အမေရိကန်အနေဖြင့် ယူကရိန်းသို့ တာဝေးပစ်ဒုံးများထောက်ပံ့ပါက ထိုပစ်မှတ်များကို တိုက်ခိုက်မည်ဟု ပူတင်သတိပေး

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးပါက    ထိုပစ်မှတ် အသစ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က သတိပေးလိုက်သည်ဟု  Tass သတင်းဌာနက ဇွန် ၅ ရက်တွင် ဖော်ပြထားသည်။

အကယ်၍   ယူကရိန်းနိုင်ငံသို့ဒုံးကျည်များ ရောက်ရှိလာလျှင်    ယခင်က ရုရှားစစ်ဘက်အနေဖြင့်   မပစ်ခတ် ခဲ့ဖူးသော ထိုပစ်မှတ်အသစ်များကို  တိုက်ခိုက်သွားမည်ဟု ပူတင်ကပြောခြင်း ဖြစ်သည်။

ယူကရိန်းအစိုးရက    ရုရှားတပ်ဖွဲ့၏နောက်ပိုင်းရှိ  စစ်သည်များနှင့် လက်နက်များကို တိုက်ခိုက်နိုင်ရေးအတွက် M270 နှင့် M142 Himars တို့ကဲ့သို့ အတွဲလိုက် ဒုံးပစ်လောင်ချာစနစ်များကို  အနောက်အုပ်စုထံမှ တောင်းခံထားသည်။

ထို့နောက် ယူကရိန်းအနေဖြင့် ယင်းသို့သော လက်နက်များကို အသုံးပြုကာ ရုရှားနယ်မြေပိုင်နက်အတွင်းရှိ   ပစ်မှတ်များကို ပစ်ခတ်မှုပြုလုပ်မည်မဟုတ်ဟု အာမခံချက်ပေးသည့်အတွက် ယူကရိန်းသို့ Himars အမျိုးအစား    တိကျအတွဲလိုက် ဒုံးပစ်လောင်ချာများကို ထောက်ပံ့ပေးသွားမည်ဟု ယခုသီတင်းပတ်တွင်   ထုတ်ပြန်ကြေညာသည်။

ယူကရိန်းသို့ အဆင့်မြင့်ဒုံးပစ်စနစ်များထောက်ပံ့ပေးမည်ဟူသော အမေရိကန်၏ ထိုဆုံးဖြတ်ချက်သည်  လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို ပိုဆိုးစေမည်ဟု   ရုရှားတာဝန်ရှိသူများက    သတိပေးထားစဉ် ယင်းသို့ထောက်ပံ့မှုမျိုးသည် စစ်မြေပြင်တွင် အခြေခံကျသော  ပြောင်းလဲမှုစိုးစဉ်းကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ကြောင်း  ပူတင်က ပြောထားသည်။

ထို့ပြင် ရုရှားလေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ယူကရိန်းစစ်လက်နက်ပစ္စည်း အများအပြားကို  ပစ်ချနိုင်ခဲ့ကြောင်း ပူတင်ကပြောသည်ဟု သိရသည်။

Ref: TST