အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

လွိုင်ကော်၊ လူမှုရေး

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန် ၃ ရက်နံနက်ပိုင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) စုပေါင်းခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ရန်ပုံငွေသို့ အလှူငွေထောက်ပံ့လှူဒါန်းရာ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာကလည်းကောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့   ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော   ပြေးခုန်ပစ် (တာလတ်) အားကစားသမား မလွှီးဇာအား ဂုဏ်ပြုငွေပေးအပ်ရာ ၎င်း၏ကိုယ်စား နည်းပြတစ်ဦးကလည်းကောင်း လက်ခံရ ယူကြသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့မှ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ကျောင်းသို့ထောက်ပံ့လှူဒါန်းသော ဆန်၊ စားသုံးဆီများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို တာဝန်ရှိသူအသီးသီးမှ ပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာ က လက်ခံရယူသည်။

အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)၌ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ် သင်တန်း တွင်  ပထမအကြိမ် သင်တန်းသား ၂၆ ဦး၊ သင်တန်းသူကိုးဦး စုစုပေါင်း ၃၅ ဦးကို  ရွေးချယ်ထားပြီး ပြေးခုန်ပစ်၊ ဘောလုံး၊ ဂျူဒို၊ တိုက်ကွမ်ဒိုစသည့် အားကစားနည်းငါးနည်းကို သင်ကြားပေးသွားမည်ဖြစ်ကာ တက်ရောက်လိုသည့် သင်တန်းသား၊ သင်တန်းသူ များကိုလည်း ထပ်မံရွေးချယ်လျက်ရှိပြီး လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၄၀၅)