချပေးနိုင်စေခြင်းများကို ထိန်းညှိပေးခြင်းများကိုသာ လုပ်ဆောင်ပေးနိုင်ကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်သည်  ယခင်အတိုင်းဖြစ်ကြောင်း၊ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးကိစ္စတွင် ယခင်ကပြောခဲ့သကဲ့သို့ ၁၆  ရက်နေ့အထိ အရန်ဆီရှိကြောင်း၊ ထပ်မံတင်သွင်းထားသည့် စက်သုံးဆီများရှိကြောင်း၊ မြေပြင်တွင်ဈေးနှုန်း ကွာခြားချက်များရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံအတွင်းအသုံးပြုရန်   လိုအပ်သည့် စက်သုံးဆီများ ပြည်တွင်းသို့အလုံအလောက် ရောက်ရှိနေစေရေးနှင့် သယ်ယူပို့ဆောင်ရေးတွင် အဆင်ပြေချောမွေ့စေရန် တာဝန်ရှိသဖြင့် ထိုအတိုင်း လုပ်ဆောင်ပေးနေကြောင်း၊ မိမိအနေဖြင့် မီဒီယာများအား ဆီသိုလှောင်ရာနေရာများတွင် စက်သုံးဆီများ အမှန်တကယ် ရှိ/မရှိ လက်တွေ့လိုက်လံပြသမည် ဖြစ်ကြောင်း၊ မှန်ကန်ပါက သတင်းထောက်ကြီး အနေဖြင့် “မိမိပြောခဲ့သည့်ကိစ္စများမှာ မှားယွင်းပါသည်၊ စက်သုံးဆီများအမှန်တကယ် ရှိနေပါသည်”ဟု ပြန်လည်ရေးသားပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ရေးသားပေးမည်ဟု အာမခံပါက မိမိကိုယ်တိုင် သတင်းထောက်ကြီးကို လိုက်လံပြသမည်ဖြစ်ကြောင်း၊ စိန်ခေါ်ခြင်း မဟုတ်ပါကြောင်း၊ မီဒီယာများ ပြောသကဲ့သို့ အဖြစ်အပျက်များကိုလည်း မိမိတို့ကြားသိရကြောင်း၊ မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ဆိုသည့် ကွာဟချက်ကိုလည်း သိပါကြောင်း၊ အဆိုပါကွာဟချက်ကိုလည်း   အတင်းအကျပ်ပြုပြင်ရန် မလွယ်ကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ထိန်းညှိပေးခြင်းကိုသာ   ဆောင်ရွက်ပေးနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ အယ်ဒီတာ ကိုခန့်က  မိမိတို့နိုင်ငံ၌ ဝန်ထမ်းများ လာဘ်စားခြင်းသည် တိုင်းသိပြည်သိဖြစ်ကြောင်း၊ ယခုကဲ့သို့လာဘ်စားခြင်း၏ အခြေခံမှာ ဝန်ထမ်းများ၏ လစာနည်းပါးခြင်း ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရကြောင်း၊ အစိုးရအနေဖြင့် လစာတိုးပေးသော်လည်း ထပ်တူဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်း ကြီးမားခြင်းကြောင့်ဟု သိရကြောင်း၊ ယင်းကိစ္စသည် အစိုးရအဆက်ဆက် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကို ထိန်းချုပ်နိုင်ခြင်း မရှိကြောင်းကို သိသာထင်ရှားနေကြောင်း၊ ယခုကဲ့သို့သော ကာလတွင် ဝန်ထမ်းတချို့ ပိုမိုလာဘ်စားလာသည်ကို တွေ့ရကြောင်း၊ ထို့အတူကမ္ဘာ့အရေးကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်လာသည်ကိုလည်း တွေ့ရကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရ အနေဖြင့် ဝန်ထမ်းများ လာဘ်စားခြင်းမှ ကင်းဝေးစေရန်နှင့် သက်သာချောင်ချိရေး မိသားစုဘဝကို ငဲ့ညှာသောအားဖြင့် ကုန်ဈေးနှုန်း ကျဆင်းစေရန်နှင့်   နိုင်ငံတော်အေးချမ်းချိန်တွင် လစာတိုးပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှုရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လစာကိစ္စနှင့် ပတ်သက်၍  မိမိပြောလိုကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် လစာတိုးမြှင့်ပေးဖို့မရှိကြောင်း၊  ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် အထောက်အကူဖြစ်စေရန်  စရိတ်နှင့်ခံစားခွင့်များ တိုးတက် ရရှိခံစားနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းကိစ္စများအား အလေးထား၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ပြန်လည်ဖြေကြားသည်။

97 Mediaမှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လျက်ရှိသည်ဟုသိရကြောင်း၊ မကြာသေးမီက ပဲခူးတိုင်းဒေသကြီး၌ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်ဟု သိရှိရကြောင်း၊ မေးမြန်းလိုသည့် မေးခွန်းမှာ    ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့် အခြေအနေနှင့် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် ဆောင်ရွက်ပေးနေသည့် အခြေအနေကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ စာရင်းဇယားများအရ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၇၀ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၃၉၈၀ ဝင်ရောက်ခဲ့သည်ဟု သိရကြောင်း၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအနေဖြင့် ကတော့  အစိုးရ အလုပ်အကိုင် ၁၉၀၀၀ ကျော်နှင့် ပုဂ္ဂလိကအလုပ်အကိုင် ၁၄၀၀၀၀ ကျော် စုစုပေါင်း တစ်သိန်းခြောက်သောင်းကျော် ဖန်တီးပေးနိုင်ခဲ့သည်ဟု သိရကြောင်း၊ အသေးစိတ် အချက်အလက်များကို အလုပ်သမား ဝန်ကြီးဌာနနှင့်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနတို့က ဖြေကြားပေးရန် မေတ္တာရပ်ခံပါကြောင်း၊ အလုပ်သမား ဝန်ကြီးဌာနဘက်က တာဝန်ရှိသူမပါခဲ့လျှင် မိမိအနေဖြင့် ဖြေကြားပေးမည်ဖြစ်ကြောင်း၊ အလုပ်သမားနှင့်ပတ်သက်၍ ခရိုင်နှင့်မြို့နယ်များအလိုက် အလုပ်သမားရှာဖွေရေးရုံး ၈၉ ရုံးဖွင့်ထားကြောင်း၊ အလုပ်သမား ရှာဖွေရေးရုံး ဖွင့်လှစ်ခြင်း မရှိသည့်နေရာများတွင် အလုပ်သမား ရှာဖွေရေး ရွေ့လျားအဖွဲ့(Mobile Team)များနှင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးတွင် အကျိုးဆောင်လိုင်စင်ကို ၂၀၁၀ ခုနှစ်မှ စတင်ခွင့်ပြုထုတ်ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလတွင် လိုင်စင်ရအေဂျင်စီ ၇၀ ဦးရှိပြီး ပုဂ္ဂလိကပြည်တွင်း အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှတစ်ဆင့် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနေသည်ဟုလည်း သိရကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယခုလက်ရှိမေလအထိ   အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အကိုင်နှင့် အလုပ်အကိုင် ရှာဖွေရေးရုံးများနှင့် အလုပ်သမား မှတ်ပုံတင်မှုနှင့် အလုပ်သမား ချိတ်ဆက်နေမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလုပ်အကိုင် ရှာဖွေပေးနိုင်မှု အနေဖြင့် အစိုးရအလုပ်အကိုင် ၁၉၉၅၄ ခုရှာဖွေပေးနိုင်ခဲ့ကြောင်း၊ ပုဂ္ဂလိက အလုပ်အကိုင်ပေါင်း ၁၄၆၁၅၃ ခု၊ စုစုပေါင်း ၁၆၆၁၀၇ ခု ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလမှ စပြီး မေလ ၃၁ ရက်နေ့အထိ လုပ်ငန်းပေါင်း ၇၀ ရှိကြောင်း၊ အမေရိကန်ဒေါ်လာသန်း ၃၉၈၀ ကျော် ဝင်ရောက်ခဲ့ကြောင်း၊ အဓိက ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၀၆၂ သန်းရှိကြောင်း၊ စက်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၀၄ သန်းရှိကြောင်း၊ နိုင်ငံများအနေဖြင့် မည်သည့်နိုင်ငံများက ရင်းနှီးမြှုပ်နံှခဲ့သည်ကို မိမိအနေဖြင့် မပြောလိုကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ  အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအခြေအနေမှာ ပြည်တွင်းလုပ်သား ၄၈၈၇၇ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊      မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှလည်း ပြည်တွင်းလုပ်သား ၇၉၂၅ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများမှ ပြည်တွင်းလုပ်သား ၅၆၈၀၂ ဦးအတွက်   အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ကြောင်း    ပြန်လည်ဖြေကြားသည်။

ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင်က မိမိမေးမြန်းလိုသည်မှာ နိုင်ငံတော်အစိုးရမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်း မရှိသောသူများနှင့် မှတ်ပုံတင်မရှိသောသူများကို စီမံချက်တစ်ခု အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းကို ပြည်သူများက ဝမ်းသာအားရဖြစ်ခဲ့ကြကြောင်း၊ သို့သော် တချို့ရပ်ကွက်/ကျေးရွာအောက်ခြေများတွင် မလုပ်ပေးနိုင်သည်များကို တွေ့ရပါကြောင်း၊ ဌာနဆိုင်ရာများတွင် လာရောက်လုပ်ကိုင်ပေးသည့် နေရာတချို့တွင်လည်း ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း ရှိသူများကို ဦးစားပေးပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသားဖြစ်ပြီး လူတန်းစေ့နိုင်ငံသား စိစစ်ရေးမှတ်ပုံတင် ကိုင်ဆောင်နိုင်ရေး အတွက် တချို့မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ၌ ပုံစံ ၆၆^၆ အိမ်ထောင်စု လူဦးရေစာရင်း မရှိသေးသောသူများနှင့် လှိုင်သာယာကဲ့သို့သော မြို့နယ်များတွင် နာဂစ်ဘေးကြောင့် ဆွေစဉ်မျိုးဆက် ပြတ်ပြီး လာရောက်နေထိုင်သူ အတော်များများတွင်   အိမ်ထောင်စုလူဦးရေ စာရင်းနှင့် မှတ်ပုံတင် မရှိသေးသောသူများကို တွေ့ရှိရကြောင်း၊ မိသားစုစားဝတ်နေရေး အတွက် ရရာအလုပ်ကို သွားလျှောက်သော်လည်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် မှတ်ပုံတင် မရှိသောကြောင့် အဆင်မပြေမှုများဖြစ်နေကြကြောင်း၊ ယခုအချိန်တွင် ရွေးကောက်ပွဲ ကာလကလည်း နီးကပ်လာပြီဖြစ်သည့် အတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် မှတ်ပုံတင်မရှိသေးသော သူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက    မိမိသိသလောက်ပြောရရင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ ပန်းခင်းစီမံချက် အကုန်မပြီးသေးဟု သိရကြောင်း၊ အသေးစိတ်ကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူက ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပန်းခင်းစီမံချက်၊  ပုံစံ ၆၆/၆ တို့နှင့် ပတ်သက်၍ မိမိအနေဖြင့် နားလည်အောင် ရှင်းပြမည်ဖြစ်ကြောင်း၊ ယင်းပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ ၁၈ လတာကာလ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူဦးရေ ၃ ဒသမ ၄ သန်း မှတ်ပုံတင်မရှိဘူး ဆိုသည့်ကိစ္စဖြစ်ခဲ့သည့်အတွက် မိမိတို့အနေဖြင့် ယခုလိုဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ၃ သန်းခန့် မှတ်ပုံတင်ဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခင်သတင်းစာ ရှင်းလင်းပွဲတွင်လည်း ရှင်းပြထားပြီးဖြစ်ကြောင်း၊ နေထိုင်ခွင့်ပုံစံ လေးမျိုးရှိကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး   မှတ်ပုံတင်မရှိခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းလည်းမရှိ၊ မှတ်ပုံတင်လည်းမရှိခြင်း၊ ၎င်းနေခဲ့သည့် ဒေသတွင်   အိမ်ထောင်စုစာရင်းရှိပြီး  မှတ်ပုံတင်မရှိခြင်း၊  ယင်းနေခဲ့သည့်ဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းလည်းမရှိ၊ မှတ်ပုံတင်လည်း မရှိခြင်းစသည်ဖြင့် နေထိုင်မှု ပုံစံလေးမျိုးဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ လှိုင်သာယာတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှု အနေဖြင့် အကြိမ် ၅၀၀ ကျော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်း တစ်တိုင်းလုံးအတွက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ တချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ကွင်းဆင်းပြီး ရာနှုန်းပြည့် ဆောင်ရွက်နေကြောင်း၊ ရန်ကုန်တိုင်းတွင် ဆောင်ရွက်နေဆဲဖြစ်ပြီး မပြီးသေးကြောင်း၊ လှိုင်သာယာ၌ လှိုင်သာယာအရှေ့၊ အနောက် ၂ ခုလုံးအတွက်  ကွင်းဆင်းဆောင်ရွက်နေကြောင်း၊ ယခုပန်းခင်းစီမံချက် ပြီးစီးလျှင်လည်း