(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်

နေပြည်တော်  ဇွန်   ၄

ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ကျင်းပ သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်း ဟာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏(အကြံပေး) အဖွဲ့ဝင် ဒေါက်တာယဉ်ယဉ်နွယ်နှင့် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ အာရှ ပိုက်ကျော်ခြင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း နည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစားသမား မောင်/မယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် ပိုက်ကျော်ခြင်းအားကစားသမား များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းနည်းပြများ၊ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိသည့် ပိုက်ကျော်ခြင်းအားကစားသမားများ၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်  ကြေးတံဆိပ်ဆုရရှိသည့်   ပိုက်ကျော်ခြင်း အားကစားသမားများနှင့် ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်း အားကစားသမားများကိုလည်းကောင်း ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစား သမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ မြန်မာပိုက်ကျော်ခြင်း အမျိုးသားအားကစားသမား ၁၀ ဦး၊  အမျိုးသမီး အားကစားသမား ကိုးဦး၊ အုပ်ချုပ် သူ၊ နည်းပြငါးဦး စုစုပေါင်း ၂၄ ဦး သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုနှင့် အမျိုးသား လေးယောက် တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု   စုစုပေါင်းဆုတံဆိပ် လေးခုရရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)