အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်ခန်းပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်ရှစ်စင်းပစ်လွှတ်

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်ခန်းအပြီး နောက်တစ်ရက် ဇွန် ၅ ရက်တွင် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်ရှစ်စင်းကို အရှေ့ဘက်ကမ်းရိုးတန်း အလွန်ပင်လယ်အတွင်းသို့ ပစ်လွှတ်လိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယားစစ်ဘက်က ပြုံယမ်းမြို့ရှိ ဆူနန်အရပ်မှနေ၍ အဆိုပါ ဒုံးကျည်ရှစ်စင်းကို ပစ်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ ထိုဒုံးကျည်များသည်   အမြင့် ၂၅ ကီလိုမီတာမှ ကီလိုမီတာ ၉၀ ကြားမှနေ၍ အကွာအဝေး ကီလိုမီတာ ၁၁၀ မှ ၆၀၀ အတွင်း ပျံသန်းသွားကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံက   ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဒုံးကျည်အမျိုးအစားအများအပြားကို စမ်းသပ်ပစ်ခတ်မှု များလုပ်ဆောင်ခဲ့ရာ   ၎င်းနိုင်ငံအတွက် အကြီးဆုံးသော တိုက်ချင်းပစ်ပဲ့ထိန်းဒုံး ကျည်တစ်စင်းလည်း အပါအဝင်ဖြစ်သည်။

ယခုပစ်ခတ်မှုမတိုင်မီ     နောက်ဆုံးဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို မေ ၂၅ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ထိုစဉ်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မြောက်ကိုရီးယားနိုင်ငံအပေါ်  ဟန့်တားမှုများ ပိုမိုလုပ်ဆောင်နိုင်ရေး ဆောင်ရွက်ရန်  အာရှခရီးစဉ်အတွင်း သဘောတူပြီးနောက် ဒုံးကျည်သုံးစင်းကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က ဂျပန်နိုင်ငံပိုင် အိုကီနာဝါကျွန်းအလွန် နိုင်ငံတကာရေပိုင်နက်အတွင်း    သုံးရက်ကြာရေတပ် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ လေကြောင်းရန်ကာကွယ်ရေး၊ သင်္ဘောဖျက်စစ်ဆင်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး၊ ရေလမ်းကြောင်းတားမြစ်ပိတ်ဆို့ရေး လေ့ကျင့်ခန်းများ ပါဝင်သည်။

ထို့ပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်နိုင်ငံမှ လေယာဉ်တင်သင်္ဘောတစ်စင်းလည်းပါဝင်ပြီး ထိုသို့ပါဝင်မှုသည် လေးနှစ်ကျော်အတွင်း ပထမဆုံးဖြစ်ကြောင်း သိရသည်။                   

Ref:TST