ဆက်လက်ဆောင်ရွက် ပေးနေရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခုတွင် မိမိတို့နိုင်ငံ၏ လူဦးရေ သည် ၅၅ ဒသမ ၆ သန်းရှိနေပြီဖြစ်ကြောင်း၊ တစ်နှစ်အတွင်း ဆယ်နှစ်ပြည့်လာသည့် လူဦးရေမှာ  ၄ သိန်းခန့်ရှိကြောင်း၊ ၁၈ နှစ်ပြည့်သူ  ၅ သိန်းခန့် နှစ်စဉ်ရှိနေကြောင်း၊ ထို့ကြောင့် အသက်ပြည့်လာသည့် လူများကိုလည်း မိမိတို့က ပုံမှန်ဆက်လက် ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ယခုပန်းခင်းစီမံချက်ကိုလည်း သတင်းထောက်ကြီး အနေဖြင့် သိမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက် မစတင်မီကတည်းကပင် မီဒီယာများနှင့်  TV ၊ Radio ၊ Talkshow များနှင့် LED ဘုတ်များတွင် စီမံချက်ဆောင်ရွက်နေသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပြုလုပ်ရန် ဆောင်ရွက်ခြင်းများရှိကြောင်း၊ ယင်းစီမံချက်ကို ၁၈ လကာလအတွင်း ရည်မှန်းချက်ပြည့်မြောက်အောင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အပြီးလုပ်ရန် တာဝန်ပေးထားကြောင်း၊ သတင်းထောက်ကြီး အနေဖြင့် ပြည်သူလူထုများအပေါ်တွင် စေတနာရှိပါက မည်သည့်နေရာတွင် လုပ်ပေးရန် လိုသည်ဆိုသည့် လူဦးရေစာရင်းပေးရန် လိုအပ်ကြောင်း၊ ယင်းလှိုင်သာယာမြို့နယ်ရုံးတွင် ထိုလူဦးရေ စာရင်းပေးပြီး အိမ်ထောင်စု လူဦးရေစာရင်း မရှိလျှင်   မရှိကြောင်း၊ မှတ်ပုံတင်မရှိလျှင် မရှိကြောင်း စသည်ဖြင့် ဆက်သွယ်ပြီး ဆောင်ရွက်ပေးမည်ဆိုပါက ပြည်သူအပေါ်စေတနာထား၍ ဆောင်ရွက်ပေးနိုင်ကြောင်း၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို လှိုင်သာယာတွင် လုပ်ပေးနေသည်ကို သတင်းထောက်ကြီး မသိ၍လား သို့မဟုတ် မလုပ်ချင်တာလား နှစ်ခုထဲက   တစ်ခုဖြစ်မည်ဟု ထင်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

ခေတ်သစ်သတင်းစာသတင်းဌာနမှ အယ်ဒီတာချုပ်  ဒေါက်တာတင်ထွန်းက NLDပါတီ၏   အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်ချမှတ်ထားသည်ကို သိသည့်အတွက် မိစ္ဆာပါတီဟု  တိုင်းသိပြည်သိ  ကမ္ဘာသိ မိမိကြေညာခဲ့ကြောင်း၊ ထို့နောက် မိမိအနေဖြင့်  ခေတ္တပျောက်ကွယ်နေခဲ့ကြောင်း၊ ယခုပြန်ပေါ်လာကြောင်း၊ ယခုမိမိပြောလိုသည်မှာ ယနေ့နိုင်ငံတော်အစိုးရက မြန်မာပြည်၏ အခြေအနေကို ကမ္ဘာ့ပြည်သူများ သိရှိနိုင်ရန် ဂြိုဟ်တုလေးလုံးကို ငှားရမ်းသုံးစွဲပြီး လုပ်ဆောင်နေပါကြောင်း၊ ယခင်ကတပ်ဆင်သည့် ဂြိုဟ်တုတစ်လုံး၏ တန်ဖိုးပင်မနည်းကြောင်း၊ ယခုလေးလုံးဆိုလျှင် ပို၍များကြောင်း၊  မိမိအနေဖြင့် ပြောလိုသည်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို စိန်ခေါ်ရန်အတွက် ယခုတက်လာခြင်းဖြစ်ကြောင်း၊ ပြည်တွင်းအရေးနှင့် ပတ်သက်၍ အားလုံးကို ဗိုလ်ချုပ်လည်း ရှင်းပေးပြီးဖြစ်ကြောင်း၊ မီဒီယာသမားများကလည်း  ပြောပြီး၍ တော်တော်ပြည့်စုံကြောင်း၊ မိမိပြောချင်သည်မှာ ဂျိုးဘိုင်ဒန်ကို  စိန်ခေါ်ရန်အတွက် ဖြစ်ကြောင်း၊ အမေရိကန်သမ္မတက အိမ်ဖြူတော်တွင်   သတင်းစာရှင်းလင်းပွဲ တက် ရောက်ရန်   မိမိကိုခွင့်ပြုထားကြောင်း၊ ဗီဇာမလိုအပ်ကြောင်း၊ သမ္မတ ဘားရက်အိုဘားမား လာရောက်စဉ်က ၎င်း၏ Press Secretary က မိမိကို ကတ်ပြားတစ်ခု ပေးခဲ့ကြောင်း၊ ယခုကတ်ပြားသည် အမေရိကန်၏ White House Press International License 14191 Identity Property  ဟုဆိုလျှင် အားလုံးသိပါကြောင်း၊ White House Press တစ်ခုအတွက် လိုင်စင်နံပါတ်ပင် ပါဝင်ကြောင်း၊ မိမိ၏နံပါတ်မှာ ၉၈၃ ဖြစ်ကြောင်း၊ ဂျိုးဘိုင်ဒန်ကို စိန်ခေါ်ရသည်မှာ အားလုံးသိကြသည့် အတိုင်းဖြစ်ကြောင်း၊ မိမိမေးလိုသည်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအကုန်ထိ NUG ၊ PDF ၊ NLD တို့က စာသင်ကျောင်းများကို မီးရှို့သည်မှာ ၁၂၃ ကြိမ်၊ စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက်သည်မှာ ၃၆၇ ကြိမ်၊ စာသင်ကျောင်းများ အနီးပစ်ခတ်တိုက်ခိုက်သည်မှာ ၁၂ ကြိမ်၊  ကျောင်းစဖွင့်သဖြင့် ခြိမ်းခြောက်ခဲ့သည်မှာ ၄၉ ကြိမ်ဖြစ်ကြောင်း၊ ယင်းတို့ကို  အကြမ်းဖက်တိုက်ခိုက်သည်ဟု ဂျိုးဘိုင်ဒန်က မယူဆဘူးလားဟု မိမိအနေဖြင့် ပြောလိုကြောင်း၊ ဗိုလ်ချုပ်ကိုမေးတာ မဟုတ်ကြောင်း၊ ဝန်ကြီးဌာနများကိုလည်း မေးမြန်းခြင်း မဟုတ်ကြောင်း၊ ဖြေကြားပေးရန်လည်း  မလိုကြောင်း၊  သို့သော် မြန်မာပြည်တွင် အကြမ်းဖက်သမားများ၏ ယုတ်မာရက်စက်မှုကို နေ့စဉ်နှင့်အမျှ ခံနေရကြောင်း၊ မိမိမှတ်မိသလောက် ပြောရလျှင် ၂၀၁၈ ခုနှစ်ခန့်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက  Resolution  2427 ကိုထုတ်ပြန်ခဲ့ကြောင်း၊ ယင်းကလေးသူငယ်များ၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းတွင် ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို နှောင့်ယှက်ခြင်း၊ အကာအကွယ်မပေးခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်းများ စသည်တို့ကို ရှုတ်ချရမည်၊ ကန့်ကွက်ရမည်ဟု ပါဝင်ကြောင်း၊ Children and Armed Conflict ဖြစ်ကြောင်း၊ ယခုဖြစ်ပျက်နေသည့် အဖြစ်အပျက်များမှာ အကြမ်းဖက်ခြင်း မဟုတ်ဘူးလားဟု ဂျိုးဘိုင်ဒန်အား မေးမြန်းလိုကြောင်း၊ အကြမ်းဖက်ဟု မသတ်မှတ်ပါက မည်ကဲ့သို့ သတ်မှတ်သည်ကို  သိလိုကြောင်း၊ ထို Definition  မှာ မေးခွန်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကို   မေးခြင်းမဟုတ်ကြောင်း၊ ဝန်ကြီးဌာနများမှ အဓိပ္ပာယ် ရှင်းလင်းပေးရန် မိမိအနေဖြင့် မတောင်းဆိုကြောင်း၊ မိမိအနေဖြင့်  ပြောသင့်  ပြောထိုက်သဖြင့် ပြောလိုကြောင်း၊ နောင်တွင် မိမိအနေဖြင့် တက်ချင်မှ တက်မည်ဖြစ်ကြောင်း၊ မိမိတွင် မီဒီယာလုပ်ငန်းတာဝန်များ များပြားကြောင်း၊ မြန်မာပြည်တွင် အမျိုးသား အန္တရာယ်ကြီးသုံးခုကို  တပ်မတော်နှင့်အစိုးရက ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်ခဲ့သည်ကို ယနေ့လူငယ်သတင်းသမားများ သိရန်လိုအပ်ကြောင်း၊ တရုတ်ဖြူကျူးကျော်မှုတွင် တပ်မတော်သားများ မည်မျှစတေးခဲ့ရသည်ကို သိရန်လိုကြောင်း၊ အမေရိကန်၏ ကျူးကျော်မှုများလည်း ရှိခဲ့ကြောင်း၊ ယင်းကို မိမိတို့ ကာကွယ်ခဲ့ရကြောင်း၊ ယခုပြည်တွင်း၌ လက်ရှိအကြမ်းဖက်  ချေမှုန်းမှုများကို ဂျိုးဘိုင်ဒန်အနေဖြင့် မည်သို့သဘောထားသည်ကို စိန်ခေါ်ပြီး မေးမြန်းလိုကြောင်း မေးမြန်းသည်။

