အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် တပ်မတော်သားများ၏ စကားသံများ

 

(၃၁)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၌ မေ ၁၂ ရက်မှ ၂၃ ရက်ထိကျင်းပခဲ့ရာ အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ နည်းကို အားကစားသမား၂၉၃ ဦး၊ အုပ်ချုပ်သူနည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဦး   ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၃၅ ခု စုစုပေါင်း ၆၂ ခုကိုရရှိခဲ့ပြီး တပ်မတော်သား အားကစားသမားများမှ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၈ ခု  စုစုပေါင်း ၁၃ ခု ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။ ယင်းတပ်မတော်သားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က    ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။    

အခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်မတော်မှဆုရရှိသောတပ်မတော်သား အားကစားသမားများနှင့် ရွှေတံဆိပ် ဆုရရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော နည်းပြများကိုတွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ရပါသည်။

ဗိုလ်မှူးကြီးကျော်ဆန်းဦး (အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး)

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဆုရရှိခဲ့သောတပ်မတော် မှ အားကစားသမားများနှင့် ဆုတံဆိပ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော နည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားဖြစ်ပြီး ကျွန်တော့်အနေနဲ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနဲ့ ဘဏ္ဍာရေးလုပ်ငန်းကော်မတီတို့ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ အားကစား ဆောင်ရွက်တယ်ဆိုတာ နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေတာဖြစ်ပါတယ်။ ဒီနိုင်ငံမှာရှိနေတဲ့ ပြည်သူပြည်သားတွေရဲ့ ကျန်းမာ ကြံ့ခိုင်မှု၊ ဇွဲလုံ့လဝီရိယရှိမှု၊ စည်းလုံးညီညွတ်မှုတွေကို ဖော်ထုတ်ပြသကြရတာဖြစ်ပါတယ်။

ယခု ကျင်းပပြီးစီးခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေဖြင့် အားကစားပြိုင်ပွဲ ၂၀ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၉ ခု၊  ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု  စုစုပေါင်း ၆၂ ခုနဲ့ နိုင်ငံ ၁၁ နိုင်ငံအနက် အဆင့် ၇ ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲဝင် တွေထဲမှာမှ တပ်မတော်သား အားကစားသမားများအနေဖြင့် ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၂ ခု၊  ကြေးတံဆိပ် ၈ ခု  စုစုပေါင်း ၁၃ ခု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးနိုင်ငံတော်နဲ့တပ်မတော်အတွက် ဂုဏ်ယူစရာဖြစ်တဲ့ တပ်မတော်မှ အားကစား သမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်မှုများ ဆောင်ရွက်ပေးခြင်းအားဖြင့် နောင်ကျင်းပမည့် အားကစားပြိုင်ပွဲများမှာ   ပိုမိုကြိုးစားယှဉ်ပြိုင်နိုင်အောင် စိတ်ဓာတ်စွမ်းအားတွေ မြှင့်တင်ပေးလိုခြင်းဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အားကစားနည်းအလိုက်ဆုရရှိခဲ့ကြတဲ့   ဆုတံဆိပ်အမျိုးအစားပေါ် မူတည်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းနဲ့ တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့တဲ့အပြင် ဆုငွေများကိုလည်း ယခင်ကနဲ့ မတူဘဲ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးမှုများ ပြုလုပ်ပေးခဲ့တဲ့အတွက် များစွာဝမ်းမြောက် ဂုဏ်ယူ ရပါတယ်။  ဒီလိုဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ တစ်ဆင့်မြင့်ရာထူးများ တိုးမြှင့်ပေးခြင်းဟာ ထူးချွန်တဲ့ အားကစားသမားများကို အသိအမှတ်ပြုပေးခြင်း၊ ထိုက်သင့်တဲ့ဘဝအာမခံချက်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဂုဏ်ပြု ဆုငွေတွေ ဒီလိုချီးမြှင့်ပေးတာဟာလည်း အားကစားနှင့်သက်ဆိုင်သူများအတွက် သင့်တော်တဲ့ လူမှုဘဝတိုးတက်မှုကို အထောက် အကူပြုနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်သလို အားကစားသမားများအနေနဲ့လည်း ဂုဏ်ယူရပြီး နောင်လာမည့် နိုင်ငံတကာ   အားကစား ပြိုင်ပွဲတွေမှာ ကြိုးစားအားထုတ်မှုတွေ ပိုမိုတိုးတက်လာကာ နိုင်ငံကိုယ်စားပြု အားကစားသမားအဆင့်မှ ကမ္ဘာကို ရင်ပေါင်တန်းနိုင်တဲ့ အားကစားသမားများအဖြစ် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

