ရုရှားက တရုတ်သို့ သဘာဝဓာတ်ငွေ့တိုးမြှင့်တင်ပို့ပေးနေ

ရုရှားနိုင်ငံရှိ ဂက်ဇပရွမ်စွမ်းအင်ကုမ္ပဏီက  ဆိုက်ဘေးရီးယားပိုက်လိုင်း မှတစ်ဆင့် တရုတ်နိုင်ငံသို့  သဘာဝဓာတ်ငွေ့ တိုးမြှင့်တင်ပို့ပေးနေကြောင်း သိရသည်။

အဆိုပါ တင်ပို့မှုများသည်   ဂက်ဇပရွမ်ကုမ္ပဏီနှင့် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းတို့ကြား နှစ်ရှည်သဘောတူစာချုပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း   ရုရှားစွမ်းအင်ကုမ္ပဏီက ပြောသည်။

ဆိုက်ဘေးရီးယား ပိုက်လိုင်းသည် အရှည်အားဖြင့် ၁၈၆၄ မိုင်ရှိပြီး ၂၀၁၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ပေးနေခြင်းဖြစ်သည်။

ထိုပိုက်လိုင်းမှ နှစ်စဉ်သဘာဝဓာတ်ငွေ့တင်ပို့နိုင်သည့်ပမာဏမှာ ကုဗမီတာ ၆၁ ဘီလီယံရှိကာ ၂၀၂၀ ပြည့်နှစ်တွင် ယင်းပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ပမာဏ ကုဗမီတာ ၄ ဒသမ ၁ ဘီလီယံကို တင်ပို့ထားနိုင်သည်။

ယခု ဂက်ဇပရွမ်နှင့် တရုတ်နိုင်ငံတို့ကြား ချုပ်ဆိုထားသည့် နှစ် ၃၀ စာချုပ်ကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခြင်း ဖြစ်ကာ တန်ဖိုးငွေအားဖြင့်  အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ ရှိသောကြောင့် ဂက်ဇပရွမ်ကုမ္ပဏီအတွက်     တန်ဖိုးအကြီးဆုံး သဘောတူစာချုပ်ဖြစ်သည်။

ဂက်ဇပရွမ် ကုမ္ပဏီသည် တရုတ်နိုင်ငံအား သဘာဝဓာတ်ငွေ့အများဆုံး ထောက်ပံ့ပေးနိုင်သည့် နိုင်ငံဖြစ်လာစေရေး ရည်မှန်းထားပြီး ၂၀၃၅ ခုနှစ်အရောက်တွင် တရုတ်နိုင်ငံက တင်သွင်းသော  သဘာဝဓာတ်ငွေ့ပမာဏ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို ရရှိနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Ref: RT