တဲ့ပြောမီဒီယာအယ်ဒီတာချုပ် ဦးဇော်မင်းဦးက မေးခွန်းမမေးမီ  တောင်းဆိုစရာ ရှိကြောင်း၊ မိမိတို့သတင်းဌာနများ အနေဖြင့် မေးခွန်းတစ်ပုဒ်သာ မေးခွင့်ရကြောင်း၊ တချို့မေးခွန်းများကို  ဗိုလ်ချုပ်အနေဖြင့် On the spot ဖြေဆိုရန် ဒေတာအချက် အလက်များမရှိသည့် အတွက်ကြောင့် ပြန်ပြီးမေးလိုက်ပါမည်ဟု ပြောပါကြောင်း၊ မိမိအနေဖြင့် တောင်းဆိုလိုသည်မှာ ယင်းသို့ မဖြေနိုင်ခဲ့သည့် မေးခွန်းများကို နောက်တစ်ပတ် သတင်းစာရှင်းလင်းပွဲတွင် တိကျသောဒေတာ အချက်အလက်ဖြင့် ဗိုလ်ချုပ်ရှင်းလင်းသည့် နေရာတွင် ထည့်ပြောစေလိုကြောင်း၊ နောက်တစ်ခုမှာ မင်္ဂလာစကားဖြစ်ကြောင်း၊ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   ယခုငြိမ်းချမ်းရေး ဖိတ်ခေါ်မှု၏ အကျိုးရလဒ်အပေါ်မှာ ခံစားရသော အကြောင်းအရာနှင့် မခံစားရသော အသံများ ကရင်ပြည်နယ်တွင် ကြားသိရကြောင်း၊ KNU? KNLA-PC ငြိမ်းချမ်းရေးကောင်စီ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ကြောင်း၊ တက်ပြီးပြန်သွားသည့်အချိန် တပ်မှူးများကို ပြန်လည်ပြီး အဓိကမှာသည့် အကြောင်းအရာတစ်ခု ပေါ်ပေါက်လာကြောင်း၊ NRPC  မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က PC  အတွက် စိုက်ပျိုးမွေးမြူရေး အတွက် မြေဧက ၇၀ ကူညီပေးရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို အကူအညီတောင်းကြောင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း လိုအပ်သည်များကို အကူအညီပေးကြောင်း၊ လက်ရှိကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စိုက်ပျိုး/မွေးမြူရေးအတွက် ငွေကြေးထောက်ပံ့ပြီး ပေးသည့်အတွက်ကြောင့် ၎င်းတို့အတွက် အဆင်ပြေကြောင်း၊ အုပ်ချုပ်ရေးနယ်မြေတွင် မီတာများ လိုသည့်အတွက် မီတာအလုံး  ၁၀၀  လျှောက်ကြောင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်  ဦးစောမြင့်ဦး ကလည်း  ချက်ချင်း ကူညီပေးကြောင်း၊ ထိုဒေသ၏ တိုင်းရင်းသားများက ငြိမ်းချမ်းရေး၏ အသီးအပွင့်ကို ခံစားလာရကြောင်း၊ ထို့ကြောင့် ၎င်းတို့၏တပ်မှူးများကို PDF များနှင့် လုံးဝဆက်သွယ် ဆောင်ရွက်ခြင်းမပြုရန် မိမိတို့ငြိမ်းချမ်းရေး အပျက်မခံနိုင်ဘူးဆိုသည့် အဓိကမှာသည့်စကား ထွက်လာသည်ကို  ကြားသိရကြောင်း၊  KNU  က ငြိမ်းချမ်းရေး မတက်သည့်အတွက်ကြောင့် KNU ဒေသတွင် စီမံကိန်း လျာထားချက် လုပ်ငန်းများ ဖျက်သိမ်းလိုက်ကြောင်း၊ လက်ရှိခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်သည့်အတွက်ကြောင့် ၎င်းတို့ဒေသအတွက် ဖွံ့ဖြိုးရေး မဖြစ်လာကြောင်း၊ ၎င်းတို့အတွက် ဝမ်းနည်းကြောင်း၊ လက်ရှိရပြီးသား ငြိမ်းချမ်းရေးကို ပျက်စီးမှာစိုးရိမ်သည့်အတွက် ကရင်ပြည်နယ်တွင်နေသည့် ဒေသခံလူထုများ၏ ပြောကြားသံကို မိမိကြားရကြောင်း၊ မိမိသတင်းဌာနမှ မေးသည့်မေးခွန်းမဟုတ်ကြောင်း၊ KNUကို လက်ရှိငြိမ်းချမ်းရေးကို ရအောင် သည်းခံပြီး ဆွဲခေါ်ပေးရန် အစီအစဉ် ရှိပါသေးလားဟု ကရင်ပြည်နယ်တွင်နေသည့် ဒေသခံလူထုများက မေးသည့် မေးခွန်းဖြစ်ကြောင်း၊ မိမိသတင်းဌာနမှ မေးသည့်မေးခွန်းသည်  မြန်မာနိုင်ငံ တစ်ဝန်း တရားရုံး၊ ရဲစခန်းများတွင် သိမ်းဆည်းရမိသည့် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များရှိကြောင်း၊ ၎င်းင်းတို့ကို တချို့က ပိုင်ရှင်မဲ့အဖြစ်သိမ်းကြောင်း၊ ပိုင်ရှင်မဲ့ဆိုသည့်အတွက် အမှုက တစ်ခါတည်းပြီးသွားကြောင်း၊ တချို့ကျ တရားရုံးတွင်  အမှုပြီးပြတ်သည်များ ရှိကြောင်း၊ ၃ နှစ်၊ ၄ နှစ် မြေစိုက်ဘဝနှင့် ဖြစ်နေကြောင်း၊ မြေစိုက်ဘဝနှင့်ကြာကြာထားသည့်အတွက် တန်ဖိုးမဲ့လာပြီး အရည်ကျိုကိုပို့လိုက်ကြောင်း၊ အရည်ကျိုကိုပို့လိုက်လျှင် ကားတစ်စီး၏တန်ဖိုးသည် ၃ သိန်း၊     ၅ သိန်းထက် ပိုမရကြောင်း၊ ဆိုင်ကယ်ဆိုလျှင်လည်း ၃ သောင်း၊ ၂ သောင်း၊ ၅ သောင်း သာရကြောင်း၊ မင်္ဂလာဒုံရဲစခန်းတွင်လည်း အပြည့်ဖြစ်နေကြောင်း၊ ကရင်ပြည်နယ်တွင်လည်း ဆိုင်ကယ်များ အပြည့်ဖြစ်နေကြောင်း၊ ထိုဆိုင်ကယ်များကို အမှုပြီးပြတ်သွားလျှင် ပြည်သူလူထုအား သက်သာသော ဈေးနှုန်းဖြင့်  လေလံချပြီး ရောင်းချပေးလျှင် လူတိုင်းကိုယ်စီ စီးနိုင်ကြောင်း၊ နောက်တက်လာသည့်အစိုးရအတွက် ရလဒ်သည် ၎င်းတို့ကို လိုင်စင်ချပေးသည့်အတွက်ကြောင့် လိုင်စင်ဆောင်ရသည့်လေလံနှင့် အောင်သွားသည့်အခါ ဆိုင်ကယ်တစ်စီးကို တစ်သိန်း၊ ထိုအပေါ်တွင် မိမိတို့က အခွန်ထပ်ရကြောင်း၊ နှစ်စဉ် နိုင်ငံတော်ဝင်ငွေလည်း ရရှိကြောင်း၊ အရည်ကျိုစက်ကို ပို့လိုက်လျှင် တန်ဖိုးမဲ့ကြောင်း၊  မော်တော်ယာဉ်များ ထိုနည်းလည်းကောင်း ဖြစ်ကြောင်း၊ လက်ရှိနေရာတွင် အမှုပြီးပြတ်သွားပြီး လေလံမပစ်နိုင်သေးလျှင် နိုင်ငံတော်မှ ဦးစီးအရာရှိ၊ ပြန်တမ်းဝင် အရာရှိများကို ခေတ္တထိန်းသိမ်း သုံးစွဲခွင့်၊ ဌာန၌ တာဝန်ထမ်းဆောင်တုန်း အချိန်တွင် ထိုသို့ထိန်းသိမ်း စောင့်ရှောက်ခွင့် ပေးမည်ဆိုလျှင် နိုင်ငံတော်အနေဖြင့် သီးခြားဝယ်ပြီး