ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန်   ၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားပေးစက်များ မောင်းနှင်နေမှု အခြေအနေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေနှင့် ပေါင်းလောင်းရေလှောင်တမံတို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံသို့ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော် နှင့် အမှတ်(၅) တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးကိုကိုနိုင်တို့က ပေါင်းလောင်းတမံအား ထိန်းသိမ်း စောင့်ရှောက်နေမှု အခြေ အနေအားလည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းခိုင်က ပေါင်းလောင်း ရေလှောင်တမံနှင့် ရေအားလျှပ်စစ် စက်ရုံလျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေတို့အား လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးဟိန်းထက်နှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

အဆိုပါ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အားပြည့်မီအောင် ထုတ်လုပ် ပေးနိုင်ရန်အတွက် ရေလှောင်တမံအတွင်းသို့ စီးဝင်လာသည့်ရေကိုစနစ်တကျစီမံ၍ ဓာတ်အားထုတ်လုပ်နိုင်ရန်နှင့် ရေဂိတ် တံခါးပါ  ရေပိုလွှဲပြင်ဆင်တည်ဆောက်မည့် အခြေအနေတို့နှင့်ပတ်သက်၍ မှာကြားခဲ့ပြီး တမံ၏ကြံ့ခိုင်မှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေဂိတ်တံခါးပါ ရေပိုလွှဲပြင်ဆင်တည်ဆောက်မည့်    အခြေ အနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အား ပေး စက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေများ၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့်  နိုင်ငံတော်   ဓာတ်အား စနစ်သို့ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့အား  ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ဦးဟိန်းထက်က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။ တင်ပြမှုများအပေါ်   ပြည်ထောင်စု ဝန်ကြီးက ပြန်လည်မှာကြားရာတွင် ဓာတ်အားပေးစက်များအား ကြံ့ခိုင်မှုရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်ရုံ သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တိုးတက်ဖြန့်ဖြူး ပေးနိုင်ရန် နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ်ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာ  ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအား လျှပ်စစ် စက်ရုံများ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံးစက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေး  စက်ရုံစီမံကိန်းများကို Generation Mix တွင်အရင်းအမြစ်မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအား ဂုဏ်ပြု ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိဓာတ်အား ထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများ အတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူး ပေးနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သတင်းရရှိသည်။

 (၅၀၀)