ဒုတိယအရာခံဗိုလ်သိန်းသန်းဦး (ဝူရှူး)

ရွှေတံဆိပ်ဆုရ

၂၀၀၇ ခုနှစ်ကတည်းက တပ်မတော်မှာတာဝန်ထမ်းဆောင်နေတာပါ။ ယခု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင် နေတာဖြစ်ပါတယ်။ ဖခင်ကလည်း တပ်မတော်သားတစ်ဦးဖြစ်တဲ့အတွက် ကျွန်တော်ငယ်ငယ်ကတည်းက တပ်မတော်သား တစ်ဦး ဘဝကို အရမ်းအားကျခဲ့တာပါ။   ဒါကြောင့်လည်း တပ်မတော်သားတစ်ဦးအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ အားကစားကို စပြီးကစားစဉ်ကတော့ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ခုတော့ တပ်မတော်ဘက်မှာရော အရပ်ဘက်မှာရော အားလုံးက ထောက်ပံ့မှုတွေရှိလာတော့ အဆင်ပြေနေပါပြီ။ ကျွန်တော့်အနေနဲ့ ဝူရှူးအားကစား သုံးနည်းဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ဒီအထဲကမှ တရုတ်ပြည်တောင်ပိုင်း(နမ်းကွမ့်)ဆိုတဲ့ တုတ်သိုင်းမှာ ရွှေတံဆိပ်ရရှိခဲ့တာဖြစ်ပါတယ်။ သုံးမျိုး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ တာပေါ့။ သို့သော်လည်း ကျွန်တော့်အားသာချက်ဖြစ်တဲ့ နမ်းကွမ့်တုတ်သိုင်း အားကစားနည်းမှာ အိမ်ရှင် ဗီယက်နမ်အသင်းကို ယှဉ်ပြိုင်အနိုင်ယူကာ ရွှေတံဆိပ်ဆုကိုရရှိခဲ့တာပါ။ ခုလိုနိုင်ငံတော်အဆင့်တွေနဲ့ အားပေးချီးမြှင့်မြှောက်စားတဲ့အတွက်   အတိုင်းမသိ ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ယခင်ကလည်း ရွှေတံဆိပ်ဆုရဖူးပါတယ်။ ဒီလောက်ချီးမြှင့်ခြင်း မခံခဲ့ရပါဘူး။ ခုလို ထိုက်ထိုက် တန်တန်ချီးမြှင့်တဲ့အတွက် အများကြီးဝမ်းသာပါတယ်။ မနေ့ကလည်း နိုင်ငံတော်အဆင့်ချီးမြှင့်ခဲ့တယ်။ ဒီနေ့လည်း တစ်ဆင့်မြင့် ရာထူးတိုးပေးတယ်ဆိုတော့ ကြိုးစားရကျိုးနပ်တယ်လို့ ပြောရမှာပဲ။ ဒီအတွက် နိုင်ငံတော်ဝန်ကြီးချုပ်ကို အထူးကျေးဇူးတင်ပါတယ်။ နောက်လာမယ့် Sea Game မှာလည်း ဒီနှစ်လိုပဲ ရွှေတံဆိပ်ဆုရရှိအောင် ပြင်းပြင်းထန်ထန်  လေ့ကျင့်သွားမှာဖြစ်ပါတယ်။ အကောင်းဆုံး ကြိုးစားသွားမှာပါ။

အရာခံဗိုလ်ဇင်လင်းထွန်း (ဗိုဗီနမ်)