ပိုက်ဆံကုန်တော့မည် မဟုတ်ကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးအရာရှိများသည်လည်း နွေ၊ မိုး၊ ဆောင်း၌ လုပ်ငန်းတွင်ကျယ်သွားမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အစီအစဉ်များ ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU အဖွဲ့နှင့် ပတ်သက်ပြီး မီဒီယာတစ်ခု မေးသည့်အထဲ ဖြေသည့်အထဲတွင် ပါပြီးဖြစ်ကြောင်း၊ KNU  အဖွဲ့အတွင်းတွင် သဘောထား ကွဲလွဲနေသည်ကိုလည်း ကြားသိရကြောင်း၊ သတင်းထောက်ကြီး ပြောသည်မှာ မှန်ကန်ပါကြောင်း၊ ယခင်ကတည်းကတိုင် ရှိသည့်  KNU နယ်မြေတွင်လည်း  တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်သည့်လူများလည်း ရှိကြောင်း၊   မိမိတို့သဘောထားသည် ဖိတ်ကြားထားသည့်အတိုင်း လာမည်ဆိုလျှင် ကြိုဆိုလျက်ရှိကြောင်း၊ KNU  တစ်ဖွဲ့တည်းတင်မဟုတ်ဘဲ ကျန်သည့်အဖွဲ့များအတွက်လည်း ပါဝင်ပြီး  ဖိတ်ထားသည့်အတိုင်း လာမည်ဆိုလျှင် ကြိုဆိုနေမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် ပတ်သက်ပြီး ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများအရ ဖြေကြားမည်ဖြစ်ကြောင်း၊ သိမ်းဆည်းရမိသည်များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနက စစ်ဆေးရေးအဖွဲ့နှင့် သွားရောက်စစ်ဆေးပြီး အဆင့်ခွဲထားကြောင်း၊ အဆင့်ခွဲထားပြီး ပြုပြင်ပေးမှု၊ သံရည်ကျိုစက် ပို့ဆောင်မှုများ ဆောင်ရွက်ပေးကြောင်း၊ ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းမှုနှင့် ပတ်သက်ပြီး သိမ်းဆည်းထားသည်များ ပျက်စီးမှုရှိ/မရှိ အမြန်ဆုံးစိစစ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အဆင့်ခွဲခြားပြီး လုပ်ထုံးလုပ်နည်းအရ  လေလံတင်ခြင်း၊ ထိန်းသိမ်းခြင်းများ အကြံပြုချက်များကို ထိုအဖွဲ့များဆီ ရောက်အောင် ပေးပို့သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက အဆိုပါယာဉ်များ မြေစိုက်ဘဝ ရောက်နေသည်မှာ ၃ နှစ်၊ ၄ နှစ်ရှိပြီဖြစ်ကြောင်း၊  အမှုမှာ တစ်လတစ်ကြိမ် အမှုပြီးပြတ်ကြောင်း၊ တရားရုံးမှ အမှုပြီးပြတ်သွားပြီး မော်တော် ယာဉ်အစီးရေမည်မျှ၊  ဆိုင်ကယ်အစီးရေမည်မျှ စသည်တို့ကို လေလံပစ်နိုင်လျှင် ပစ်ပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် အသုံးပြုနိုင်ကြောင်း၊ လက်ရှိ ကရင်ပြည်နယ်တွင် လုပ်ထားသည်များ ရှိကြောင်း၊ ဦးစီးအရာရှိများကို မပေးနိုင်သေးသော်လည်း ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးများကို ထုတ်ပေးထားကြောင်း၊ ထိုသို့လုပ်ခြင်းအားဖြင့် မော်တော်ယာဉ်များ ဆွေးမြည့်ပြီး မြေစိုက်ဘဝရောက်မည် မဟုတ်ကြောင်း ထို့ကြောင့်မိမိပြောသည့် အစီအစဉ်မျိုး ဆောင်ရွက်ပေးရန် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သက်ဆိုင်ရာ ဝန်ကြီးဌာနများကို သတင်းပေးပို့ပေးမည် ဖြစ်ကြောင်း ဖြေကြားသည်။ 

လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာ ဒေါ်ခိုင်စပယ်ဦးက လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများ၏ အသံကိုလာပြီး တင်ပြခြင်းဖြစ်ကြောင်း၊  တာဝန်ရှိသူများ ဖြေကြားသည်ကို ပြည်သူများကြားနိုင်ရန် အတွက် ရည်ရွယ်၍ မေးခြင်းဖြစ်ကြောင်း၊ လျှပ်စစ်မီးပေးဝေခြင်းနှင့် ပတ်သက်ပြီး ၃ နာရီလာ ၃ နာရီပျက် ၅၀ ရာခိုင်နှုန်းမီး ရရှိသည့်စနစ်ကို မည်သည့်အတွက်ကြောင့် ပြုလုပ်ခဲ့ရသနည်း၊ ထိုသို့ပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် စွမ်းအင်မည်မျှ သက်သာပြီး ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်မည်မျှလျော့ကျသွားသည်ကို  အများပြည်သူသိရှိ နားလည်အောင် ဖြေကြားပေးစေလိုကြောင်း၊ နောက်တစ်ချက်က  ပေးဝေမှုအပိုင်းတွင် လေးနာရီလာလျှင် လေးနာရီပျက်စနစ်တွင်  လေးနာရီကို အောက်ခြေဓာတ်အားခွဲရုံက ပျက်ချိန်ဆိုပြီးပိတ်လိုက်ကြောင်း၊ နောက်ထပ် လေးနာရီလာရမည့် အချိန်၌  အထက်က ပိတ်ထားကြောင်း၊   ဓာတ်အားခွဲရုံမှာ မီးမရှိဟုဆိုပြီး   ထပ်ပိတ်သွားကြောင်း၊ နောက်ထပ်လေးနာရီကို ဓာတ်အားခွဲရုံက ပျက်ချိန်ဖြစ်သည့်အတွက် ပြန်ပိတ်လိုက်ကြောင်း၊ ထိုသို့ဖြစ်ခြင်းကို ပြည်သူများက လာချိန်လည်းပျက်/ပျက်ချိန်လည်းပျက်သည် ဟူ၍ ပြောနေကြကြောင်း၊ ထိုအခြေအနေများကို  မည်သို့ပြေလည်အောင် ဖြေရှင်းပေးနိုင်၊ မပေးနိုင်သိလိုကြောင်း၊ ယခုကဲ့သို့ အချိန်ပိုင်းပေးမည့်စနစ်က မည်မျှ ကြာမြင့်မည်ကို သိလိုကြောင်း  မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လျှပ်စစ်ဓာတ်အားလိုင်း သုံးစွဲမှုနှင့် ပတ်သက်ပြီး မဂ္ဂါဝပ် ၃၈၀၀ ရှိကြောင်း၊  လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုက  ၂၉၀၀  သာရှိသည့် အတွက် ၉၀၀ မဂ္ဂါဝပ်လျော့နည်းနေကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး လျှပ်စစ်ဓာတ်အားလိုင်း ဖောက်ခွဲခံခဲ့ရသည့်အတွက် အခက်အခဲများ ရှိခဲ့ကြောင်း၊ LPG ဓာတ်ငွေ့မြင့်တက်မှုကြောင့် အခက်အခဲရှိခဲ့ခြင်း၊ ယခင်သတင်းစာ ရှင်းလင်းပွဲတွင်လည်း ရှင်းပြပြီးဖြစ်ကြောင်း၊ အကြမ်းအားဖြင့် ၃၈၀၀ မဂ္ဂါဝပ်ရှိသော်လည်း ၂၉၀၀ မဂ္ဂဝပ်သာ ထုတ်လုပ်နိုင်သောကြောင့် ထိုအခက်အခဲများ ရှိကြောင်း၊ ထိုနေရာမျိုးတွင် ရေအားလျှပ်စစ် ထုတ်လုပ်မှုကလည်း လျော့နည်းသွားသည့်အတွက်  ယခုပိုပြီး လျော့နည်းပြီး ဆောင်ရွက်သွားနိုင်သည့် အခြေအနေမျိုးတွင် ရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများကို  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက  ဖြေကြားပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ ဓာတ်အား လိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန်ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ပထမဦးဆုံးပြောလိုကြောင်း၊ ယခုနှစ်ဆိုလျှင် ဗိုလ်ချုပ်ပြောသွားသကဲ့သို့ မီးသုံးစွဲသူပမာဏက ၃၈၀၀ မဂ္ဂါဝပ်ရှိပြီး အမှန်တကယ်စွမ်းအင် ထုတ်လုပ်နိုင်သည်မှာ မဂ္ဂါဝပ်၂၉၀၀ ခန့်သာရှိပြီး ၉၀၀ ခန့်လျော့နည်းနေကြောင်း၊ လိုအပ်ချက်ကို တစ်ပြိုင်တည်း ထုတ်လုပ်မည်ဆိုလျှင်လည်း လာမည့်နှစ်များတွင်  စွမ်းအင်အရင်းအမြစ်ဖြစ်သည့် ရေအား၊ သက်ဆိုင်သည့် အခြားစွမ်းအင်ကဏ္ဍများကို တစ်နှစ်ပတ်လုံး သုံးစွဲ၍ရရန်ချိန်ညှိပြီး ထုတ်လုပ်ရသည့် အနေအထားများ ရှိကြောင်း၊   နောက်တစ်ချက်သည်   ဓာတ်အားထုတ်လုပ်မှု ဈေးနှုန်းများ မမြင့်မားစေရန်  နိုင်ငံပိုင်စက်ရုံများနှင့် IBP စက်ရုံများကို ဈေးကြီး သည့်ဓာတ်အား ပမာဏနှင့် ဈေးနည်းသည့် ဓာတ်အားပမာဏချိန်ညှိ၍ ထုတ်လုပ် ရသည့် အနေအထားရှိကြောင်း၊ သို့သော်လည်း ယခုလ ၂၃ ရက်နေ့နောက်ပိုင်းမှ စပြီး အရေးကြီးသည့် နေရာများကို ညနေ ၅ နာရီမှ နံနက် ၈ နာရီအထိ မီးမဖြတ်ဘဲ ဓာတ်အားပေးထားကြောင်း၊ အများပြည်သူကိုလည်း တိုးတက်ပြီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ လျော့နည်းနေသည့် မဂ္ဂါဝပ် ၉၀၀ကိုလည်း ဖြည့်ဆည်းနိုင်ရန် နေရောင်ခြည် အရင်းအမြစ်၊ ရေအားအရင်းအမြစ်များမှ တိုးတက် ထုတ်လုပ်နိုင်စေရန် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ပျက်စီးသွားသည့် တာဝါတိုင်များသည် စက်ရုံများမှ ထုတ်သည့် ဓာတ်အားကွန်ရက်ကြီးများကို ထည့်သည့်လိုင်းများ ဖြစ်သည့်အတွက် လျော့နည်းမှုများအား  Recover  ဖြစ်ရန် အမြန်ဆုံးပြုပြင် ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဖြည့်စွက် ဖြေကြားသည်။

လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာ ဒေါ်ခိုင်စပယ်ဦးက လာချိန်လည်းပျက်၊ ပျက်ချိန်လည်းပျက်ဆိုပြီး အောက်ကပိတ် လိုက်၊ အပေါ်ကပိတ်လိုက် ဖြစ်နေသည့်ကိစ္စကို မည်ကဲ့သို့ညှိနှိုင်းပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တာဝန်ရှိသူတစ်ဦးက လာချင်လည်းလာ၊ ပျက်ချင်လည်းပျက် ဆိုသည်မှာ လက်ရှိစီမံကွပ်ကဲ နေရသည့် အနေအထားတွင် မရှိကြောင်း၊ အောက်ခြေကို  သေချာစုံစမ်းကြည့်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထုကို ဓာတ်အားတိုးတက် ရရှိစေရန် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားသည်။

ရွှေတြိဂံသတင်းလွှာဂျာနယ်မှ ဃနဥ ဦးထွန်းထွန်းဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ပထမဦးဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နဗဥျ များ တက်ရောက် လက်မှတ်ထိုးခြင်းများကို တွေ့ရကြောင်း၊ နယ်ပယ်အသီးသီးကလည်း ယေဘုယျအားဖြင့်  အထိုက်အလျောက် အောင်မြင်သည်ဟု ဝေဖန်သုံးသပ်ခြင်းများကို တွေ့ရကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့်     ငြိမ်းချမ်းရေး ရရှိရန် ကျန်ရှိနေသေးသည့် EAOs များကိုလည်း ထပ်မံဖိတ်ခေါ်၍ ဆွေးနွေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း၊ ဗိုလ်ချုပ် ရှင်းလင်း ပြောကြားသွားသည့် အထဲတွင် “ဖိတ်ကြားသည့်အတိုင်း လာမည်ဆိုပါက  Welcome ပါ” ဟူ၍ ၄ ကြိမ်ထက်မနည်း ပြောကြားခဲ့ကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံ အတွေ့အကြုံကိုပြောရလျှင်  အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ အကူအညီကို ယူကြကြောင်း၊ ဥပမာ - မြောက်ပိုင်းမဟာမိတ်အဖွဲ့ များ ပင်လုံညီလာခံတက်ရန် တရုတ်မှအထူး လေယာဉ်ဖြင့် လာရောက်ခဲ့ကြကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏    အကူအညီကို ရယူပြီး ချဉ်းကပ်၍ ဒုတိယ၊ တတိယအကြိမ် ထပ်မံဖိတ်ခေါ်ရန် စီစဉ်ထားခြင်းရှိ/မရှိကို သိလိုကြောင်း၊ နောက်မေးခွန်း တစ်ခုအနေဖြင့် အာဆီယံအထူး ကိုယ်စားလှယ် မြန်မာနိုင်ငံ သို့လာရန်ရှိကြောင်း၊ ယခင်ကိုယ်စားလှယ် များလာစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန်ကြိုးစားခဲ့ရာ အမှုများ မပြီးပြတ်သေး၍ တွေ့ရန်ခွင့်မပြုကြောင်း၊ မကြာမီလာမည့် အာဆီယံ အထူးကိုယ်စားလှယ်ကိုလည်း အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးမည့် အစီအစဉ်ရှိ/မရှိ မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  EAOs  များနှင့် ပတ်သက်၍ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကို မိမိတို့အနေဖြင့် ၂၀၂၂ ခုနှစ် အကုန်အထိ တစ်နှစ်တာကာလ သတ်မှတ်ထားကြောင်း၊ ကြေညာချက်ထဲတွင်လည်း ပါပြီးဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားဝန်ကြီးချုပ်  မစ္စတာဟွန်ဆန်၏ ခရီးစဉ်အပြီးတွင် ထုတ်ပြန်ပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ထိုထုတ်ပေးလိုက်သည့် အထဲတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသည်နှင့်် ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်သွားရန်ဆိုသည့် တိုက်တွန်းချက်ပါပြီးသား ဖြစ်ကြောင်း၊ ယခုမှ ထူးပြီး   ဖိတ်ခေါ်ခြင်း မဟုတ်ကြောင်း၊ နှစ်ပတ်လည် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း၊ ထိုသို့ဖိတ်ခေါ်ထားသည့်အတိုင်း လာလျှင် မိမိတို့က ကြိုဆိုပါကြောင်း၊ နောက်ထပ် တစ်ခုမှာ အိမ်နီးချင်း အကူအညီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အခက်အခဲမှာ ၂ မျိုးရှိကြောင်း၊ Internal Factor မှာ မသိချင်ယောင်ဆောင်ခြင်းနှင့် မကြားချင် ယောင်ဆောင်ခြင်းဖြစ်ကြောင်း၊ External Factor