ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း အဆောက်အဦ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်း၏ အိမ်ရာစီမံကိန်း လုပ်ငန်းများ ပျမ်းမျှ ၅၅ ရာခိုင်နှုန်း ပြီးစီး

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း အဆောက်အဦ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်း၏ အိမ်ရာစီမံကိန်း လုပ်ငန်းများ ပျမ်းမျှ ၅၅ ရာခိုင်နှုန်း ပြီးစီး

နေပြည်တော်   ဇွန်   ၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၇) လမ်းမကြီးနှင့်   အမှတ်(၂)လမ်းမကြီးအကြားရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊   မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်၊     မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်မှုကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ   ပထမအဆင့် အနေဖြင့် အိမ်ခန်းပေါင်း ၅၀၀၈  ခန်းကို အကောင်အထည်ဖော်   ဆောင်ရွက်လျက် ရှိကြောင်း။

ယခု ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန   မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  မြန်မာနိုင်ငံ  ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်တို့မှ အဆောက်အဦ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု တို့ကို မိမိ လာရောက်ကြည့်ရှု စစ်ဆေးခြင်းဖြစ်ကြောင်း၊   အသင်းချုပ်များ၏ လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရမည့် အခက်အခဲများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

အသင်းချုပ်များအနေဖြင့် အိမ်ရာစီမံကိန်း လုပ်ငန်းများ သတ်မှတ်ချိန် အမီပြီးစီးရေး အတွက် စာချုပ်ပါစည်းကမ်းများ၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေများ   လေလွင့်မှုမရှိစေရန်နှင့် လုပ်ငန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် ဆက်လက်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း။

အိမ်ရာစီမံကိန်းအတွင်း   နေထိုင်မည့်သူများ အဆင်ပြေစေရေးအတွက် ရေ/မီး ရရှိရေး၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးပေးနိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီး ဌာနတို့နှင့် ပူးပေါင်းပြီး သစ်ပင်များ စိုက်ပျိုးပေးရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ရာတည်ဆောက်ရေး စီမံကိန်းအတွင်း   တည်ဆောက်ပြီးအိမ်ရာများနှင့် တည်ဆောက်ဆဲ အိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ရန်ကုန်တိုင်းဒေသကြီး   ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင်   ပြည်သ့ူအငှားအိမ်ရာ စီမံကိန်းအဆောက်အဦ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်က အဆောက်အဦ ၉၇ လုံးတွင် ၅၉ ရာခိုင်နှုန်းပြီးစီး၍ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်က အဆောက်အဦ ၉၇ လုံးဆောင်ရွက်ရာ ၅၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး၍   စုစုပေါင်းအိမ်ရာ စီမံကိန်းလုပ်ငန်းများ ပျမ်းမျှ ၅၅ ရာခိုင်နှုန်း ပြီးစီးလျက် ရှိကြောင်း သိရသည်။