ပလောင်၊ ကိုးကန့်နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့ရုပ်မြင်သံကြားသို့ လာရောက် ကြည့်ရှုလေ့လာ

နေပြည်တော်  ဇွန်   ၅

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ တားသိန်းဇော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေ နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးညီနပ်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့ကို လာရောက်ကြည့်ရှုလေ့လာကြပြီး တိုင်းရင်းသားရုပ်သံတွင် တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာ တိုင်းရင်းသူ၊ တိုင်းရင်းသားများအား ထောက်ပံ့ပေးအပ်ကာ အားပေးစကားပြောကြားကြသည်။

ရှေးဦးစွာ ပလောင်၊ ကိုးကန့်နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ဌာန၏ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုင်းရင်းသား ရုပ်သံ ထုတ်လွှင့်မှုဆိုင်ရာများကို ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဥက္ကဋ္ဌများသည် ပင်မအဆောက် အအုံအတွင်းရှိ သတင်းများစုဆောင်းဖြန့်ဝေမှု၊ သတင်းထုတ်လွှင့်ရေး စီမံဆောင်ရွက်မှု၊ သတင်းရိုက်ကူး ထုတ်လွှင့်မှုများကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတု ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များ တွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စုစုပေါင်းပြခန်း ၄၀ ဖြင့် ခင်းကျင်း ပြသထား မှုများကို လည်းကောင်း ကြည့်ရှုလေ့လာကြပြီး သိရှိလိုမှုများအပေါ် သက်ဆိုင်ရာအလိုက် တာဝန်ရှိသူများက ရှင်းလင်း ဖြေကြား ကြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က ဒေသဥက္ကဋ္ဌများအား MRTV – DTH စလောင်း၊ စက်ပစ္စည်းများနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်သကဲ့သို့ ဒေသဥက္ကဋ္ဌများကလည်း တိုင်းရင်းသားရုပ်သံလိုင်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာ တိုင်းရင်းသား၊ တိုင်းရင်းသူများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် တိုင်းရင်းသားရုပ်သံလိုင်း MRTV – NRC ဖြင့် ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်းနှင့်  “ဝ” ဘာသာစကား (၁၁) မျိုးဖြင့်လည်းကောင်း၊ ရေဒီယို အသံထုတ်လွှင့်မှု ဖြင့်လည်း ကချင်၊ ကယား၊ ကယန်း၊ ဂေခို၊ ဂေဘား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနု၊ “ဝ” ဘာသာစကား (၁၇) မျိုးဖြင့်လည်းကောင်း နေ့စဉ်အစီအစဉ်များရေးဆွဲပြီး  ထုတ်လွှင့်ပေး လျက်ရှိကြောင်းသိရသည်။

 (သတင်းစဉ်)