ရွှေတံဆိပ်ဆုရ

( ၃၁ )ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဗိုဗီနမ် (လေးယောက်တွဲ-(အပြ)) ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲသွားရောက်မယှဉ်ပြိုင်မီမှာ စခန်းသွင်းလေ့ကျင့်မှုတွေ တစ်နှစ်ကျော် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တယ်။ နိုင်ငံခြားနည်းပြတွေနဲ့လည်း လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဆုကို ထိုက်ထိုက်တန်တန်နဲ့ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့သိုင်းအသင်းမှာ ရွေးချယ်ခြင်းခံရပြီး မြန်မာ့လက်ရွေးစင်အနေနဲ့ (၃၁)ကြိမ်မြောက် Sea Game ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် AUG ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာမှာ ဒုတိယငွေတံဆိပ်ဆုရရှိခဲ့ပြီး ယခုဒုတိယအကြိမ်အဖြစ် (၃၁) ကြိမ်မြောက် Sea Game မှာတော့ ပထမ ရွှေတံဆိပ် ဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းတွေကလည်း ကောင်းပါတယ်။ ပြင်းပြင်းထန်ထန်လေ့ကျင့်ထားလို့သာ ဒီဆုကို ရရှိခဲ့တာပါ။ နည်းပြကတော့ ဆရာဦးကျော်မင်းထွန်းဖြစ်ပါတယ်။ သူ့ရဲ့နည်းပြလမ်းညွှန် မှုတွေနဲ့ ကြိုးစားခဲ့တဲ့အတွက် ခုလို အောင်မြင်မှု ရရှိခဲ့တာပါ။ နောက်လာမယ့် (၃၂) ကြိမ်မြောက် Sea Game မှာလည်း အစွမ်းကုန်ကြိုးစားသွားပါမယ်။ ခုလို ရွှေတံဆိပ်ရရှိတဲ့ အပေါ်မှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အသိအမှတ်ပြု တစ်ဆင့်မြင့် ရာထူးတိုးပေးတဲ့ အတွက် လည်း အရမ်းဝမ်းသာပါတယ်။ ကျေးဇူးလည်း အထူးတင်ရှိပါတယ်။

ဗိုလ်ကြီးချစ်စိုးနွယ်(သေနတ်ပစ်)

ငွေတံဆိပ်ဆုရ

ဗိုလ်လောင်းသင်တန်းမှာကတည်းက တပ်မတော်အာဆီယံ သေနတ်ပစ်အဖွဲ့ကနေ လာရောက်ရွေးချယ်ပါတယ်။ ကျွန်မပဏာမ ရွေးချယ်ခံရပြီး အာဆီယံသေနတ်ပစ်အဖွဲ့မှာ နှစ်နှစ်တာကာလ တွဲဖက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ တပ်မတော် အာဆီယံ သေနတ်ပစ်အဖွဲ့ကနေ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အဖွဲ့ကို   ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး   ခုနောက်ပိုင်းမှာတော့ အရပ် ဘက်ကနေ ပထမဆုံးသေနတ်ပစ် အဖွဲ့ကိုခေါ်တဲ့အတွက် (၃၁) ကြိမ်မြောက် Sea Game ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အသိအမှတ်ပြု ဂုဏ်ပြုခြင်းကိုခံရတဲ့အတွက် အရမ်းဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ တပ်မတော်သားတစ်ယောက်အနေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အသိအမှတ်ပြုခံရဖို့ဆိုတာ ကျွန်မတို့ရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ကျွန်မရဲ့ မိဘတွေ၊ နည်းပြဆရာတွေလည်း ဂုဏ်ယူနေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဂုဏ်ယူပီတိဖြစ်ရပါတယ်။ ကျွန်မအနေနဲ့ တပ်မတော်သားတစ်ယောက်ရဲ့ မူလတာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်သွားမယ်။ အားကစားဘက်ကိုလည်း   စွမ်းစွမ်းတမံ တာဝန်ထမ်းသွားမယ်။ နောက်လာမယ့်မျိုးဆက်သစ်တွေလည်း ကိုယ်သိထားတတ်ထားသမျှကိုလည်း ပြိုင်ပွဲဝင်နိုင်တဲ့အထိ ပြန်လည် မျှဝေ သွားမှာဖြစ်ပါတယ်။ 

တပ်သားစိုးမြင့်ထွန်း( Kurash )