တွင် သတင်းထောက်ကြီး ပြောနေသည့် ပြည်ပနိုင်ငံများဆိုသည့် အသုံးအနှုန်း ပါကြောင်း၊  အဖွဲ့အစည်းများဆိုသည့် အသုံးအနှုန်းပါကြောင်း၊ External Factor မှာ  မည်သည့်အခက်အခဲရှိလည်း ဆိုလျှင် တချို့သောပြင်ပ အဖွဲ့အစည်းများသည် ရိုးရိုးတန်းတန်း ပြောရလျှင် အသိအမှတ်မပြုခြင်း ဆိုသည့် ပုံစံမျိုးဖြစ်ကြောင်း၊ အသိအမှတ်မပြုခြင်း ဆိုသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းကို လက်ရှိအစိုးရ အနေနှင့်ဆောင် ရွက်နေသည့် အချိန်တွင် ၎င်းတို့အနေနှင့် လာရောက် ကူညီလိုက်မည်ဆိုလျှင် အလိုလျောက် ထောက်ခံပြီးသား ဖြစ်မည်လား ဆိုသည့် အကြောင်းအရာမျိုး External Factor မှာ မိမိတို့ကြုံတွေ့ရပါကြောင်း၊ ထိုအကြောင်းအရာသည် ရိုးရိုးတန်းတန်း ကြုံတွေ့ခဲ့ရခြင်းသာဖြစ်ကြောင်း၊ တချို့ကြုံ တွေ့ရသည်မှာ အကြမ်းဖက်ဆူပူမှုများ ဖြစ်ရန် တမင်သက်သက်ဆွနေခြင်းဖြစ်ကြောင်း၊ ဥပမာ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့ လုပ်ဆောင်နေသည်ကို သတင်းထောက်ကြီးတို့ တွေ့ရမည်ဖြစ်ကြောင်း၊     ထိုသို့ လုပ်ဆောင်နေချိန်တွင် မြန်မာပြည်သူလူထု အတွက်ဟု ပြည်သူလူထုဆိုသည့် နာမည်ခံပြီး ထိုအကြမ်းဖက် PDF များကိုထောက်ပံ့ပေးကြောင်း၊ မြန်မာပြည်သူလူထု အတွက်ဟူ၍ နာမည်ခံပြီး ပြည်ပမှာရှိနေသည့် ကိစ္စများကနေ အလှူငွေများ ကောက်ခံပေးပို့ခြင်း၊ ဒေါ်လာ မည်မျှထောက်ပံ့မည်ဆိုပြီး ပေးပို့ခြင်း၊ မည်မျှကူညီမည်ဆိုပြီး ပေးပို့ခြင်း ဆိုပြီး ထောက်ပံ့မှုများမှာ ကျောင်းများကို မိုင်းခွဲသူများ၊ ဆရာ၊ ဆရာမများကို သတ်သည့် သူများ၊ ကျောင်းသားများကို ကျောင်းမနေနိုင်အောင် လုပ်သည့်သူများ၊ ပြဋ္ဌာန်းစာအုပ်ကိုမီးရှို့၊  လုယက်နေသည့်သူများထံသို့ ရောက်ကြောင်း၊   ထိုကဲ့သို့   ၎င်းတို့က ထောက်ပံ့ပေးနေသည့် အတွက်ကြောင့် တချို့သော EAO ခေါင်းဆောင်များအထိ မဟုတ်ဘဲ EAO တပ်ရင်း၊ တပ်ဖွဲ့အဆင့်လောက်အထိကိုသာ ငွေပေး၍ လုပ်နေသည်များ ရှိကြောင်း၊ ထိုကိစ္စများသည်လည်း External Factorပဲဖြစ်ကြောင်း၊ သို့သော် ယခုဝင်လာသည့် အဖွဲ့ ၁၀ ဖွဲ့နှင့် မိမိတို့ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို ၁၀ ဖွဲ့သည် နိုင်ငံတော်နှင့် ၎င်းတို့၏  တိုင်းရင်းသားပြည်သူ့အကျိုး၊ ပြည်ထောင်စုအကျိုးကို ကြည့်သည့်သူများဖြစ်၍ ဆွေးနွေးကြခြင်းဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းများ၊ ထိုလူများသည်လည်း မိမိပြောခဲ့သည့်  External  Factor ၊Internal Factor များက ဆွဲဆောင်စည်းရုံးမှုမျိုးစုံ ပြုလုပ်ခြင်းများ ခံခဲ့ရပါကြောင်း၊ သို့သော်   ၎င်းတို့အနေနှင့်  တကယ့်ကို ပြည်ထောင်စုအကျိုးနှင့် ၎င်းတို့၏တိုင်းရင်းသား လူမျိုး၏အကျိုးကို ကြည့်သောကြောင့် လာရောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့် အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်၍ ဆက်ဆံရေးကို မိမိတို့ အထူးအလေးထား ပါကြောင်း၊ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးကိုလိုလားသည့် မည်သည့်နိုင်ငံ၏  စစ်မှန်သည့် လုပ်ဆောင်ချက်ကို မဆို မိမိတို့ပူးပေါင်း ဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ အာဆီယံအထူး ကိုယ်စားလှယ် ကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေနှင့် ယခင် ရပ်တည်ချက် အတိုင်းသာဖြစ်ကြောင်း၊ မိမိ တို့နိုင်ငံတစ်နိုင်ငံတည်း ထူးဆန်းပြီးလုပ်နေခြင်း မဟုတ်ကြောင်း၊ မည်သည့်နိုင်ငံကမှ အမှုရင်ဆိုင်နေဆဲသူများနှင့် တွေ့ဆုံခွင့် ပေးခဲ့သည်ကို မိမိလည်း မမြင်ဖူးပါကြောင်း၊ ထို့ကြောင့်  မိမိတို့နိုင်ငံကိုပြောနေသည့် အာဆီယံနိုင်ငံများမှ တချို့နိုင်ငံများကို မိမိထောက်ပြရမည်ဆိုလျှင် ထိုနိုင်ငံများတွင် လည်း နိုင်ငံရေးအမှု၊ အဂတိအမှုများနှင့် တရားစွဲဆိုခံရသည့်၊ ထောင်ချခံရသည့်၊ အမှုအရ အရေးယူခံရသည့် နိုင်ငံခေါင်းဆောင်များ ရှိကြောင်း၊ နိုင်ငံထဲမှ ထွက်ပြေး သွားသည့်  ခေါင်းဆောင်များ ရှိကြောင်း၊ ထိုနိုင်ငံများမှာ ၎င်းတို့ကိုအရေးယူသည့် အခါတွင် မည်သူ့ကို တွေ့ခွင့်ပေးခဲ့သလဲဟု မိမိမေးလိုကြောင်း၊ တွေ့ခွင့်ပေးခဲ့သည့် အထောက်အထားရှိခဲ့လျှင် မိမိကိုပြောပါ၊ ပြပါဟု   မိမိပြောလိုကြောင်း   ပြန်လည် ဖြေကြားသည်။

ဆက်လက်ပြီး ရွှေတြိဂံသတင်းလွှာ ဂျာနယ်မှ CEO ဦးထွန်းထွန်းဝင်းက ယခုအစိုးရ လက်ထက် တစ်နှစ်ကျော်ကာလအတွင်း ယခင် NLD အစိုးရ၏ အကျင့် ပျက်ခြစားမှု၊ အဂတိလိုက်စားမှုများကို အဂတိလိုက်စားမှု ကော်မရှင်က တရားစွဲဆို နေသည်ကို တွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ကြိုဆိုသည့်အဖွဲ့များ ရှိသကဲ့သို့ အတိုက်အခံအဖွဲ့များကလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို နိုင်ငံ ရေးအရ ခုတုံးလုပ်၍ တရားစွဲနေသည်ဆိုသည့်ပုံစံမျိုးများ ပြောနေသည်များကိုလည်း မိမိတို့တွေ့ရကြောင်း၊ အဂတိလိုက်စားမှုဆိုသည်မှာ အစိုးရအဆက်ဆက် မည်သည့်နေရာတွင်မဆို ရှိနေမည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင်လည်း အဂတိလိုက်စားမှုများ ရှိနေကြောင်း၊ ဥပမာဆောက်လုပ်ရေး တင်ဒါလောကတွင် ဝန်ထမ်းအကြီးအကဲများ ကိုယ်တိုင် အဂတိလိုက်စားနေသည်များ မိမိတို့တွေ့နေရကြောင်း၊ ထို့ကြောင့် နစ်နာသည့်ပြည်သူများက တိုင်ကြားလျှင်သော် လည်းကောင်း၊ မိမိတို့သတင်းမီဒီယာများက စုံစမ်းဖော်ထုတ်ရေးသား၍သော် လည်းကောင်း ထိုအခြေအနေမျိုးတွင် အဂတိတိုက်ဖျက်မှုကော်မရှင်ကသော် လည်းကောင်း၊ အစိုးရကသော် လည်းကောင်း တရားစွဲဆိုအရေးယူရန် ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် မည်သည့်အစိုးရတက်တက် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ ရှိပြီးဖြစ်ပါကြောင်း၊ ကော်မတီများ၊ ကော်မရှင်များတွင် ၎င်းတို့လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ ရှိပြီးဖြစ်ကြောင်း၊ မချိုးဖောက်ခဲ့ဘူးဆိုလျှင် မည်သည့်အစိုးရ အဖွဲ့အစည်းဖြစ်စေ၊ ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်စေ အရေးယူစရာ အကြောင်းမရှိပါကြောင်း၊ ထို့ကြောင့် NLDလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးများ၊ ဒုဝန်ကြီးများ အများကြီးရှိကြောင်း၊ အရေးယူခံရသည့် ဝန်ကြီးအရေအတွက်၊  ဒုဝန်ကြီးအရေအတွက်နှင့် မည်သည့်အသံမျှ မကြားရသည့် ဝန်ကြီးအရေအတွက်၊  ဒုဝန်ကြီးအရေအတွက် သတင်းထောက်ကြီး ကိုယ်တိုင် မည်မျှရှိသည်ကို နှိုင်းယှဉ်ကြည့်စေလိုကြောင်း၊ သေချာ သည်မှာ မည်သည့်အရာမျှ မလုပ်ခဲ့သည့်သူကို မည်သည့်အရာကမှ အရေးယူ၍ မရပါကြောင်း၊ လူတစ်ယောက်သည် အပြစ်မရှိဘဲ အရေးယူခံသည်ဆိုသည်မှာ တော်တော်လေးကို ခဲယဉ်းပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကလည်း မည်သည့်အစိုးရ၊ မည်သည့်အဖွဲ့အစည်း ကိုမျှ ၎င်းက လုပ်မည် မဟုတ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည်လည်း ၎င်းကို တိုင်ကြားလာသည့် လုပ်ငန်းမှန်သမျှ၊ စစ်ဆေးလာသည့် လုပ်ငန်းမှန်သမျှကို အရေးယူဆောင်ရွက်နေသည်များ ရှိကြောင်း၊   ယခုအချိန်တွင်လည်း တိုင်ကြားနေသည်များလည်း ရှိကြောင်း၊ မိမိတို့အရေးယူ ဆောင်ရွက်နေပါကြောင်း၊ တချို့ကိစ္စများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုယ်တိုင်က လုပ်နေသည်များ ရှိပါကြောင်း၊ ဥပမာ ရန်ကုန်၌ ဖြစ်ခဲ့ ကိစ္စမျိုးဆိုလျှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယခုအချိန်ထိ စစ်ဆေးနေဆဲဖြစ်ပါကြောင်း၊ အရေးယူရန်အတွက်လည်း  စတင်ဆောင်ရွက်နေပြီး ဖြစ်ကြောင်း၊  ထိုကိစ္စနှင့်ပတ်သက်၍ မီဒီယာများက  ရေးမည်ဆိုလျှင်လည်း ကျော်စောမှု သတင်းအနေနှင့်သာ ယူဆမည်ဖြစ်ပါကြောင်း၊ အထောက်အထားနှင့် တိုင်လာမည်ဆိုလျှင်  မိမိတို့ အရေးယူရမည်ဖြစ်ပါကြောင်း၊  သတင်းရေးရုံနှင့် ကျော်စောမှု သတင်းသာဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ကျော်စောမှုရှိတိုင်းလည်း မိမိတို့က လက်တွေ့တရားဥပဒေအရ အရေးယူ၍ မရပါကြောင်း၊ ကျော်စောမှုရှိရုံနှင့် စုံစမ်းခံရသည့် အခြေအနေလောက်သာ ဖြစ်မည်ဖြစ်ကြောင်း၊ မီဒီယာများက ထုတ် ဖော်ရေးသားတိုင်းလည်း တရားဥပဒေအရ သက်သေခံမှာ အကျုံးမဝင်ပါကြောင်း၊ သို့သော် ကျော်စောမှုတော့ ရှိမည်ကြောင်း ပြန်လည်ဖြေကြားသည်။

နောက်တစ်ခုမှာ ယခုနောက်ဆုံးရောက်ရှိလာသည့် သတင်းဖြစ်ကြောင်း၊ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ (၃၅)ကားလမ်းမှတ်တိုင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးသေဆုံးကာ  ကိုးဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော်တော်လေးဆိုးကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ယနေ့တွင် ဗုံးဖောက်ခွဲသူကိုဖော်ထုတ် ရရှိပြီးဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် သေဆုံးသူနှင့် ပတ်သက်ပြီး အမည်မသိ အသက် ၃၂ နှစ်ခန့်သေဆုံးသည်ဟူ၍ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသူ ကားမှတ်တိုင်သို့ ဝင်လာသည့်  မှတ်တမ်းဓာတ်ပုံများပေးလိုက်မည်ဖြစ်ပါကြောင်း၊ ၎င်းထံတွင် အိတ်တစ်လုံးပါလာပြီး ထိုအိတ်ထဲတွင် ဗုံးထည့်လာခြင်းဖြစ်ကြောင်း၊ ၎င်းသည်အင်္ကျီအနက် ဝတ်ထားပြီး ပုဆိုးဝတ်လာသည့် ပုံစံမျိုးဖြစ်ကာ လက်ကိုင်အိတ် ကိုင်လာကြောင်း၊ ထိုအထဲမှ ဗုံးဖောက်ခွဲခဲ့သည့် သဘောရှိကြောင်း၊ ၎င်းကျန်ခဲ့သည့် ဖုန်းကိုမိမိတို့ စစ်ဆေးပါကြောင်း၊ စစ်ဆေးသည့်အခါ ၎င်းကိုယ်တိုင်လည်း PDF အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့သည့် PDF  ဖြစ်ပြီး ၎င်းကိုခိုင်းထားသည့် အကြောင်းအရာများလည်း တွေ့ရကြောင်း၊   အမည်မှာ အောင်ကြီး(ခ)ထိန်လင်းထွန်း၊  (၂၆) နှစ်၊(အဘ)ဦးတင်ထွန်း၊ ကျောက်တံတားမြို့နယ် ကွန်ပျူတာဆိုင် (စိစစ်ဆဲ)၊    အလုပ်သမားဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး နီးစပ်ရာကိုလည်း မိမိတို့ အတည်ပြုပြီးဖြစ်ကြောင်း၊ ထိုသတင်း ထွက်လာပြီး  နောက်ပိုင်းတွင် ပြည်ဖျက် မီဒီယာတစ်ခုက  လူစည်ကားသည့် နေရာ၌ ဗုံးပေါက်ကွဲခြင်းဖြစ်သောကြောင့် စစ်တပ်ကလုပ်သည်ဟု  ရေးသားထားကြောင်း၊    ပြီးလျှင် မီဒီယာများကို CCTV မှတ်တမ်းပြမည်ဖြစ်ကြောင်း၊ ၎င်း၏ဖုန်းအဆက်အသွယ်ထဲရှိ၊ ၎င်းချိတ်ဆက်ထားသည်များကို  မိမိတို့ပြောလိုက်မည်ဖြစ်ကြောင်း၊ ပေါက်ကွဲသည့်အထဲတွင် ဖုန်းမပါသွားသော်လည်း ဖုန်း မှန်မှာ အတော်ပင်အက်ကွဲနေပြီဖြစ်ကြောင်း၊ တော်တော်လေး ဖော်ထုတ်ယူရကြောင်း၊ သို့မဟုတ်လျှင် မိမိတို့က သေသွားသည့်သူကို စွပ်စွဲသည်ဆိုသည်မျိုး ဖြစ်နေဦးမည်ဖြစ်ကြောင်း ပြောကြား၍ CCTV ကိုပြသသည်။ ယင်းမှာ CCTV မြင်ကွင်းတစ်ခုကသာ ပြထားခြင်းဖြစ်ကြောင်း၊ အခြားမြင်ကွင်းများကို   မိမိတို့အနေဖြင့် လုံခြုံရေးအရ မပြသနိုင်သော်လည်း ပုံများကိုဖြန့်ဝေ ပေးလိုက်မည်ဖြစ်ကြောင်း၊ PDFအမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် ပြည်သူလူထု၊ လူစည်ကားရာနေရာ၊ ဘာသာရေးအဆောက်အဦ ဟူ၍ ရှောင်နေမည် မဟုတ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ မိမိဒေသ၊ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူလူထုကလည်း လုံခြုံရေး အဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

မြဝတီ