ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများ ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်  ဇွန်  ၄

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ပညာသင်ကြားနေကြသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက် ဌာန၊ အဖွဲ့အစည်းအသီးသီးရှိ  ဝန်ထမ်းများ၏  သားသမီး ကျောင်းသား၊ ကျောင်းသူများအတွက်   ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၂)၌ ယနေ့တွင် ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အတူ  ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနအဖွဲ့အစည်းအသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌   ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ်  တည်ဆောက်ရာတွင် ပညာရည်မြင့်မားရေးသည် အဓိကအရေးကြီးဆုံးဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်  ပညာရည်မြင့်မားရေးဟူသော ဦးတည်ချက်ဖြင့် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်လာစေရန် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေးအဆင့်အတန်း မြင့်မားလာစေရေးကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးမှ အလေးထား ကြိုးစားဆောင်ရွက်နေသည့်အတွက် မိမိတို့ရင်သွေးငယ်များအား ပညာ ထူးချွန်ပြီး နှလုံးရည်ပြည့်ဝသည့် လူတော်လူကောင်းများဖြစ်လာစေရန် ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယခုပညာ သင်နှစ် အခြေခံပညာကျောင်းများတွင်  ပညာသင်ကြားနေသော ဝန်ထမ်းများ၏ မိသားစုဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၄၄၃၀ ဦးတို့အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း အောင်စာရင်းထုတ်ပြန်ပြီးပါက ဝန်ထမ်းများ၏ ထူးချွန်စွာအောင်မြင်သည့် သားသမီးများကို ပညာ ရည်ချွန်ဆုချီးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးဌာနရှိ ဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ သားသမီးများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို  ပြည်ထောင်စု ဝန်ကြီးကပေးအပ်သည်။ ၎င်းင်းနောက် ပြည်ထောင်စုဝန်ကြီး၏ဇနီးကလည်းကောင်း၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် ကျောင်းသားမိဘများကိုယ်စား ကျောင်းသား မိဘတစ်ဦးက ကျောင်းဝတ်စုံနှင့်  စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအတွက်   ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ယနေ့အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းမိသားစုများ၏ ရင်သွေးငယ် အခြေခံပညာ မူလတန်း၊  အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၄၄၃၀ ဦးတို့အတွက်  ကျောင်းစိမ်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                       

   (၅၀၀)