ကြေးတံဆိပ်ဆုရ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာ တာဝန်ထမ်းဆောင်ပါတယ်။ တပ်မတော် အားကစားကဏ္ဍအတွင်းကို တာဝန်ပေးချက်အရ ၂၀၁၅-၂၀၁၆ ခုနှစ်လောက်က စတင်တာဝန်ထမ်းဆောင်တာပါ။ အားကစားစတင်   ကစားခဲ့တာကတော့ လက်ဝှေ့အားကစားပါ။ ခု Sea Game မှာကျွန်တော် Kurash အားကစားနည်းကို  ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တတိယကြေးတံဆိပ်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ Kurash အားကစားနည်းကို မြန်မာနိုင်ငံအနေနဲ့ ( ၃၁ ) ကြိမ်မြောက် Sea Game မှာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမဲ့  Kurash အားကစား နည်းက ဂျူဒိုအားကစားနည်းနဲ့ နည်းစနစ်ပိုင်းတွေ တူညီတာများပါတယ်။ ဒါကြောင့် ကျွန်တော်ယခင်က ဂျူဒိုအား ကစားနည်း ကစားတဲ့အတွက် ခု Kurash နည်းကို ခွဲထွက်ပြီး ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ လေ့ကျင့်တဲ့နေရာမှာတော့   ဂျူဒိုနဲ့တော့ ဆင်တယ်။ သို့သော်လည်း ဥပဒေတွေမတူတာကြောင့် အများကြီးလေ့လာလေ့ကျင့်ခဲ့ပါတယ်။ ခုလိုနိုင်ငံတော်က   ဆုကြေးငွေတွေ အများကြီး ချီးမြှင့်တယ်။ ထပ်ဆောင်းဆုတွေချီးမြှင့်တယ်ဆိုတော့ အများကြီးဝမ်းသာပီတိဖြစ်ရပါတယ်။ နောက်  Sea Game ပြိုင်ပွဲတွေမှာလည်း ဒီထက်မကကြိုးစားနိုင်ဖို့အတွက် အားအင်တွေဖြစ်ပါတယ်။ ကျွန်တော်တပ်မတော်အတွင်းကို ဝင်ရောက်တာဝန် ထမ်းဆောင်တာဟာ တပ်မတော်နဲ့ နိုင်ငံတော်ကိုချစ်လို့  ဝင်ရောက်ခဲ့တာပါ။ တပ်မတော်သားတစ်ဦးအနေနဲ့    နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက်   အများကြီးဂုဏ်ယူမိပါတယ်။ ဒီထက်မက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားသွားမှာပါ။

ဒုတိယတပ်ကြပ်ထွန်းထွန်းဝင်း

(ဝူရှူး-နည်းပြ)

ဝူရှူးပြိုင်ပွဲမှာ တပ်မတော်သား အားကစားသမားတွေအနေနဲ့ ရွှေတစ်ခု၊ ကြေးတစ်ခု ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ၁၀ လလောက် ပူးတွဲလေ့ကျင့်မှုတွေလည်းပါတယ်။ နောက်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထောက်ပံ့မှု တွေလည်း အများကြီးပါတယ်လို့ ပြောလို့ရပါတယ်။   ဒီလို ထောက်ပံ့မှုတွေကြောင့်လည်း   ကစားသမားတွေက ပိုမို ကြိုးစားချင်စိတ်တွေဖြစ်ပေါ်ပြီး အောင်မြင်မှုရရှိခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ တပ်မတော်ဘက်ကအဖွဲ့တွေကို လေ့ကျင့် ပေးရပါတယ်။ ဒုတိယအရာခံဗိုလ်သိန်းသန်းဦး ဆိုရင် ၂၀၁၇ ကလည်း ရွှေတံဆိပ်ရခဲ့ပါတယ်။ ၂၀၁၉ မှာ ကြေးတံဆိပ် ရရှိခဲ့တယ်။ ဒီနှစ်မှာ ရွှေတံဆိပ်ပြန်ရခြင်းဖြစ်ပါတယ်။ သူ့အနေနဲ့ တရုတ်နိုင်ငံမှာလေ့ကျင့်စဉ်ကလည်း အကောင်းဆုံး လေ့ကျင့်ခဲ့တဲ့ အတွက် ခုပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တာပါ။ အားကစားလောကတစ်ခုလုံးမှာ တစ်ကြိမ်တစ်ခါမှ ခုလိုမျိုးမရှိခဲ့ပါဘူး ။ ခုလိုဆိုတော့ အများကြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ နောက်လာမယ့် မျိုးဆက်သစ်တွေကိုလည်း ခုလိုမျိုး ဆုတံဆိပ်များစွာရရှိအောင် ကြိုးစား လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

ပြည့်ဖြိုး(မြဝတီ)