မြိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံ၊ ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေး

 

မြိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ဝန်ထမ်းများအား တွေ့ဆုံ၊ ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည်  တနင်္သာရီ တိုင်းဒေသကြီး  သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက မြိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးသို့  သွားရောက်၍  ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းဗိုလ်က  တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် လျှပ်စစ်ဓာတ်အား လုပ်ငန်းများနှင့် စပ်လျဉ်း၍  တင်ပြရာ ဒုတိယဝန်ကြီးက လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများအား လျှပ်စစ်မီးသွယ်တန်းနိုင်ရေး ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို  ဖြည့်ဆည်းပေးရန်၊    ဒေသအတွင်းရှိ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များကို အကျိုးရှိရှိ       ထုတ်ယူသုံးစွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ  လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်း၊ Solar PV Hybrid Mini-grid  များ တပ်ဆင်သုံးစွဲခြင်းများဖြင့်  လက်ရှိဒီဇယ် ဓာတ်အားပေးစက်ရုံများ၏ ဒီဇယ်ဆီသုံးစွဲမှုကို လျှော့ချနိုင်သည့်အတွက်  နိုင်ငံတော်မှ နိုင်ငံခြားငွေသုံးစွဲရမှုကို  လျှော့ချပေးနိုင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်စရိတ် ကြီးမြင့်မှုနှင့်  ဒီဇယ်ဆီသုံးစွဲမှု များပြားခြင်း စသည့် ဘေးထွက်ဆိုးကျိုးများကိုပါ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ အသေးစားရေအား လျှပ်စစ် အရင်းအမြစ်ရှိသည့် နေရာများတွင် Microသို့မဟုတ်  Mini  Hydropower  Minigridများကို   အကောင်အထည်ဖော် ဆောင်ရွက်ပြီး  လက်ရှိမြန်မာ့ဓာတ်အား စနစ်နှင့် ထပ်မံချိတ်ဆက်ကာ Regional grid အဖြစ် ချိတ်ဆက် ဆောင်ရွက်ရမည် ဖြစ်ကြောင်းမှာကြားပြီး  ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့တွင်  ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသော Petro & Trans ကုမ္ပဏီ၏ ဓာတ်အားပေး စက်ရုံများဖြစ်သော စက်တပ်ဆင်အင်အား 500 KVA ငါးလုံးတပ်ဆင်ထားသော စုစုပေါင်း တပ်ဆင်အင်အား2500 KVA ရှိ ကန်ဖျားဒီဇယ်သုံး ဓာတ်အားပေးစက်ရုံနှင့် စက်တပ်ဆင်အင်အား 1250 KVA နှစ်လုံး၊ 1000 KVA တစ်လုံး၊ 500 KVA  ၁၆ လုံး၊  560 KVA ၁၁ လုံး   စုစုပေါင်း တပ်ဆင်အင်အား 17660  KVA  ရှိ  ကုန်းဖောက်ဒီဇယ်သုံး ဓာတ်အားပေးစက်ရုံ တို့သို့  သွားရောက်ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။